မူးယစ်ကုန်ကူးမှုနှင့် AA သောင်းကျန်းသူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်ကုန်ကူးမှုနှင့် AA သောင်းကျန်းသူ


မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာသည် ကိုလိုနီလက်အောက်ကျရောက်စဉ်ကပင် စတင်ခဲ့ပါသည်။ နယ်ချဲ့ကိုလိုနီတို့၏လုပ်ရပ်အတိုင်း တိုင်းရင်းသားများအား သွေးခွဲခြင်းနှင့် သွေးကွဲစေခြင်းတို့ကို ဆောင်ရွက်ရန် ဘိန်းသုံးစွဲမှုနှင့် ဘိန်းစိုက်ပျိုးမှုကို စီးပွားရေးနှင့်နိုင်ငံရေးအရ ဆောင်ရွက်လာရာမှ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များ ပေါ်ပေါက်လာကာ ၎င်းတို့ရေရှည်ရပ်တည်နေနိုင်ရေးအတွက် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းကုန်ကူးခြင်းတို့ကို ဆောင်ရွက်ရာမှ မူးယစ်ဆေးဝါးပြဿနာသည် ဆက်လက် တည်ရှိနေခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ပြဿနာကို ဖြေရှင်းနေစဉ် အိမ်နီးချင်းနိုင်ငံမှ ကူမင်တန်တပ်များ၏ ကျူးကျော်မှုပြဿနာကို ဖြေရှင်းခဲ့ရပြီး ၎င်းတို့၏အမွေဆိုးဖြစ်သော ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူချက်လုပ်မှုများမှာ နိုင်ငံအတွင်း အမြစ်တွယ်ကျန်ရစ်ခဲ့ပါသည်။

နိုင်ငံတော်အနေဖြင့် ဘိန်းနှင့် ဘိန်းဖြူပြဿနာကို (၁၅) နှစ်စီမံကိန်းများ ချမှတ်ကာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း ၁၉၉၀ ပြည့်လွန်နှစ်များတွင် ပေါ်ပေါက်လာ သည့် လူလုပ်မူးယစ်ဆေးဝါးပြဿနာသည် မြန်မာနိုင်ငံသို့ ကူးစက်လာခဲ့ပါသည်။ လက်ရှိတွင် ဘိန်းနှင့် ဘိန်းဖြူချက်လုပ်မှု၊ လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုနှင့် သုံးစွဲမှုပြဿနာများကို တစ်ပြိုင်တည်း ဖြေရှင်းနေရပါသည်။ သမိုင်းကြောင်းအရ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်စပ်ဖြစ်ပေါ်လျက်ရှိပါသည်။

တိုင်းရင်းသားလက်နက်ကိုင်တို့သည် လူမျိုးကောင်းစားရေး၊ ဒေသကောင်းစားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆောင်ရွက်နေခြင်းဟု အသံကောင်းဟစ်နေသော်လည်း လက်တွေ့တွင်မူ ၎င်းတို့ထိန်းချုပ်ရာနယ်မြေများတွင် ဓာတုပစ္စည်းများ တရားမဝင်တင်သွင်းခြင်း၊ ပြည်ပမှပညာရှင် များခေါ်ယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် သယ်ဆောင်ရောင်းဝယ်ခြင်း၊ ရရှိလာသောငွေကြေး များဖြင့် လက်နက်များဝယ်ယူခြင်း၊ လူသစ်စုဆောင်းခြင်း၊ အင်အားချဲ့ထွင်ခြင်းတို့ ဆောင်ရွက်နေသည်ကို ဖမ်းဆီးရမိမှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ဖော်ပြချက်များက သက်သေခံလျက်ရှိပါသည်။


မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ

AA သောင်းကျန်းသူအဖွဲ့သည် ၂၀၀၉ ခုနှစ်တွင် KIA နယ်မြေအတွင်း အင်အား ၂၆ ဦးဖြင့် စတင် ပေါ်ပေါက်လာခဲ့ပါသည်။ ထိုအချိန်ထိ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ လွန်စွာနည်းပါးခဲ့သော်လည်း AA သောင်းကျန်းသူအဖွဲ့ ရခိုင်ပြည်နယ်အတွင်း အခြေပြုလှုပ်ရှားလာသည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ သိသိသာသာတိုးတက်လာခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ရခိုင် ပြည်နယ်ရှိ ပြည်သူအားလုံး သုံးစွဲနိုင်သည့်ပမာဏထက် များစွာသာလွန်နေသည်ကို တွေ့ရပါသည်။

