အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည် ဖော်ရာတွင် အဟန့်အတား ပြုနိုင်သည့် ရောဂါဆိုးတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည် ဖော်ရာတွင် အဟန့်အတား ပြုနိုင်သည့် ရောဂါဆိုးတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြောကြား






နေပြည်တော်၊ မေ ၁၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ၁၆-၅-၂၀၂၄ ရက်နေ့က နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည် ဖော်ရာတွင် အဟန့်အတား ပြုနိုင်သည့် ရောဂါဆိုးတစ်ခုဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်း/ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ ကြပါသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို ကျင်းပခြင်းအားဖြင့် ဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းအားလုံးအနေဖြင့် အဂတိလိုက်စားမှုဖြစ်စေနိုင်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်အနေနှင့် နစ်နာဆုံးရှုံးမှုများ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ် လာနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည် ဖော်ရာတွင် အဟန့်အတား ပြုနိုင်သည့် ရောဂါဆိုးတစ်ခုလို့ ဆိုရမှာဖြစ်ပြီး “ကိုယ်ကျင့်တရားပျက်ယွင်းခြင်း”၊ နောက်တစ်နည်း အားဖြင့် အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာပြီး နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြစ်ပွားနိုင်ပြီး ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှု ရှိပြီး တာဝန်ယူ/တာဝန်ခံမှု၊ ပွင့်လင်းမြင်သာစွာဖြင့် ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်နိုင်မှသာ နိုင်ငံတော်အနေဖြင့်လည်း ဘက်ပေါင်းစုံမှ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ “ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်” ဆိုသည့် စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်ကာမှ စုံစမ်းစစ်ဆေးအရေးယူခြင်း ထက်မဖြစ်မီကတည်းက ကြိုတင်တားဆီး ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများ ကျင်းပ ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အသိအမြင်များ ပိုမိုတိုးပွားလာပြီး မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေ ပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနအတွင်း အဂတိလိုက်စားမှုများ လျော့နည်း ပပျောက်ရေး အတွက် မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်ချက်များ၊ စီမံချက်များနှင့်အညီ ဆက်လက် အကောင်အထည်ဖော် စီမံဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုကို လာဘ်ပေးလာဘ်ယူ အဖြစ်သာသိကြပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိပ်လည်ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ္ဍာနှင့်ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိ မိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒ အသုံးပြုခြင်း၊ မိမိနှင့်နီးစပ်အဆင်ပြေသူ ကောင်းစားရေး ဝါဒရှိခြင်းတို့သည်လည်း အဂတိ လိုက်စားမှုမြောက်သည့် အပြုအမူများ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပုံစံအားလုံးသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဟောပြောပွဲမှ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိအမြင်၊ ဗဟုသုတများ ရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ကြစေလိုကြောင်းနှင့် ထပ်ဆင့်မျှဝေပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ သတင်း၊ တိုင်ကြားစာနှင့်မှတ်တမ်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်က တိုင်ကြားစာကဏ္ဍနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း ခေါင်းဆောင်၍ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များနှင့် တွေ့ဆုံကာ တားဆီး ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)