မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းသီးနှံကို ဘောင်ကြီးတင် စိုက်နည်းစနစ်ဖြင့် ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းသီးနှံကို ဘောင်ကြီးတင် စိုက်နည်းစနစ်ဖြင့် ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်း



မင်းဘူး၊ ဇွန် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နွေနှမ်းသီးနှံကို ဘောင်ကြီးတင် စိုက်နည်းစနစ်ဖြင့် ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးထားရှိသည့် တောင်သူပညာပေး သရုပ်ပြစိုက်ခင်း နှစ်ဧကကို တောဘိုကုန်းကျေးရွာ ကွင်းအမှတ် (၁၁၈၉) ရှိ ဒေသခံတောင်သူ ဦးစံမောင်၏ လယ်မြေ၌ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ တောင်သူပညာပေးသရုပ်ပြစိုက်ခင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံမျိုးစေ့သုံးစွဲမှုနှင့် စိုက်နည်းစနစ်မှန်ကန်စေရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှရေးအတွက် စိုက်ပျိုးနည်းပညာများ ပံ့ပိုးကူညီကာ ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး ပညာပေးစမ်းသပ်ကွက် အဖြစ် အခြားကျေးရွာများမှ တောင်သူများ လာရောက်လေ့လာနိုင်စေရန် (ဂျပန်ဖြူ) နှမ်းမျိုး နှစ်ဧကကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဘောင်ကြီးတင်စနစ် စိုက်ပျိုးရာတွင် မြေယာပြုပြင်ပြီး ကြောင်းဆွဲကိရိယာဖြင့် ဘောင်ဖော်ကာ မျိုးစေ့ချကိရိယာ အသုံးပြု၍ အပင်ကြား (၄) လက်မ အတန်းကြား (၄) လက်မနှုန်းဖြင့် တစ်ဧက နှမ်းမျိုးစေ့ တစ်ပြည်နှုန်း အသုံးပြုစိုက်ပျိုးထားကြောင်း၊ စိုက်နည်းစနစ်မှန်ကန်ပြီး အပင်ဦးရေ ဝင်ဆံ့သည့်အတွက် အနှုန်းအားဖြင့် တစ်ဧကပျမ်းမျှ တင်း (၂၀) ခန့် ထွက်ရှိနိုင်ကြောင်း၊ နှမ်းသီးနှံ ရိတ်သိမ်းချိန်တွင် သီးသန့်ရွေးချယ်ပြီး မျိုးသန့်သိမ်းဆည်း၍ လာမည့်ရာသီအတွက် မျိုးသန့်အဖြစ် သုံးစွဲနိုင်မှာဖြစ်သည့်အတွက် ဒေသခံတောင်သူများအနေဖြင့် နွေနှမ်းသီးနှံများကို ရှေးသမရိုးကျ ပက်ကျဲစနစ် စိုက်ပျိုးခြင်းထက် ဘောင်ကြီးတင်စနစ်စိုက်ပျိုးခြင်းက အထွက်နှုန်းပိုမိုရရှိပြီး များစွာ အကျိုးဖြစ်ထွန်းစေနိုင်မှာဖြစ်ကြောင်း၊ ဘောင်ကြီးတင်စနစ် စိုက်ပျိုးခြင်းအားဖြင့် သီးနှံစိုက်ပျိုးချိန် သဘာဝဘေးအန္တရာယ်ကြောင့် မိုးခေါင်ခြင်း၊ မိုးများခြင်း အခြေအနေများတွင် ရေသွင်းရေထုတ် လွယ်ကူစေခြင်း၊ အပင်ဝင်ဆံ့မှုအရေအတွက် မှန်ကန်ခြင်း၊ အပင်ပြုစု စောင့်ရှောက်မှုလွယ်ကူခြင်းစသည့် ကောင်းကျိုးများစွာ ရရှိနိုင်သည့်အတွက် နွေနှမ်းသီးနှံ ဘောင်ကြီးတင်စနစ်ကို မြို့နယ်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် တောင်သူပညာပေး စိုက်ပျိုးပြသထားခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဒေသတွင်းစားသုံဆီဖူလုံစေရေး နွေနှမ်းသီးနှံကို ဧကပေါင်း (၂၃၁၃၉) ဧက စိုက်ပျိုထားရှိပြီး အချို့သော ဒေသခံတောင်သူများက နွေနှမ်းသီးနှံများကို စတင်နှုတ်သိမ်း(ရိတ်သိမ်း) နေပြီဖြစ်ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)