ထိုအချိန်က ရခိုင်ပြည်နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားသည် အဓိကမူးယစ်ဆေးဝါးဖြစ်ခဲ့ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမြောက်အမြားပို့ဆောင်ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ မြင့်တက်လာသည်ကို တွေ့ရပါသည်။ မူးယစ်ဆေးဝါး သယ်ဆောင် ရာတွင် ဒေသခံဘင်္ဂါလီလူမျိုးများကို အသုံးချပြီး နတ်မြစ်နှင့် မေယုမြစ်ကို လှေငယ်များဖြင့် ဖြတ်သန်း ကာ ပို့ဆောင်သည့်နည်းလမ်းအား အများဆုံးအသုံးပြုခဲ့ကြောင်း တွေ့ရပါသည်။

AA သောင်းကျန်းသူအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ခဲ့ရာ မှ အခြားနိုင်ငံများသို့ ပင်လယ်ရေကြောင်း အသုံးပြုကာ အမြတ်အစွန်းပိုမိုရရှိသည့် အိုက်စ်(ICE) သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်လာကြောင်း ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် အိုက်စ် ၁ ဒသမ ၇ တန်ကျော်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ ပို့ဆောင် မည့် အိုက်စ် ၁ ဒသမ ၃၈ တန် ဖမ်းဆီးရမိမှုက သက်သေခံလျက်ရှိပါသည်။ ထို့အတူ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် ချိတ်ဆက်ကာ ဘိန်းဖြူနှင့် ကက်တမင်းကဲ့သို့သော မူးယစ်ဆေးဝါးများ ပေးပို့ နေကြောင်း တွေ့ရပါသည်။

လက်နက်ကိုင်အများစုသည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းမြေနယ်နိမိတ် ထိစပ်သောနေရာများ တွင် တည်ရှိသဖြင့် တရားမဝင်စီးပွားရေးနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ အခွန်အကောက်ရရှိမှုကို အခြေပြုနေသော်လည်း AA သောင်းကျန်းသူအဖွဲ့သည် အခြားလက်နက်ကိုင်များ မဆောင်ရွက် နိုင်သော၊ တားဆီးကန့်သတ်ချက်နည်းပါးပြီး ၎င်းတို့အတွက် အားသာချက်များသော ပင်လယ်ရေ လမ်းကြောင်းကို အသုံးပြုသယ်ဆောင်နေကြောင်း တွေ့ရှိရပါသည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ် မေလအထိ ပင်လယ်ရေလမ်းကြောင်းကို အသုံးပြုပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုကိုကြည့်လျှင် အမှုပေါင်း ၄၆ မှုမှ တရားခံပေါင်း ၂၆၆ ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးပမာဏမှာ စိတ်ကြွဆေး ၂၈ ဒသမ ၅ သန်းခန့်၊ အိုက်စ် ၄၁ တန်ကျော်နှင့် ကက်တမင်း ၁ ဒသမ ၄ တန်ကျော် ဖမ်းဆီးရမိခဲ့ပါသည်။ AA သောင်းကျန်းသူများသည် ဤမျှများပြား သော မူးယစ်ဆေးဝါးများကို ပင်လယ်ရေကြောင်းမှ သယ်ယူပို့ဆောင်ခြင်းဖြင့် အဖွဲ့၏ဝင်ငွေရလမ်း ကို ရှာဖွေပေးနိုင်ခြင်းက မူးယစ်ကုန်သွယ်မှုကို ဆက်လက်ဆောင်ရွက်ရန် တွန်းအားပေးနေလျက် ရှိပါသည်။


