နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် “ဦးသန့်” စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် “ဦးသန့်” စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်




ပုသိမ်၊ မေ ၁၁

၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီမြေဆီလွှာဖွံ့ဖြိုးရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့က မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဇီးဖြူစုကျေးရွာ ရှိ စိုက်ဧက ၁၁ ဧကတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တောင်သူများထံ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များပေးအပ်ပြီး တောင်သူများနှင့်အတူ သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်)များ စုပေါင်းကြဲပက်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မြေဆီလွှာများ ပြန်လည်ကောင်းမွန်စေရေးအတွက် သဘာဝမြေသြဇာများ ပြန်လည် ထည့်သွင်းခြင်း၊ မြေပြုပြင်ခြင်းများ ဆောင်ရွက်ခြင်းဖြင့်အထွက်နှုန်းများ သိသိသာသာတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများမြေဆီလွှာများ ပြန်လည်ကောင်းမွန်စေရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်လာသည်မှာ သုံးနှစ်တိုင်တိုင်ရှိပြီဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုများကို လျှော့ချပြီး သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိန်ကိုက်အချိုးကျထည့်သွင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ကျင်းပပြုလုပ်သည့် “ဦးသန့်” စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပန်းတနော်မြို့ မြတောင်ကျောင်းတိုက် ဒုတိယနာယက ဆရာတော် ဥူးကုမာရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်တို့က “ဦးသန့်” စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။


ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ကျင်းပရာ ပန်းတနော်မြို့ မြတောင်ကျောင်းတိုက် ဒုတိယနာယက ဆရာတော်ဥူးကုမာရက အဖွင့်ဩဝါဒစကား မိန့်ကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦကို ရေရှည်တည်တံ့ပြီး စာကြည့်တိုက်လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန်လိုကြောင်း၊ ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦကို ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် နိုင်ငံအတွက်၊ တိုင်းဒေသကြီးအတွက်၊ မြို့သူ မြို့သားများအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင် ရှင်သန်ခိုင်မာနေသည့် စာကြည့် တိုက်ပေါင်း ၃၂၃ တိုက်ရှိပြီး ချို့ယွင်းပျက်စီးနေသည့် စာကြည့်တိုက်များကိုလည်း ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းအတွက် ထောက်ပံ့ပေးသည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်သူများ အသိပညာပြည့်ဝရေး၊ လူငယ်များဗလငါးတန် ပြည့်ဝရေးနှင့် ပညာရည်မြင့်မားရေးကို တိုက်တွန်းအားပေးလျက်ရှိပြီး နိုင်ငံတစ်ဝန်းလုံးစာကြည့်တိုက်များ ပေါ်ထွက်လာရေးနှင့် စာတတ်သူတိုင်းစာဖတ်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဦးသန့်” စာကြည့်တိုက်အတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ရှစ်ခရိုင်မှ လှူဒါန်းသည့် ငွေကျပ် သိန်း ၄၀ တန်ဖိုးရှိ စာအုပ်တင်စင် ရှစ်စင်နှင့် ငွေကျပ် ၆၅ သိန်းတန်ဖိုးရှိ စာအုပ်စာစောင်များ၊ စာကြည့်တိုက်အဆောက် အဦအသစ်တစ်လုံး တည်ဆောက်ရန်အတွက် ငွေကျပ်သိန်း ၁၅၀ နှင့် စာအုပ် ၁၀၀၀ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်က ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် စာအုပ်စာစောင်များ၊ DTH စလောင်း တစ်စုံ၊ Set Top Box သုံးလုံးနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းက လှူဒါန်းသည့်စာအုပ် ၃၀၀ တို့ကိုလည်းကောင်း၊ သာသနာရေးဦးစီးဌာန တိုင်းဦးစီးမှူးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့် စာအုပ်များကိုလည်းကောင်း၊ စေတနာရှင်အလှူရှင်များက အလှူငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် မြို့မိမြို့ဖတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)