ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားနှင့် ပြည်သူ့ဆေးရုံ မှော်ဘီမြို့ နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားများ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားနှင့် ပြည်သူ့ဆေးရုံ မှော်ဘီမြို့ နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားများ တက်ရောက်


နေပြည်တော်၊ ဇွန် ၁၇

မှော်ဘီမြို့ပြည်သူ့ဆေးရုံ၏ နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က နှစ်ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများက ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် ပြည်သူ့ဆေးရုံမှော်ဘီမြို့၏ နှစ်ထပ်ကုသဆောင်သစ်သည် ၁၆၈၀၀ စတုရန်းပေအကျယ်အဝန်းရှိကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၅၉ ဒသမ ၂၀၀ သန်း ကုန်ကျခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံအထူးအဖွဲ့(၂)ကို လုပ်ငန်းအပ်နှံ၍ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင် လုပ်ငန်းများပြီးစီးခဲ့ကြောင်း၊ အဆိုပါအဆောက်အအုံ မြေညီထပ်တွင် အရေးပေါ်လူနာစမ်းသပ်ခန်း၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ကြပ် ကြည့်ရှုခန်း၊ သားဖွားခန်းနှစ်ခန်း၊ မွေးပြီးလူနာ စောင့်ကြပ်ကြည့်ရှုခန်း၊ မွေးကင်းစကလေးလူနာ စောင့်ကြပ်ကြည့်ရှုခန်း၊ စတိုခန်း၊ ဆေးပေးခန်းတို့ပါဝင်ပြီး ပထမထပ်တွင် အမျိုးသမီးလူနာဆောင် များ၊ ကြပ်မတ်ကုသခန်း၊ ကလေး လူနာကုသခန်းတို့ ပါဝင်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်ထပ်ဆေးကုသဆောင်သစ်တွင် လူနာများ အသုံးပြုရန်အတွက် လေအေးပေးစက်အလုံး ၂၀ ကို လှူဒါန်းရာ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် နှစ်ထပ်ကုသဆောင်သစ် မြေညီထပ်တွင်ရှိသည့် သားဖွားခန်းနှစ်ခန်း၊ မွေးပြီးလူနာခန်း၊ မွေးကင်းစကလေး လူနာခန်း၊ ပထမထပ်ရှိအရေးပေါ် လူနာကြပ်မတ်ခန်း၊ အမျိုးသမီးလူနာဆောင်၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဆေးစတိုခန်းများကို လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက လူနာများစိုက်ထုတ်ကုန်ကျရသည့် ဆေးကုသစရိတ် လျော့နည်းစေရေးအတွက် နိုင်ငံတော်မှပံ့ပိုးထားသော ဆေးဝါးများဖြင့် လူနာများအတွက် အကျိုးရှိစွာအသုံးပြုနိုင်ရေး အလေးထားဆောင်ရွက် ကြရန်မှာကြားကာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများကို အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းတို့က ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း သုံးထပ်အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများက ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေး သိုလှောင်အအေးခန်း သုံးထပ်အဆောက်အအုံသစ် မြေညီထပ်တွင်ရှိသည့် အအေးခန်းများအတွင်း ကာကွယ်ဆေးများ သိုလှောင်ထားရှိမှု၊ ဆက်စပ်ဆေးပစ္စည်းများ (Dry Stock) များ ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်သည့် ကာကွယ်ဆေးသိုလှောင် အအေးခန်းသုံးထပ်ဆောင်သစ်၏ အဆောက်အအုံ၊ ရေ၊ မီးတို့ အတွက် ကုန်ကျစရိတ်သည် ခန့်မှန်းတန်ဖိုး မြန်မာငွေကျပ် သိန်းပေါင်း ၇၀၈၇ သိန်းခန့် (အမေရိကန်ဒေါ်လာ - ၃၃၇၅၀၀)၊ ကျခံကာ GAVI အထောက်အပံ့ ဖြင့် Ultra Company Ltd. မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် လိုအပ်သောကာကွယ်ဆေး နှစ်လစာကို သိုလှောင်ထားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ Ultra Company Ltd. မှ Managing Director ဦးဟိန်းထွန်းဦးက အဆောက်အအုံနှင့် ပတ်သက်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင် အအေးခန်း သုံးထပ်အဆောက်အအုံသစ်သည် အလျား ပေ ၆၀၊ အနံ ၄၈ ပေ၊ အမြင့် ၃၉ ပေရှိသော သုံးထပ်ဆောင် အဆောက်အအုံဖြစ်ပြီး မြေညီထပ်တွင် ကာကွယ်ဆေးများကို သိုလှောင်ထားရှိမည့် (30m3 capacity) Walk in cooler အအေးခန်းတစ်လုံး၊ (20m3 capacity) ရှိ Walk in freezer အအေးခန်းတစ်လုံး၊ Washing room တစ်ခန်း၊ Dry store တစ်ခန်းနှင့် အအေးလမ်း ကြောင်း ရုံးခန်းတစ်ခန်းပါဝင်ကြောင်း၊ ပထမထပ်တွင် ရုံးခန်းတစ်ခန်း၊ Function Room သုံးခန်း၊ ဒုတိယထပ်တွင် သင်တန်းခန်းမကျယ်တစ်ခန်းနှင့် Store တစ်ခန်း၊ Function Room တစ်ခန်း၊ အစားသောက်ပြင်ဆင်ခန်းတစ်ခန်းတို့ ပါဝင်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)