နစအစိုးရက အဂတိလိုက်စားမှုတွေကို တကယ်တိုက်ဖျက်နေပြီလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နစအစိုးရက အဂတိလိုက်စားမှုတွေကို တကယ်တိုက်ဖျက်နေပြီလား



၂၀၂၁ခနှစ် မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်ဦးဆောင်သော နစကအစိုးရအနေနဲ့ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့တကို တွေ့ရပါတယ်။ မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်များရဲ့ အဂတိလိုက်စားမှုများကို ဖော်ထုတ် အရေးယူဆောင်ရွက်ခဲ့ရသလို နစကအစိုးရ တာဝန်ယူဆောင်ရွက်နေချိန်မှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့လည်း အဂတိလိုက်စားမှုနဲ့ အရေးယူဆောင်ရွက်ခြင်း ခံခဲ့ရပါတယ်။

NLD အစိုးရလက်ထက်မှာ အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာက ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်လောက်သာ မဟုတ်ပါဘူး။ NLD အစိုးရအဖွဲ့ကို ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ ကိုယ်တိုင် အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့ကြတာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃) မှာ စာရင်းနဲ့အကွ အမျာပြည်သူကို ချပြအသိပေးခဲ့ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ထံမှ တံစိုးလက်ဆောင်ရယူမှုများအပါအဝင် အဂတိမှု ၉ မှု ကျူးလွန်ခဲ့သည့်အတွက်ကြောင့် အမေရိကန်ဒေါ်လာ ၄,၁၀၆,၃၁၆ ( ၄ သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၄၉,၂၀၆,၆၉၁,၀၆၅.၇၅ ကျပ် (၄၉,၂၀၆ သန်းကျော်)၊ သမ္မတဟောင်း ဦးဝင်းမြင့်မှ အဂတိလိုက်စားမှု ၅ မှုဖြင့် အမေရိကန်ဒေါ်လာ ၄,၀၈၈,၀၉၀ နှင့် မြန်မာငွေကျပ် ၂၃,၀၄၈,၁၈၆,၀၆၅.၇၅ ( ၂၃,၀၄၈ သန်းကျော်)အပါအဝင် NLD ပါတီဝင် ဗဟိုအလုပ်မှုဆောင် ၈ ဦး၊ ပါတီဝင်ပြည်နယ်နှင့် တိုင်းဒေသဝန်ကြီးချုပ်များနှင့် ဝန်ကြီးဟောင်းများ ၂၀ ဦး၊ ပါတီဝင်မဟုတ်သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ၄ ဦး၊ ပါတီဝင်မဟုတ်သည့် ဝန်ကြီးဟောင်း ၃ ဦးတို့ ကျူးလွန်ခဲ့သည့် အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်မှ ဆုံးရှုံးခဲ့မှုမှာ အမေရိကန်ဒေါ်လာ ၁၃,၁၀၉,၉၀၈ (၁၃ သန်းကျော်)၊ မြန်မာကျပ်ငွေ ၃၆၁,၉၀၃,၉၇၄,၆၃၁.၈၅ (၃၆၁ ဘီလီယံကျော်) ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

နစကအစိုးရလက်ထက်မှာ ပထမဆုံး အဂတိလိုက်စားမှုနဲ့ အရေးယူခံလိုက်ရတဲ့ ပုဂ္ဂိုလ်ကတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့ ဦးလှစိုး ဖြစ်ပါတယ်။ အဲဒီနောက်မှာ အဆင့်မြင့်ရာထူးကြီးတွေ အပ်နှင်းခြင်း ခံထားရတဲ့ ပုဂ္ဂိုလ်တချို့ကလည်း အဂတိလိုက်စားမှုတွေ လုပ်ဆောင်လာတာကြောင့် အရေးယူဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်များကို အဂတိလိုက်စားမှုများနဲ့ အရေးယူခဲ့သည့်တိုင်အောင် ပြည်ထဲရေးဝန်ကြီးတစ်ဦးကတော့ ပိုနေမြဲ ကျားနေမြဲ အတိုင်း တာဝန်ဆက်လက်ထမ်းဆောင်နေခဲ့ပါတယ်။ 

သို့သော်လည်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်စဉ်က Green Channel စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံမှုအပေါ် ၎င်း၏ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်သြဇာ အသုံးပြု၍ နိုင်ငံကူးလက်မှတ်များကို ခွင့်ပြုပေးရန် ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ခံခဲ့ရပါတယ်။

ထိုသို့စွဲချက်တင်ပြီးနောက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ကြောင်းနှင့် အမှုမှာ ပါဝင်ပတ်သက်ခဲ့သူများကို နယ်ဘက်တရားရုံးများတွင်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ရဲစည်းကမ်းဖြင့်လည်းကောင်း ဆက်လက်အရေးယူဆောင်ရွက်ခဲ့ပါတယ်။

