ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ် စတင်မိတ်ဆက်ခြင်းနှင့် နိုင်ငံအဆင့် အာဆီယံသင်ကြားရေးဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ် စတင်မိတ်ဆက်ခြင်းနှင့် နိုင်ငံအဆင့် အာဆီယံသင်ကြားရေးဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော်၊ မေ ၂၈

ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှု အစီအစဉ် စတင်မိတ်ဆက်ခြင်း၊ နိုင်ငံအဆင့် အာဆီယံသင်ကြားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ နှင့် ဆရာ ဆရာမများ၊ မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ASEAN Master Trainer နှင့် Assessor များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချနေသော ပုဂ္ဂလိက သင်တန်းကျောင်းနှင့် စစ်ဆေးအကဲဖြတ်ဌာန (Assessment Center) များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ ပုဂ္ဂလိကသင်တန်းကျောင်းများ အနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ်ဌာနများက ထုတ်ပြန်ထားရှိသော ပညာရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး သင်ရိုးညွှန်းတမ်းများ တစ်သမတ်တည်းဖြင့် စံချိန်စံနှုန်းမီ စေရန် လုပ်ဆောင်သွားကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ယခုအသိအမှတ်ပြုမှု အစီအစဉ်ကို အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း၊ အသိအမှတ်ပြုမှုအစီအစဉ် အောင်မြင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက- အသင်းအဖွဲ့များ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် သင်ရိုးညွှန်းတမ်းများကို အာဆီယံအဆင့် မီအောင် ပြင်ဆင်ဆောင်ရွက်ပြီး နည်းပြ များအနေနှင့်လည်း နိုင်ငံအဆင့် အာဆီယံ သင်ကြားရေး ဆရာဖြစ်သင်တန်းများ တက်ရောက်ပြီး ဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်များ လျှောက်ထားရယူကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ဝန်ကြီးဌာန အသိအမှတ်ပြုသင်တန်းကျောင်းများ ဖြစ်ထွန်းလာစေရန်နှင့် အရည်အသွေး ပြည့်ဝသော ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ - ၃ ဦးကျော်မင်းထင်က ကျေးဇူးတင် စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန (CTD) ၌ ကျင်းပပြုလုပ်သော မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “The Establishment of Bakery & Pastry Training” စီမံကိန်း၏ မုန့်ဖုတ်နည်း (အခြေခံ) သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းပွဲနှင့် မုန့်ဖုတ်နည်းဆရာဖြစ်သင်တန်းအမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေနှင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့် အကျိုးရလဒ်များ၊ နိုင်ငံတကာ မုန့်ဖုတ်နည်း အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖြန့်ဝေပေး နိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်မှုအခြေအနေ၊ သင်တန်းတက်ရောက် အောင်မြင်ပြီးသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိမှုအခြေအနေနှင့် ဝန်ကြီးဌာနမှ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများကို ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများထံ သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ပြီး ထူးချွန်စွာ အောင်မြင်သော သင်တန်းသားကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ရာ သင်တန်း သားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းပို့ချနေမှုနှင့် လက်တွေ့မုန့်ဖုတ်နေမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)