သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပ


နေပြည်တော်၊ မေ ၇

စက်မှုဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စက်ရုံမှူးများ၊ စက်ရုံတာဝန်ခံများ၊ တိုင်းဒေသကြီး/ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဌာနမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်သည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် အနာဂတ်တွင် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သော စက်ရုံ အလုပ်ရုံများ၊ စီမံကိန်းများ၊ ပုဂ္ဂလိကမှ ဆောင်ရွက်နိုင်ခြင်းမရှိသည့် စက်ရုံများ၊ နည်းပညာအလွန်မြင့်မားသည့် စက်ရုံများကိုသာ တာဝန်ယူ၍ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးကြပ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနရှိ စက်ရုံ အလုပ်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများသည် ပြည်သူများ လိုအပ်သော အခြေခံထုတ်ကုန် ပစ္စည်းများဖြစ်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွား ရန်နှင့် ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများဖြစ်သဖြင့် လုပ်ငန်းတာဝန်များကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးက စက်မှုဝန်ကြီးဌာန၏ (၃) နှစ်တာကာလအတွင်း ဆောင်ရွက်ချက် များအပေါ် သုံးသပ်ဆွေးနွေးပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများက (၃) နှစ်တာကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း ဆွေးနွေးတင်ပြ၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။


မွန်းလွဲပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းတို့အကြား အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) အတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု သဘောတူစာချုပ်လက်မှတ် ရေးထိုးပွဲအခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် ထုတ်ကုန် ပစ္စည်းများအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း၊ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) မှ ထုတ်လုပ်သော ပိတ်ဖြူ၊ ပိတ်ညို များကို အဖြူချွတ်ပြီး ဂျပန်နိုင်ငံ ဆူရာတိုမိုကုမ္ပဏီလီမိတက်နှင့် အကျိုးတူပူးပေါင်း၍ ဆေးဆိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ လိုအပ်သော အထည်များ ချုပ်လုပ်နိုင်ရန်အတွက် ပိတ်များရက်လုပ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံအနေဖြင့် ရရှိလာသည့် အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဓာတ်ငွေ့ရရှိပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မည့်အပြင် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများသည်လည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စွမ်းအင် ဝန်ကြီးဌာနမှ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့များကို အကျိုးရှိ ထိရောက်စွာ အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့များကို ရေနံချောင်းမြို့ရှိ ခွဲလွှတ်ရုံ (Off-take) မှ ပေးပို့နိုင်ရေးအတွက် သီးသန့်ပိုက်လိုင်းတစ်ခု တည်ဆောက်ပေးခဲ့ကြောင်း၊ သဘာဝဓာတ်ငွေ့၊ ရေနံများကို ကန့်သတ်ချက်များဖြင့် ထုတ်ယူနေရသည့်အတွက် ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ များကို အကျိုးရှိထိရောက်စွာ သုံးစွဲစေလိုကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) သို  သဘာဝဓာတ်ငွေ့များကို ၁၉၈၇ ခုနှစ်မှစတင်၍ ပြည်ရေနံမြေ၊ အဖျောက်ရေနံမြေတို့မှ ပို့လွှတ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စက်မှုဝန်ကြီးဌာနရှိ စက်ရုံ ၁၂ ရုံ သို့ တစ်နှစ်လျှင် ၃၀ ကုဗပေသန်း ပို့လွှတ်ပေးလျက်ရှိကြောင်း၊ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) အနေဖြင့် စာချုပ်ချုပ်ဆိုထားသည့် ပမာဏအတိုင်း သုံးစွဲစေလိုကြောင်း၊ စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များရှိပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။


ထို့နောက် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက သဘာဝ ဓာတ်ငွေ့ဝယ်ယူရရှိမှုအခြေအနေ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူးက သဘာဝဓာတ်ငွေ့ ရောင်းချမှု၊ ပို့လွှတ်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး သဘာဝ ဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလဲလှယ်၍ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)