ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip-FAM Trip) တွင်ပါဝင်သည့် အဖွဲ့ဝင်များအား တွေ့ဆုံနှုတ်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip-FAM Trip) တွင်ပါဝင်သည့် အဖွဲ့ဝင်များအား တွေ့ဆုံနှုတ်ဆက်












နေပြည်တော်၊ မေလ ၁၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်နှင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိသော မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့က နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့် အရာရှိကြီးများ၊ အရာထမ်းများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာ၌ မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (FAM Trip) တွင် လိုက်ပါခဲ့ကြသည့် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏ သာယာလှပ သည့် ခရီးစဉ်ဒေသများကို နှစ်သက်သဘောကျကြမည်ဟုယုံကြည်ပါကြောင်း။ ပြည်ထောင်စု နယ်မြေ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် အလွယ်တကူ လာရောက်လည်ပတ်နိုင်သော အချက်အချာကျသည့် ခရီးစဉ် ဒေသတစ်ခုဖြစ်ပါကြောင်း။ နေပြည်တော်သည် ပြပွဲများနှင့် အစည်းအဝေးများ ကျင်းပခြင်း ဆိုင်ရာ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော အခြေခံ အဆောက်အုံများ ပြည့်စုံမှုရှိပါကြောင်း။ နေပြည်တော်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် ခရီးသွားဆွဲဆောင်ရာနေရာ (၃၈) နေရာ ရှိသည့်အတွက် လာရောက်မည့် ခရီးသွား ဧည့်သည်များက ရသမျိုးစုံ ခံစားနိုင်သော ခရီးစဉ်ဒေသ တစ်ခုပင်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် နေပြည်တော်သို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမို လာရောက်လည်ပတ်စေရေးအတွက် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံတကာမှ မီဒီယာများ၊ ခရီးသွားအဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို ဖိတ်ခေါ်၍ ဖန်ထရစ်ခရီးစဉ်များ၊ Tour Package နှင့် ခရီးသွားအစီအစဉ်များတွင် ထည့်သွင်းရေးဆွဲခြင်းများ၊ ခရီးစဉ် မြှင့်တင် ကြော်ငြာခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးများ သွားရောက်ခဲ့ သည့် ခရီးစဉ်များတွင် “One Tourist One Tree” ပုံစံဖြင့် သစ်ပင်စိုက်ပျိုးမှုအစီအစဉ်အား အမှတ်တရ အစီအစဉ် တစ်ခုအဖြစ် ထည့်သွင်းပေးထားခဲ့ပါကြောင်း၊ ယခု ဖန်ထရစ် ခရီးစဉ် (FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်တော်ကြီးများအနေဖြင့်  ခရီးစဉ်ပြီးမြောက်၍ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် အခါတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် သွားလာလည်ပတ်စရာကောင်းသော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှဝေပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip)တွင် ဦးဆောင်လိုက်ပါလာသည့်  မြန်မာ- တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ Mr. David Liu က ပြန်လည်ပြောကြားရာတွင် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံတွင် ကြားသိရသော မြန်မာနိုင်ငံ၏ ပုံရိပ်ကိုထိခိုက်နိုင်သည့် သတင်းများမှာ ယခုလာရောက်ရာတွင် သတင်းတု သတင်းမှားများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံမှာ ဆွဲဆောင်မှုရှိပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝ၍ လာရောက်လည်ပတ်သင့်သော ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိပကတိ အခြေအနေအား ယခုခရီးစဉ်တွင် တရုတ်မီဒီယာများ၌ တိုက်ရိုက်လွှင့်တင်လျက်ရှိပြီး တရုတ် နိုင်ငံသို့ ပြန်ရောက်သည့်အခါတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် လွှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်၏ အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုခရီးစဉ်အား အဆင်ပြေချောမွေ့ စွာလည်ပတ်နိုင်ရေး ကောင်းမွန်စွာ စီစဉ်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးတို့က ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) တွင် လိုက်ပါခဲ့ကြသည့် ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများကိုပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး Grand Amara Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။                                                                          

အဆိုပါအဖွဲ့တွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ဌာနများ၊ ခရီးသွားအေဂျင်စီများနှင့် မီဒီယာများပါဝင်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် ရန်ကုန်၊ ငွေဆောင် တို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး နေပြည်တော်၊ ပုဂံ၊ မန္တလေးတို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဆက်လက်သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)