ကိုသတိုးစော (သို့မဟုတ်) နှလုံးသားလှတဲ့သူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုသတိုးစော (သို့မဟုတ်) နှလုံးသားလှတဲ့သူ


ကျွန်တော် ဆောင်းပါးတွေ စရေးစဉ်က (စာရေးသူ ပေါက်စ) ဘဝ က စာရေးဖို့ ကုန်ကြမ်းဖက်ရှာတဲ့အခါ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေထဲက မိသားစုအတွက် ဦးဆောင်ကြိုးပမ်းရုန်းကန်နေသူတွေရဲ့ အကြောင်းတွေကို ရေးခဲ့ဖူးတယ်။ အဝေးသင်တက်စဉ်က သူငယ်ချင်း မိန်းခလေးတစ်ယောက်ဆိုရင် သူဟာ မျက်နှာထား ခပ်တင်းတင်းရှိတယ်။ မာရေကျောရည်ပုံစံမျိုး။ သူနဲ့ အပေါင်းအသင်းလုပ်လို့မှ ရပါမလားလို့ ထင်မိတယ်။ သူငယ်ချင်းဖြစ်သွားတဲ့အခါကြမှ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို သိရတယ်။ သူဟာ အလုပ် လုပ်ပြီး ကျောင်းတက်နေတယ်။ မိသားစုထဲမှာ အကြီးဆုံးဖြစ်လို့ အိမ်အတွက်လည်း သူ့ပဲ ရုန်းကန်နေရတယ်။ သူမရဲ့ အကြောင်းကို ကျွန်တော် ဆောင်းပါးရေးပြီး ဂျာနယ်တိုက်ပို့လိုက်တော့ ဖော်ပြခြင်း ခံရတယ်။

ဆရာတော် သံဃာတော်တွေထဲက တချို့ လေးစားအတုယူဖွယ် ကိုယ်နဲ့ ဆက်စပ်မိတဲ့ ဆရာတော်တွေအကြောင်းလည်း ရေးခဲ့ဖူးတယ်။ အဲဒီလို ရေးခြင်းက သူတို့ဆီကနေ တစ်စုံတစ်ရာမျှော်ကိုးပြီး ရေးသားခြင်းမျိုး မဟုတ်ပါဘူး။ သူတို့ရဲ့ ရပ်တည်ချက်၊ သူတို့ရဲ့ ဆောင်ရွက်ချက်လေးတွေကို စံနမူနာထားပြီး သင်ခန်းစာယူနိုင်စေဖို့ပဲ ဖြစ်ပါတယ်။

အခု ကျွန်တော် ရေးသားပြဆိုမှာက မြန်မာပြည်ထဲက မဟုတ်တဲ့ အဝေးတစ်နေရာက မြန်မာနိုင်ငံသားတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ သူကတော့ ကိုသတိုးစောပါ။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်ချိန်ကြမှ ကျွန်တော်တို့တွေဟာ အမျိုးသားရေးကို ခါတော်မှီ ပြောခဲ့ကြတဲ့သူတွေ မဟုတ်ပါဘူး။ ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်လာတဲ့ ခိုးဝင်ဘင်္ဂါလီတွေ ဖန်တီးတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေကြောင့် ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားမှုဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ရပ်တည်ခဲ့ကြတယ်။ ကိုသတိုးစော တို့နဲ့ ကျွန်တော်တို့ အချိတ်အဆက် မရှိသည့်တိုင်အောင် ကျွန်တော်တို့ လှုပ်ရှားဆောင်ရွက်နေတာတွေကို သူတို့သိတယ်။ အရေးကြုံလာလို့ အတူတကွ ဆွေးနွေး ပြောဆိုဖြစ်တဲ့အခါမှာ ရင်ဘတ်ချင်းနီးတဲ့အတွက် ပြောဆိုဆွေးနွေးရတာ အဆင်ပြေတယ်။

တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူလိုက်တဲ့အချိန်မှာ NLD အုပ်စုက Facebook ပလက်ဖောင်းကို ကောင်းကောင်းအသုံးချပြီး အကြမ်းဖက်လှုပ်ရှားမှုကို ပုံဖော်ခဲ့တယ်။ အမေရိကန် နိုင်ငံမှာ ရှိနေကြတဲ့ ကိုချိုကြီး၊ ကိုသတိုးစော တို့ (၂)ယောက်တည်း ဝါရှင်တန်ဒီစီ မှာ သွားပြီး ဆန္ဒပြခဲ့ကြတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို အားပေးအားမြှောက်လုပ်နေသူတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာလည်း သူတို့တွေအနေနဲ့ သူတို့ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ သင်ခန်းစာတွေကို အခြေခံပြီး ပြည်သူများအနေနဲ့ အကြမ်းဖက်လှုပ်ရှားမှုနောက်ကို လိုက်ပါလုပ်ဆောင်ခြင်း မပြုကြဖို့ အမုန်းခံပြီး အစဉ်တစိုက် ပြောခဲ့ကြပါတယ်။

ကိုချိုကြီးကလည်း သူကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးသမားဘဝ၊ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးရေးသားတွေပါမချန် ပြည်သူတွေ အသိမှန် အမြင်မှန် ရစေဖို့ ပြောခဲ့ပါတယ်။ ကိုသတိုးစောကလည်း သူပေါင်းသင်း ဆက်ဆံဖူးတဲ့ နိုင်ငံရေးလုပ်စားသူတွေရဲ့ အကြောင်း မခြွင်းမချန် ပြောခဲ့ကြပါတယ်။

၂၀၂၁ ထဲမှာပဲ ကျွန်တော်တို့ လူစုံတတ်စုံ အွန်လိုင်းမှာ စကားပြောကြဖို့ စီစဉ်ထားတယ်။ အဲဒီနေ့က ကိုသတိုးစောက အမေရိကန်ကို ရောက်နေတဲ့ ပြည်ပြေး ဝရမ်းပြေးတွေ ရဲ့ ရန်ပုံငွေပွဲကို သွားတယ်။ ကျွန်တော်တို့ စကားပြောဖို့ စီစဉ်နေတုန်းမှာ ကိုသတိုးစောကို အမေရိကန်ရောက် နီပိန်းအုပ်စုက ပြဿနာရှာကြတယ်။ အဲဒီအထဲမှာ နီပိန်းတွေကို အားပေးထောက်ခံတဲ့ သံဃာတချို့လည်း ပါတယ်။ အဲဒီ သံဃာတွေကိုယ်တိုင် က နီပိန်းလူရမ်းကားတွေကို တားဆီးတာမျိုး မရှိဘူး။ အလိုတူ အလိုပါ။ အဲဒီလို ဖြစ်နေတာကို ကြည့်ပြီး ကျွန်တော် အပါအဝင် ကိုချိုကြီးတို့ အားလုံး ဒေါသဖြစ်ပြီး ဝိုင်းအော်ကြ၊ ပြောကြ လုပ်ခဲ့ကြတယ်။ 

ကိုသတိုးစောနဲ့ ကျွန်တော်တို့တွေ တစ်ခါတလေ မတူညီတဲ့ အမြင်တွေနဲ့ အပြင်းအထန် ပြောဆိုခဲ့ကြတာတွေလည်း ရှိတယ်။ ကိုချိုကြီးနဲ့ ကျွန်တော် က အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသားနှိမ်နင်းရမယ်ဆိုတဲ့ ရှုထောင့်ကနေ ရပ်တည်ကြတယ်။ ကိုသတိုးစောက ပြတ်ပြတ်သားသား မလုပ်တဲ့ တပ်မတော်ကိုလည်း အပြုသဘောနဲ့ ရှုမြင်ပြောဆိုတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ အတူစကား မပြောဖြစ်တာတောင် ကြာသွားခဲ့ပါတယ်။ 

