မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ရှမ်းပြည်နယ် ကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ်အချုပ်ထောင်၊ မိုင်းဆတ်အကျဉ်းထောင်၊ ကျိုင်းတုံဘိုးဘွား ရိပ်သာ၊ တာချီလိတ်ဘိုးဘွားရိပ်သာနှင့် ကျိုင်းတုံမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ရှမ်းပြည်နယ် ကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ်အချုပ်ထောင်၊ မိုင်းဆတ်အကျဉ်းထောင်၊ ကျိုင်းတုံဘိုးဘွား ရိပ်သာ၊ တာချီလိတ်ဘိုးဘွားရိပ်သာနှင့် ကျိုင်းတုံမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၉

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဘိုးဘွားရိပ်သာကို မေ ၁၄ ရက်တွင် လည်းကောင်း၊ ကျိုင်းတုံမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းနှင့် ကျိုင်းတုံအကျဉ်းထောင်ကို မေ ၁၅ ရက်တွင်လည်းကောင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်အချုပ်ထောင်ကို မေ ၁၆ ရက်တွင် လည်းကောင်း၊ မိုင်းဆတ်မြို့ရှိ မိုင်းဆတ်အကျဉ်းထောင်ကို မေ ၁၇ ရက်တွင် လည်းကောင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်ဘိုးဘွားရိပ်သာကို မေ ၁၈ ရက်တွင်လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ယင်းအဖွဲ့သည် ကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ်အချုပ်ထောင်နှင့် မိုင်းဆတ်အကျဉ်း ထောင်တို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အိပ်ဆောင် များတွင်တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးမှု၊ စာရိတ္တပြုပြင်ပြောင်းလဲပေးမှု၊ စာကြည့်တိုက်သုံးစွဲမှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင် စွာရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှုရှိ မရှိ အခြေအနေနှင့် အိပ်ဆောင်များအတွင်း သန့်ရှင်းမှုရှိ မရှိအခြေအနေစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကိုလည်း သီးခြားတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့သည်။

ယင်းနောက် ကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ်အချုပ်ထောင်နှင့် မိုင်းဆတ်အကျဉ်းထောင်တို့၌ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့် တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ ကန်များ၊ အတွင်း/ အပြင် မိလ္လာများ သန့်ရှင်းမှုရှိ မရှိစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ လေ့လာဖတ်ရှု နိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်များကို ကော်မရှင်က လှူဒါန်းသည်။

ထို့နောက် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဘိုးဘွားရိပ်သာနှင့် တာချီလိတ် မြို့ရှိ တာချီလိတ်ဘိုးဘွားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးစဉ် ရိပ်သာများတွင် လက်ခံစောင့်ရှောက် ပေးလျက်ရှိသော အဘိုး၊ အဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုနှင့် ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ကျိုင်းတုံမြို့ရှိ ရဲစခန်းအချုပ်ခန်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေ အနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ အချုပ်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရ သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)