မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား တက်ရောက်







မကွေး  ၊  မေ  ၂၈

မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၆ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် ယခုပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး ဘောလုံးအားကစားအောင်မြင်ဖွံ့ဖြိုးတိုးတက်ရန်၊ မျိုးဆက်သစ် ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုဖြစ်သည့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အဓိကကျသော မျိုးဆက်သစ်ဘောလုံးအားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေး၊ တိုင်းဒေသကြီးအတွင်း အဆင့်အတန်းမြင့်မားပြီး ပြိုင်ဆိုင်မှု ပြင်းထန်သော ပြိုင်ပွဲများ အဆက်မပြတ် ကျင်းပပေးခြင်းဖြင့် ပြိုင်ပွဲမှတစ်ဆင့် အတွေ့အကြုံကောင်းများ ရရှိပြီး အဆင့်မီသော ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဘောလုံးအားကစားနည်းသည် နေရာဒေသမရွေး လူမျိုးမရွေး လူအများ စုပေါင်းဖွဲ့စည်း၍ လွယ်ကူစွာ ကစားနိုင်သည့်ကစားနည်းဖြစ်သလို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းကစားရသည့် အားကစားနည်းမျိုး မဟုတ်ဘဲ အသင်းလိုက်စုစည်းပြီး တစ်ဦးနှင့် တစ်ဦး အချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားရသော အားကစားနည်း ဖြစ်ပါကြောင်း ပြောကြားကာ၊ ၂၀၂၄ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အားကစားသမားများက သစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ဒုတိယနေ့ ပွဲစဉ်အဖြစ် ပြည်မြို့မ FC အသင်းနှင့် ကျန်းမာရေး FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ ပြည်မြို့မ FC အသင်းက ခုနစ်ဂိုး သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။

အဆိုပါပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်း စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသော မျိုးဆက်သစ်လူငယ်ဘောလုံးအားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် ရေနံမြေ သခင်ဖိုးလှကြီးဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးများမှ စုစုပေါင်း ဘောလုံးအသင်း(၂၄)သင်းက မေလ ၂၅ ရက်နေမှ ဇွန်လ  ၁၅ ရက်နေ့အထိ ရှုံးထွက်ကစား၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲ အခမ်းအနားကို ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသော ချန်ပီယံအသင်းအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၁၀၀)နှင့် ဒုတိယဆု ရရှိသောအသင်းအား ငွေကျပ် (၇၅)သိန်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲကျင်းပစဉ်ကာလ ပြိုင်ပွဲဝင်အသင်းများအားလုံးကို ထောက်ပံ့မှုအဖြစ် မကွေးတိုင်းဒေသကြီးပြင်ပမှ လာရောက်ယှဉ်ပြိုင်ကြမည့် အဝေးသင်းများကို မိမိအသင်း ပွဲစဉ် နေ့တိုင်း ငွေကျပ် (၇) သိန်းနှုန်း၊ တိုင်းဒေသကြီးအတွင်းမှ လာရောက်ယှဉ်ပြိုင်ကြမည့် အနီးသင်းများကို မိမိအသင်း ပွဲစဉ်ကန်မည့်နေ့တိုင်း ငွေကျပ် (၃)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)