နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး



နေပြည်တော်၊ ဇွန် ၁၈

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A )၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစားသမားများ ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ပြည်ထောင်စုစိတ်ဓာတ် မြင့်မားလာစေရေးနှင့် အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်မည့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေ ရေးတို့အတွက် ဖြစ်ပါကြောင်း။

နိုင်ငံတော်မှ မြန်မာ့အားကစားကို အစွမ်းကုန် အားပေးချီးမြှောက်နေသည့်အချိန်ကာလဖြစ်သည့် အတွက် အားကစားသမားများအနေဖြင့် မိမိတို့၏ အစွမ်းအစ၊ အရည်အသွေးများကို အစွမ်းကုန်ဖော် ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အနိုင်ရရှိစေရေး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်ကြရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားပြီး “၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ”ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ၊ အားကစားသမားများနှင့် ဒိုင်အဖွဲ့များကို လိုက်လံနှုတ်ဆက်ကြပြီး ပထမနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တိုက်ကွမ်ဒိုတစ်ဦးချင်း (အမျိုးသား/ အမျိုးသမီး) ကကွက်ပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၅) သင်းနှင့် အမျိုးသမီးအသင်း (၁၅) သင်းတို့မှ အားကစားသမား စုစုပေါင်း ၂၆၃ ဦးတို့က ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ယှဉ်ပြိုင်သွားကြမည် ဖြစ်သဖြင့် တိုက်ကွမ်ဒိုအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)