AA သောင်းကျန်းသူအဖွဲ့၏ အဓိကဝင်ငွေရလမ်း

AA သောင်းကျန်းသူအဖွဲ့၏ အဓိကဝင်ငွေရလမ်းမှာ ပြည်တွင်းပြည်ပတွင် အလုပ်လုပ်ကိုင်နေသော ရခိုင်လူမျိုးများနှင့် ပြည်တွင်းချမ်းသာကြွယ်ဝသည့် ရခိုင်လူမျိုးများထံမှ လစဉ်ငွေကောက်ခံခြင်းဖြင့် ရရှိသည်ဟုဆိုသော်လည်း စတင်ဖွဲ့စည်းချိန်မှ ယခုအချိန်ထိ အင်အားတိုးချဲ့ဖွဲ့စည်းနိုင်ခြင်းမှာ အကျိုး အမြတ်များစွာရရှိသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် နေခြင်းကြောင့်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။

လက်နက်ခဲယမ်းများ ဝယ်ယူရန်နှင့် သောင်းကျန်းသူအဖွဲ့ ရေရှည်ရပ်တည်နိုင်ရန် လိုအပ်သော ငွေကြေးအတွက် မူးယစ်ကုန်ကူးမှုများကို ဆောင်ရွက်ရင်း တစ်ဖက်တွင် မူးယစ်ဆေးဝါးများ ရခိုင် ပြည်နယ်အတွင်း လွယ်ကူစွာရရှိနေခြင်းက ဒေသတွင်းပြည်သူများ မူးယစ်ဆေးဝါးသုံးစွဲမှုကို ပိုမို ဖြစ်ပေါ်စေပြီး ပြည်သူတို့၏ အကျင့်စာရိတ္တပျက်ပြားမှုကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ ဒေသတွင်း ပြည်သူ များ အကျင့်စာရိတ္တပျက်ပြားနေမှသာ AA သောင်းကျန်းသူအဖွဲ့အတွင်းသို့ ဝင်ရောက်နိုင်ရေး ပိုမို လွယ်ကူစွာ စည်းရုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း တွေ့ရှိရပါသည်။


အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်

ရရှိလာသော လူအင်အား၊ လက်နက်အင်အားတို့ဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အတွက် မဟုတ်ဘဲ ရခိုင်ပြည်နယ်အတွင်း အခြေခံနယ်မြေများ တည်ဆောက်ကာ အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်ခြင်း၊ အခြေခံနယ်မြေများ ချဲ့ထွင်ခြင်း၊ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ဝန်ထမ်းများအား သတ်ဖြတ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေ ကြောင်း လက်ရှိဖြစ်စဉ်များအရ တွေ့ရှိရပါသည်။ အစိုးရအုပ်ချုပ်ရေးပျက်ပြားလာပါမှ တားဆီး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကန့်သတ်ချက်များရှိစေခြင်း သို့မဟုတ် မဆောင် ရွက်နိုင်ခြင်းတို့က ဒေသတွင်း မူးယစ်ကုန်ကူးမှုများကို လွယ်ကူလွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ပါသည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌ ဆွေမျိုးတော်စပ် သူများ၊ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသား နှင့် လူငယ်သမဂ္ဂအဖွဲ့ဝင်များ၊ ရခိုင်လူမျိုးများ၊ အမာခံများ၊ လူသစ်စုဆောင်းထားသူများဖြင့် သယ်ဆောင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုမှတစ်ဆင့် ဟန်ပြကုမ္ပဏီများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကို ဗန်းပြကာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို တိုးမြှင့်ဆောင်ရွက်လာလျက်ရှိပါသည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းတစ်လျှောက်တွင် AA သောင်းကျန်းသူအမာခံများ ဖြန့်ခွဲထားပြီး ၎င်းတို့နေထိုင်ရန်နှင့် မူးယစ်ဆေးဝါးများကို စုဆောင်းသိုလှောင်ရန် အိမ်များ၊ ဂိုဒေါင်များ ငှားရမ်းလုပ်ကိုင်နေလျက်ရှိပါသည်။ မူးယစ်ဆေးဝါးစတင်ပေးပို့မည့်နေရာနှင့် နောက်ဆုံးလက်ခံမည့်နေရာများတွင်သာ AA သောင်းကျန်းသူအဖွဲ့ဝင်များကို အဓိကအသုံးပြုပြီး လမ်းကြောင်းတစ်လျှောက်တွင် ကြားခံများ အဆင့်ဆင့်ထားရှိကာ ကွင်းဆက်ဖြတ် သယ်ဆောင်နေကြောင်း တွေ့ရပါသည်။