သူတို့နဲ့ ကျွန်တော် ချိတ်ဆက်မိတယ်ဆိုတာကလည်း တကုတက ချိတ်ဆက်ကြတာ မဟုတ်ပါဘူး။ အမြင်တူ၊ ရပ်တည်ချက်တူလို့သာ ဒီအကြမ်းဖက်လှုပ်ရှားမှုအပေါ်မှာ ဆွေးနွေးပြောဆိုဖို့ အကြောင်းဖန်လာခြင်း ဖြစ်ပါတယ်။ ပြည်ပကို ရောက်သွားသူ တော်တော်များများ နိုင်ငံရေးနဲ့ ပြေးရသူဖြစ်စေ၊ တခြား အလုပ်အကိုင်နဲ့ သွားသူ ဖြစ်စေ သူတို့လိုလားချက်အတွက် ဘယ်သူသေသေ ဆိုတဲ့ စိတ်သဘောထားမျိုးနဲ့ လှုံ့ဆော်နေချိန်မှာ ဒီလိုလူတွေနဲ့မှ လက်တွဲပြီး စကားမပြောရင် ကျွန်တော်တို့ မှာ ဘယ်လိုလူတွေနဲ့ စကားပြောတော့မလဲ။ တခါတလေ အတူစကားပြောကြရင်း ကိုချိုကြီး၊ ကိုမောင်စိုး (ဖင်လန်) တို့က ဒေါသအလျှောက် တပ်မတော်အပေါ် ပြစ်တင်ပြောဆို ဆဲဆိုတာမျိုးတွေ ရှိတယ်။ သူတို့ သတိလက်လွတ်ဖြစ်တာ၊ ကျွန်တော်က ပြည်တွင်းမှာ ပြဿနာရှာခံရရင် ကျွန်တော် အရှာခံရမှာ သိသည့်တိုင်အောင် အတတ်နိုင်ဆုံး ဘရိတ်အုပ်ပြီး ပြောတယ်။

ကိုသတိုးစောက ကျွန်တော်တို့နဲ့သာ ပြောဆိုခြင်း မဟုတ်ဘူး။ အကြမ်းဖက်အဖွဲ့ထဲ ရောက်နေတဲ့သူတွေကိုလည်း သူစကားပြောတယ်။ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်မလုပ်ဆောင်ဖို့ သူဖျောင်းဖျတယ်။ တော်လှန်ရေးကို အကြောင်ပြုပြီး ငွေတွေလိမ်သွားတဲ့ ဒေါ်သူဇာမောင်အကြောင်း၊ NUG ဝန်ကြီးတွေ လိမ်နေတဲ့အကြောင်း သူတဖွဖွ ပြောတယ်။

အမေရိကန်၊ ကနေဒါတို့မှာ ရှိနေတဲ့ NUG ဘက်တော်သား အကြမ်းဖက်လှုံ့ဆော်သူတွေက သူ့ကို စိန်ခေါ် စော်ကားတာတွေ လုပ်လာတော့လည်း သူတို့ခေါ်တဲ့ နေရာကို သွားတယ်။ ကိုသတိုးစော လုပ်နေတာတွေကို ကြည့်ပြီး အန္တရာယ် များလွန်းတယ်လို့ ထင်တယ်။ ပြည်တွင်းမှာ ရှိနေတဲ့ နီပိန်းတွေက ယုတ်မာရိုင်းစိုင်းသလို ပြည်ပကို ထွက်ပြေးပြီး နိုင်ငံရေးလုပ်စားနေတဲ့ နီပိန်းတွေက ပိုပြီး ယုတ်မာရိုင်းစိုင်းတဲ့အတွက် သူ့အတွက် စိုးရိမ်မိတာပါ။ သူ့လိုလည်း မရဲတင်းသလို သူ့ကိုလည်း စိုးရိမ်ကြောင်း ပြောမထွက်ပါဘူး။

သူ လူမျိုးစုံနဲ့ ဆက်ဆံခဲ့ဖူးတယ်။ လူတွေရဲ့ သဘောကို သူသိတယ်။ သူ့ရင်ထဲမှာ တရားဓမ္မရှိတယ်။ သူ့မှာ အကြောက်တရားနည်းတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံသူ/နိုင်ငံသားများ ကိုယ့်အချင်းချင်း သတ်ဖြတ်နေတဲ့ အလုပ်တွေ မလုပ်ကြစေလိုတဲ့ ရည်ရွယ်ချက်ပါပဲ။ 

