ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားမြို့ပေါ် ဘာသာရေးကျောင်းများသို့ ယာယီတိမ်း‌ရှောင်လာသော ပြည်သူများအား ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားမြို့ပေါ် ဘာသာရေးကျောင်းများသို့ ယာယီတိမ်း‌ရှောင်လာသော ပြည်သူများအား ထောက်ပံ့





မြစ်ကြီးနား၊ မေ ၂၅

ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဖွင့်ချိန်အမီ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ မေ ၂၅ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ‌ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စာသင်ဆောင်များအကြားရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်းတို့ကို ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ အဆိုပါရပ်ကွက်အတွင်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း၌လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာထမ်း/ အမှုထမ်းများ၊ သင်ကြားရေးဆရာ/ ဆရာမများနှင့်အတူ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ဝိုင်းမော်မြို့နယ်အတွင်းမှ မြစ်ကြီးနားမြို့သို့ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စုများအား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိသားစုများအနေဖြင့် အခက်အခဲများနှင့် လိုအပ်ချက်များစွာရှိနေမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း လိုအပ်ချက် အခက်အခဲများကို မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့အနေဖြင့် တတ်နိုင်သလောက် လာရောက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး နေထိုင်စား သောက်မှု အဆင်ပြေစေရေး အတတ်နိုင်‌ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေးကျောင်းများတွင် ယာယီ ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၂၁၅)စု၊ လူဦးရေ (၈၅၀) ဦးတို့အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ဆန်အိတ်ပေါင်း (၂၁၅)အိတ်၊ ပြည်နယ်အစိုးရအဖွဲ့က ခေါက်ဆွဲခြောက်ဖာ (၂၁၅) ဖာတို့ဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၉၅၆၅၀၀၀) ကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့နောက် အိမ်ထောင်စုများက ကျေးဇူးတင်စကားနှင့် ယာယီနေထိုင်လျက်ရှိသည့် ဘာသာရေးကျောင်းများအတွင်း နေထိုင်စားသောက်မှုဆိုင်ရာ  အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများ၏ လိုအပ်ချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများ ယာယီအဆောက်အဦအတွက် အမိုးတည်ဆောက်ပေးနိုင်ရေး ထောက်ပံ့ငွေကျပ် ၃၁ သိန်းကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် အဆိုပါခန်းမ၌ အင်ဂျန်းခချောင်း သာယာလှပရေးနှင့် ချောင်းရှင်းလင်းရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အင်ဂျန်းခချောင်းသည် မြို့လယ်မှ ဖြတ်သန်းစီးဆင်းပြီး ယခင်က သာယာလှပသည့် ချောင်းတစ်ခုဖြစ်ပါကြောင်း၊ ယခုအခါ ချောင်းဧရိယာအတွင်း ခြံဝင်းများ ကျူးကျော်ဆောက်လုပ်ခြင်း၊ အမှိုက်များစွန့်ပစ်ခြင်းတို့ကြောင့် တိမ်ကောလာပြီး ချောင်းအဆင့်မှ ရေမြောင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် အင်ဂျန်းချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပလာစေရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အလားတူ အင်ဂျန်းခချောင်း ဧရာဝတီမြစ်အတွင်းစီးဝင်သည့်နေရာတွင် အများပြည်သူအပန်းဖြေနိုင်ရေး River View အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်‌ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ချောင်းရှင်းလင်းရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးတိုင်းတာပြီး ချောင်းဧရိယာသတ်မှတ်ထားရှိမှု၊ နယ်နမိတ်တိုင်း တာခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ချောင်းပတ်ဝန်းကျင်တစ်လျှောက် မြေပိုင်ဆိုင်မှုအခြေအနေများနှင့် စီတာပူရပ်ကွက် မနောကွင်းအနီး ဧရာဝတီမြစ်ကမ်းဘေး၊ အင်ဂျန်းခချောင်းဆုံနေရာတွင် View Point ဆောင်ရွက်နိုင်ရေး မြေယာပြုပြင်ဆောင်ရွက်ခဲ့မှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့လယ်ကောင်တွင် သာယာလှပသည့် ချောင်းတစ်ခုအဖြစ် အသက်ဝင်စီးဆင်းနိုင်ရန် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)