မူးယစ်ကုန်ကူးမှုတွင် AA သောင်းကျန်းသူအဆင့်ပေါင်းစုံပါဝင်သော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးကို စီးပွားရေးတာဝန်ခံများနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာနတို့က ကြီးကြပ်ထိန်းချုပ်ကာ ဖမ်းဆီးခံရနိုင်ချေမြင့်မားသည့်နေရာများတွင် သာမန်ပြည်သူများကို အသုံးချတတ်ကြောင်း တွေ့ရ ပါသည်။ နိုင်ငံတကာသို့ မူးယစ်ဆေးဝါးကုန်ကူးရာ၌ ခေါင်းဆောင်ပိုင်းက ချိတ်ဆက်ပေး၍ ကြီးကြပ် ထိန်းချုပ် ဆောင်ရွက်နေလျက်ရှိပါသည်။ လက်နက်ခဲယမ်းများ ဝယ်ယူသယ်ဆောင်ရာတွင်လည်း တပ်ဖွဲ့ဝင်များကို နိုင်ငံအနှံ့ သာမန်ပြည်သူများအသွင် ဖြန့်ခွဲထားကာ မူးယစ်ဆေးဝါးများနှင့်အတူ သယ်ဆောင်ခြင်း၊ ဂိုဒေါင်များ ငှားရမ်းကာ ဖြန့်ခွဲထိန်းသိမ်းထားခြင်း၊ ထိုမှအခြားမြို့တစ်ခုသို့ အကြိမ် ကြိမ်ခွဲကာ အဆင့်ဆင့်သယ်ဆောင်ပြီး နေရာအနှံ့ ထပ်မံဖြန့်ခွဲသိုဝှက်ထားကြောင်း ဖော်ထုတ်သိရှိရ ပါသည်။ ဖမ်းဆီးရမိဖြစ်စဉ်တစ်ခုတည်းမှ ဖော်ထုတ်ချက်အရ ၂၀၁၉ - ၂၀၂၁ ခုနှစ်အတွင်း ဆီသယ်ယာဉ်များဖြင့် မူးယစ်ဆေးဝါး (၃) ကြိမ်၊ လက်နက်ခဲယမ်း (၇) ကြိမ်အား ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခဲ့ကြောင်း သိရပါသည်။

၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးရမိသည့် AA သောင်းကျန်းသူအဖွဲ့မှ အောင်မြတ်ကျော် (ဒုမှူးကြီး အဆင့်) သည် ထွန်းမြတ်နိုင်၏ တာဝန်ပေးချက်အရ ၂၀၁၅ ခုနှစ်အတွင်း လက်နက်ခဲယမ်းများကို ပြင်ဦးလွင်မှ ရန်ကုန်သို့ (၆) ကြိမ်နှင့် ဘားအံမှ ရန်ကုန်သို့ (၁၀) ကြိမ် ယာဉ်များတွင် အံဝှက်ပြုလုပ်ကာ သယ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည့်အတွက် AA သောင်းကျန်းသူအဖွဲ့၏ ခေါင်းဆောင် များသည် မူးယစ်ဆေးဝါးနှင့် လက်နက်ဝယ်ယူမှုများတွင် ကိုယ်တိုင်ချိတ်ဆက်ပေးခြင်းနှင့် သယ်ဆောင်မှုများကို ကိုယ်တိုင်ကြီးကြပ်နေကြောင်း တွေ့ရှိရ ပါသည်။


ကိုယ်တိုင်ထုတ်လုပ်

မူးယစ်ဆေးဝါး ထွက်ရှိရာနေရာမှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရာတွင် ကုန်ကျစရိတ်ကြီးမြင့်ခြင်း နှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်လာသည့်အတွက် ဆုံးရှုံးမှုများပြားလာခြင်း၊ ဖမ်းဆီး အရေးယူခံရမှု မြင့်တက်လာခြင်းတို့ကြောင့် မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်အတွင်း ကိုယ်တိုင် ထုတ်လုပ်ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ၂၀၁၅ ခုနှစ်တွင် AA သောင်းကျန်းသူများအနေဖြင့် ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုမည့် အက်ဖီ ဒရင်းများဝယ်ယူပြီး ရခိုင်ပြည်နယ်သို့ သယ်ဆောင်မှုများကို ဖမ်းဆီးနိုင်ခဲ့ပါသည်။