အဲဒီ ရည်ရွယ်ချက်ကို ရောက်ဖို့ အာပေါက်အောင် ပြောရတယ်။ လူယုတ်မာတွေရဲ့ သရုပ်မှန်တွေကို သူထုတ်ဖော် ပြောဆိုရတယ်။ အမုန်းခံပြီး လူတွေရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့မှာ သူပါခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တချို့ PDF လေးတွေကို ဆက်ပြီး အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ဖို့၊ PDF ထဲကနေ ထွက်နိုင်ဖို့ ကူညီပေးခဲ့တာတွေလည်း သူ့ရဲ့ ဆွေးနွေးပြောဆိုချက်တွေမှာ ကြားသိခဲ့ရပါတယ်။ အဲဒီလို သူလုပ်နေတာတွေဟာ ကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီး သူလုပ်နေတာ မဟုတ်ပါဘူး။ သူ့လမ်းကြောင်းနဲ့သူ လုပ်ဆောင်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အကြမ်းဖက်လှုံ့ဆော်သူတွေက သူ့ကို စိန်ခေါ်တယ်။ စော်ကားတယ်။ သူ့ကို စိန်ခေါ် စော်ကားနေသူတွေရဲ့ အကြောင်းကို သူပြန်ပြောပြတယ်။ 

သူတို့တွေ ရပ်ဝေးမြေခြားကနေ ဘယ်လောက်ပင် အမုန်းခံပြီး ပြောနေစေကာမူ နိုင်ငံရေးမှိုင်းမိနေတဲ့ နီပိန်းတွေမှာ အသိတရားမရနိုင်ပါဘူး။ သူတို့ရဲ့ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲနဲ့ ငါနဲ့မတူ ငါ့ရန်သူလို သဘေားပြီး မိုက်လုံးထွားချင်နေတာ ရပ်တန့်မသွားပါဘူး။ ပျက်စီးချိန်တန်လာရင် ဘုရားတောင် ကယ်မရဘူးဆိုတဲ့ စကားလည်း ရှိတာပဲ။ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း မသတ်ကြပါနဲ့။ မရက်စက်ကြပါနဲ့။ မယုတ်မာကြပါနဲ့လို့ ကျွန်တော်တို့ ဖင်လိပ်ခေါင်းထွက်အောင်အော်နေလည်း နီပိန်းတွေ မကြားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကို နိုင်ငံရေးမှိုင်းတိုက်သူတွေနဲ့ သူတို့က အနီးကပ်ရှိနေတယ်။ 

ပြည်ပြေး ဝရမ်းပြေး မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ အောင်ကြည်ညွန့်၊ ဇင်မာအောင်တို့လို ပုဂ္ဂိုလ်တွေဟာ ဘုရားဟော တရားကိုတောင် သူတို့လိုလားချက်နဲ့ မကိုက်ညီရင် ကပြောင်းကပြန်ဖြစ်အောင် ဂျပိုးကို လိပ်ဖြစ်အောင် မှိုင်းတိုက်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ အဲဒီလို လူတွေရဲ့ လှုံ့ဆော်မှုတွေကိုပဲ အဟုတ်ကြီး ထင်နေကြတဲ့ လူတွေကတော့ ယနေ့ထက်တိုင်အောင် သေတွင်းထဲ ခုန်ဆင်းနေကြတုန်းပါပဲ။

ဒီကာလမှာ ပြန်လည် မြင်တွေ့ရတာက ပြည်ပြေးတွေထဲမှာလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် ရလိုမှုမရှိဘဲ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အခြေအနေတစ်ခု ဖြစ်စေချင်တဲ့ စေတနာရှိသူတွေ ကို မြင်တွေ့ရပါတယ်။ ပြည်ပြေး ဝရမ်းပြေး အများစုက လေလှိုင်းပေါ်က လှုံ့ဆော်ပြီး နိုင်ငံရေးလုပ်စားနေကြချိန်မှာ ပြည်သူလူထု မလုပ်သင့်တာတွေကို မလုပ်ကြဖို့ ဆွေးနွေးပြောဆိုပေးခဲ့ကြတဲ့အထဲမှာ ကိုသတိုးစော သည် စဉ်ဆက်မပြတ်ဆိုသလို အမုန်းခံပြီး ပြောဆိုခဲ့သလို သတ်မယ်၊ ဖြတ်မယ်လို့ ခြိမ်းခြောက်နေသူတွေကိုလည်း ရင်ဆိုင်ဖို့ ဝန်မလေးဘူး။