နစကအဖွဲ့ဝင်ဟောင်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမိုးမြင့်ထွန်းကိုလည်း အဂတိလိုက်စားမှုများကြောင့် စစ်တရားရုံးက နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းတို့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အားထားရသူများတွင် ပါဝင်သူများဖြစ်တယ်လို့ သတင်းတွေက ရေးသားဖော်ပြတာမျိုး ရှိပါတယ်။ အားထားရသူတွေက တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အများပြည် ကောင်းကျိုးဖြစ်စေဖို့ ရှေးရှုဆောင်ရွက်တာမျိုး မဟုတ်ဘဲ အဂတိလိုက်စားမှုတွေ ကျူးလွန်ပြီး တရားလွန် ကိုယ်ကျိုးရှာမှုတွေ လုပ်ဆောင်ခဲ့တဲ့အခါမှာလည်း စိစစ်အရေးယူဆောင်ရွက်တာမျိုး တွေ့မြင်ခဲ့ရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပူးပေါင်းပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနတို့မှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွေ ကျင်းပခဲ့တာကို တွေ့မြင်ရပါတယ်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲမှာ အဖွင့်အမှာစကားပြောကြားရာ အဂတိ လိုက်စားမှုသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဟန့်တားလျက်ရှိသည့်အတွက် နိုင်ငံတော်အစိုးရ၏မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းဖော်ဆောင်နိုင်ရန် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း ဝန်ထမ်းများအား အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများကို သိရှိရှောင်ကြဉ်နိုင်စေရန် ဘက်စုံ၊ ကဏ္ဍစုံမှ အသိပညာပေး ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့် အတွက်များစွာ အားရမိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အဂတိတရားကင်းစင်စွာဖြင့် အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကိုလက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းဖန်တီးဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် မိမိအား ပေးအပ်ထားသည့်ရာထူး၊ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းဖြစ်သည့်အတွက် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းပင် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့်အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကိုပါ ဆိုးကျိုးသက်ရောက်စေပါကြောင်း၊  ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍ(၃)ရပ် ချမှတ်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယခုလို ဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုး ကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး က အဂတိ လိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမှာဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား      မခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်လိုကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် တားဆီးကာကွယ်ရေးကဏ္ဍအနေဖြင့် အသိပညာပေးရေး လုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာ ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့်အသိအမြင်များ တိုးပွားလာမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး တို့ရဲ့ ပြောစကားတွေကိုသာ နိုင်ငံဝန်ထမ်းများက အလေးထား ဆင်ခြင်သုံးသပ် တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ကိုယ်ကျိုးစီးပွားရှာလိုမှုတွေကို လျှော့ချသွားမယ်ဆိုရင် အဂတိကင်းစင်တဲ့ အစိုးရယန္တရား ဖြစ်မှာ အသေအချာပါပဲ။

အရေးယူဆောင်ရွက်ခဲ့ရတဲ့ အဂတိလိုက်စားမှုတွေကို ပြန်ကြည့်ရင် နိုင်ငံတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင်က အဂတိမကင်းတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ဂုဏ်သိက္ခာနဲ့ အရှိန်အဝါရှိတဲ့ ပုဂ္ဂိုလ်များ ကိုယ်တိုင်က အဂတိမကင်းတဲ့အခါ အစိုးရယန္တရားမှာ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရတဲ့ ပုဂ္ဂိုလ်တချို့ အဂတိလိုက်စားတာ မထူးဆန်းတော့သလို။ သို့သော်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍ(၃)ရပ် ချမှတ်၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေတယ်ဆိုရင် အဆင့်မြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရင်း အဂတိလိုက်စားနေကြသူတွေ ဖြစ်စေ၊ ရပ်ကျေးအဆင့် တာဝန်ထမ်းဆောင်နေကြသူတွေ ဖြစ်စေ အဂတိလိုက်စားပြီး ကိုယ်ကျိုးရှာမှုတွေ လုပ်ဆောင်နေတယ်ဆိုရင် အရေးယူခြင်း ခံရနိုင်တယ်ဆိုတဲ့ အသိလေးနဲ့ ဆင်ခြင်ကြစေချင်ပါတယ်။

ပြည်သူများအနေနဲ့ကလည်း မိမိတို့နဲ့ ထိတွေ့ဆက်ဆံရတဲ့ နိုင်ငံတော်တာဝန်ရှိသူတွေ က တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေပြီဆိုရင် အဂတိလိုက်စားမှုတွေ ကျူးလွန်နေပြီ ဆိုတာကို သိရှိနားလည်ကြရပါမယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က ထုတ်ပြန်ထားသည့်အတိုင်း မှန်ကန်စွာ တင်ပြတိုင်ကြားပြီး အဂတိကင်းစင်သော အစိုးရယန္တရားဖြစ်စေဖို့ ဝိုင်းဝန်းထိန်းကျောင်းခြင်းဟာ နိုင်ငံသားကောင်းများရဲ့ တာဝန်ပဲဖြစ်ပါတယ်။ သူတပါးအပေါ် မလိုမုန်းထား စိတ်ဓာတ်နဲ့ တင်ပြတိုင်ကြားတာတွေ လုပ်ရင်ဖြင့် ကိုယ်တိုင်လည်း အဲဒီအကျိုးဆက်ကို ခံရမယ်ဆိုတာကိုလည်း နားလည်ထားရမှာ ဖြစ်ပါတယ်။ အဂတိကင်းစင်မှ တိုင်းပြည် တည်ငြိမ်အေးချမ်းမယ်၊ ဥပဒေစိုးမိုးရေးကို အပြောနဲ့ အလုပ် ထပ်တူကျအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ နစကအစိုးရလက်ထက် အဂတိလိုက်စားမှုများကို ကျောသား ရင်သားမခွဲခြားဘဲ ဖော်ထုတ်အရေးယူဆောင်ရွက်နေတာ တွေ့ရတဲ့အတွက် တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး ကိုယ်ကျိုးရှာကြသူများ သတိပြု ဆင်ခြင်နိုင်ကြပါစေကြောင်း မေတ္တာလောင်း၍ -


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)