AA သောင်းကျန်းသူအဖွဲ့ မူးယစ်ကုန်ကူးရာတွင် မူးယစ်ဆေးဝါးအမြောက်အမြားကို သယ်ဆောင် နေကြောင်း ဖမ်းဆီးရမိဖြစ်စဉ်တစ်ခုချင်းစီက ဖော်ပြလျက်ရှိနေပါသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အတွင်း ဖမ်းဆီးရမိမှုတွင် အိုက်စ်နှင့် ကဖင်းတို့ကိုပါ ဖမ်းဆီးရမိခြင်း၊ အသုံးပြုသည့်ယာဉ်၊ စက်လှေနှင့် သိုဝှက်ထားရှိမည့် ဂိုဒေါင်ကြီးများကို ငှားရမ်း အသုံးပြုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်မှုများတွင် AA သောင်းကျန်းသူအဖွဲ့ဝင်အမြောက်အမြားက ကွန်ရက်ချိတ်ဆက်ဆောင်ရွက်နေကြောင်း တွေ့ရပါသည်။ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကဖင်းဖမ်းဆီးရမိမှု ဖြစ်စဉ်အရ AA သောင်းကျန်းသူများသည် အိုက်စ်နှင့် ကဖင်းတို့ကို အသုံးပြုပြီး ရခိုင်ပြည်နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ပြောင်းလဲထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်း သုံးသပ်ရပါသည်။

AA သောင်းကျန်းသူအဖွဲ့သည် မူးယစ်ဆေးဝါးရောင်းဝယ်ရာမှ ရရှိသောငွေအချို့ဖြင့် မူးယစ် ဆေးဝါးနှင့်လက်နက်များ သယ်ဆောင်ရောင်းဝယ်ရာတွင် ထပ်မံအသုံးပြုရန် နေအိမ်များ၊ မော်တော် ယာဉ်များ၊ ရေယာဉ်များနှင့် အခြားပစ္စည်းများကို ဝယ်ယူထားကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ဘဏ် များတွင် အကောင့်အမျိုးမျိုး၊ အမည်အမျိုးမျိုးဖြင့် စုဆောင်းသိုဝှက်ထားပြီး ငွေအရင်းအမြစ်အား ခြေရာမခံနိုင်ရန်၊ လက်နက်ဝယ်ယူမှုနှင့် မူးယစ်ကုန်ကူးရာတွင် အလွယ်တကူအသုံးပြုရန် စီစဉ် ထားလျက်ရှိပါသည်။