ကိုသတိုးစောရဲ့ ဆောင်ရွက်ချက်နဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်လှုပ်ရှားနေသူတွေရဲ့ ဆောင်ရွက်ချက်တွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ကိုသတိုးစော က ဘယ်သူ့ကိုမှ ရန်ပြုစော်ကားဖို့ အစီအစဉ်မရှိဘူး။ ယုံကြည်ရာကိုလုပ်၊ အများပြည်သူကို အန္တရာယ်မဖြစ်စေချင်ဘူး။ သေတွင်းထဲ တွန်းပို့တာမျိုးတွေ မလုပ်စေချင်ဘူး။ ဒီမိကရေစီ အရည်ခြုံ နိုင်ငံရေးလုပ်စားသူများကတော့ ဘယ်သူသေသေ ထည့်တွက်နေမှာ မပါဘူး။ အကြမ်းဖက်လှုပ်ရှားမှုအတွက် အလှူခံပေးတယ်။ ကိုယ့်ပြည်သူအချင်းချင်း သတ်ခိုင်းပြီး ပွဲခံကြတယ်။ ရရှိတဲ့ အလှူငွေတွေနဲ့ ကိုယ့်ဘဝကိုယ် တည်ဆောက်ကြတယ်။ သူတို့စကားကို နားယောင်မိသူတွေမှာတော့ အသေခံ ဖို့ မွေးဖွားလာသလိုလို။

စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို အများပြည်သူ ချိန်ဆနိုင်ဖို့ ရေးသားတင်ပြခြင်းသာ ဖြစ်ပါတယ်။ ကိုသတိုးစောလည်း ရပ်ဝေးမြေခြားမှာ ဘေးအန္တရာယ်ကင်းပါစေ။ ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်တွေကို အများပြည်သူ သိမြင်နားလည်အောင် ကာလတစ်ခုမှာ ဆောင်ရွက်ခဲ့တဲ့ အတွက် ကိုသတိုးစောအပါအဝင် တည်ငြိမ်အေးချမ်းရေးအတွက် ရပ်တည်ပြောဆိုပေးခဲ့ကြသူအားလုံးကို လေးစားပါတယ်။

မြန်မာပြည် ဆိုတာကတော့ မြန်မာပြည်ပါပဲ။ မြန်မာပြည်မှာ အာဏာရရင် တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး စီးပွားရှာကြမယ်။ ပြည်သူ့အတွက်လို့ တဖွဖွ ပြောခဲ့တဲ့ NLD က နိုင်ငံရေးသမားတွေလည်း လုပ်ပိုင်ခွင့်တွေ ရလာတဲ့အခါမှာ ပြည်သူအတွက် မဟုတ်တော့ဘဲ ငါ့အတွက် ဖြစ်သွားကြပါတယ်။ နောက်နောင်လည်း ဒါမျိုးတွေ ရှိနေလိမ့်အုံးမယ် ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်သူတွေရဲ့ ဘဝဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်လို့ ကြွေးကြော်ပြီး နိုင်ငံရေးလုပ်စားနေကြသူတွေရဲ့ အသုံးချခံဘဝ၊ တာဝန်ရှိသော်လည်း တာဝန်ယူရကောင်းမှန်း မသိဘဲ မသိကျိုးကျွန်ပြုနိုင်သူတွေရဲ့ မျက်နှာလွှဲ ခဲပစ် လုပ်ရပ်တွေကြားမှာ ရှင်သန်နေကြရအုံးမှာပဲ ကြိုးစားရုန်းကန် ရှင်သန်နေကြရအုံးမှာပါပဲလေ။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)