ကျပ်ငွေ ၇၃ ဘီလီယံကျော်

AA သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိလာသော ငွေကြေး အကျိုးအမြတ်ကို တွက်ချက်ရန် ခက်ခဲသော်လည်း လက်ရှိကာလဖမ်းဆီးရမိသည့် အမှု ၁၀ မှုမှ မူးယစ်ဆေးဝါးများ၏တန်ဖိုးမှာ မြန်မာကျပ်ငွေ ၇၃ ဘီလီယံကျော်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံအလိုက် လက်လီဈေးနှုန်းများအရ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ နိုင်ငံတကာဈေးကွက်သို့ ရောက်ရှိသွားပါက မူးယစ်ဆေးဝါးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ဖြစ်လာမည်ဖြစ်ကြောင်း တွေ့ရှိရ ပါသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများတွင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများမှ လှူဒါန်းထောက်ပံ့ပေးခြင်း၊ နိုင်ငံတော်အစိုးရနှင့် အထက်အကြီးအကဲများကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ဘဝ လုံခြုံစိတ်ချရစေရန် ဖြစ်ပါသည်။ သို့သော် AA သောင်းကျန်းသူအဖွဲ့သည် လူမျိုးကောင်းစားရေးဟု ကြွေးကြော်နေသော်လည်း ရခိုင်တိုင်းရင်းသားများကို အကြမ်းဖက်သတ်ဖြတ်ခဲ့သည့် ARSA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် မူးယစ်ဆေးဝါးကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှုများတွင် ပူးပေါင်းဆောင်ရွက်နေခြင်းမှာ စဉ်းစား၍မရအောင်ပင် ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ ပြည်သူများအား အဆိုးများဖြင့် ပြန်လည်ကျေးဇူးဆပ်နေခြင်းပင် ဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် AA သောင်းကျန်းသူအဖွဲ့သည် မူးယစ်ဆေးဝါးကုန်ကူးခြင်းမှ ငွေကြေး ခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ လူမှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ကို ဆောင်ရွက်လျက်ရှိသဖြင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေလျက်ရှိပါသည်။ အဖျက်အမှောင့်လုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိခြင်း၊ တရားဥပဒေစိုးမိုးရေး ယန္တရားကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့တို့အား တိုက်ခိုက် ခြင်းတို့ကြောင့် ယခင်က အေးချမ်းခဲ့သော ရခိုင်ပြည်နယ်မှ ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးရ သဖြင့် အတိဒုက္ခရောက်လျက်ရှိပါသည်။

AA သောင်းကျန်းသူအဖွဲ့သည် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအခြေအနေအရပ်ရပ်ကို အခွင့် ကောင်းယူ၍ မူးယစ်ကုန်ကူးမှုများ ပိုမိုတိုးမြှင့်လာ ခြင်း၊ ပြည်တွင်း/ပြည်ပ မူးယစ်ဂိုဏ်းများနှင့် ပူးပေါင်းကာ ဈေးကွက်ချဲ့ထွင်မှုမှတစ်ဆင့် ကမ္ဘာပေါ်ရှိ လူငယ်များနှင့် ပြည်သူလူထုအပေါ် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအရ ထိခိုက်စေပြီး နိုင်ငံရေး၊ စစ်ရေးစသည့် ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေလျက်ရှိပါသည်။ လူသားမျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးအား ကမ္ဘာ့လူသားအားလုံးက ဘုံရန်သူအဖြစ်သတ်မှတ်ကာ နည်းလမ်းမျိုးစုံဖြင့် ကာကွယ်တိုက်ဖျက်နေချိန်တွင် AA သောင်းကျန်းသူအဖွဲ့သည် မူးယစ်ကုန်ကူးမှုကို တိုးမြှင့်ဆောင်ရွက်ကာ ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်နေလျက်ရှိပါသည်။

နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့်လည်း AA သောင်းကျန်းသူအဖွဲ့၏ မူးယစ်ကုန်ကူးမှုများတွင် အသုံးချခံရသူများ မဖြစ်အောင် သတိပြုနေထိုင်သွားသင့်ပါသည်။ အိမ်များ၊ ယာဉ်များ၊ ဂိုဒေါင်များ ငှားရမ်းလာခြင်း၊ ကုန်ပစ္စည်းများ ပို့ဆောင်ခိုင်းခြင်း၊ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းသို့ ဆက်သွယ်ဆောင်ရွက်လာပါက သတိပြုဆင်ခြင်သွားရန် လိုအပ်မည်ဖြစ်ပါသည်။ AA သောင်းကျန်းသူအဖွဲ့သည် မူးယစ်ကုန်ကူးမှုကိုသာ ပြုလုပ်နေသည်မဟုတ်ဘဲ နောက်ဆက်တွဲပြဿနာများဖြစ်သည့် အကြမ်းဖက်မှု၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုပါ တိုက်ရိုက်ဖျက်ဆီးနေသောအဖွဲ့တစ်ခုဖြစ်သဖြင့် သတိပြုဆင်ခြင်သွားရန် လိုအပ်မည်ဖြစ်ပါသည်။ ပြည်သူများအနေဖြင့်လည်း သံသယဖြစ်ဖွယ်များ တွေ့ရှိလာပါက တာဝန်ရှိသူများကို အမြန်ဆုံး သတင်းပေးပို့သွားရန် တိုက်တွန်းအပ်ပါသည်။ ။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)