နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အေလာ) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားတက်ရောက်ပြီး သဲကောကြီးကျေးရွာတွင် စာကြည့်တိုက်တည်ဆောက်မည့် မြေနေရာအားကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အေလာ) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားတက်ရောက်ပြီး သဲကောကြီးကျေးရွာတွင် စာကြည့်တိုက်တည်ဆောက်မည့် မြေနေရာအားကြည့်ရှုစစ်ဆေး


နေပြည်တော် ၊  ဇွန်  ၂၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အေလာ)စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းခန်းမ၌ကျင်းရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးနှင့်ဇနီး၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊  ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(အေလာ)မှ ကျောင်းသား/ကျောင်းသူများက “အမျိုးသား စာပေယဉ်ကျေးမှုအမွေ"သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပေးပြီး “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” ဗီဒီယို Clip ပြသသည်။


ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင်  နေပြည်တော်အနေဖြင့် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းထားပြီး ခရိုင်၊ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအနေဖြင့် ဗဟိုကော်မတီမှ ချမှတ်ထားသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသင်ယူခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အခြေခံပညာကျောင်းများနဲ့ အဆင့်မြင့် ပညာဖြစ်သည့် တက္ကသိုလ်များကိုအခြေခံ၍ ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပခြင်းဖြစ်ပါကြောင်း၊  ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့်  စာအုပ်စာပေများကို စိတ်ဝင်စားလာစေရန်နှင့် ဖတ်ရှုအသုံးပြုလာစေရန်အတွက် စာပေဆွေးနွေးပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ လူငယ်များအတွက် စိတ်အားတက်ကြွဖွယ်ရာ Video Clip များဖြင့် ပြသဆောင်ရွက်ပေးပါက စာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အထများလည်း ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် အသိကြွယ်ခြင်း၊ ဗဟုသုတများခြင်း၊ ကျိုးကြောင်းညီညွတ်စွာ သုံးသပ်နိုင်မှုစွမ်းရည် တိုးတက်လာခြင်း၊ အခြားသူများထံမှ အတွေ့အကြုံကို ရယူ၍ မိမိနှင့် ပတ်ဝန်းကျင်လူမှုဘဝအောင်မြင်မှုတွင် အသုံးချနိုင်ခြင်း၊ လူမှုဆက်ဆံရေး ကောင်းမွန် ခြင်း၊ အာရုံစူးစိုက်သည့် အလေ့အကျင့် ဖြစ်ထွန်းလာခြင်း၊ စိတ်ကူးစိတ်သန်းကောင်း၍ ဖန်တီးနိုင်မှု စွမ်းရည်မြှင့်မားလာခြင်း၊ ဦးနှောက်ကို ပိုမိုထက်မြက်အောင် လှုံ့ဆော်ပေးနိုင်ခြင်း၊ လူတစ်ဦး၏နေ့စဉ် ဘဝပြဿနာများကို စနစ်ကျစွာ ရင်ဆိုင်ဖြေရှင်းနိုင်၍ဘဝတိုးတက်ခြင်း၊ စိတ်ဖိစီးမှုကို လျော့ချနိုင် ခြင်းစသည့် စာပေအကျိုးကျေးဇူးများစွာ ရရှိကြမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ဘဝတစ်သက်တာ အတွက် လွန်စွာအကျိုးကျေးဇူး ရှိစေသောကြောင့် ကလေးငယ်များအား ငယ်စဉ်မှစ၍ စာဖတ်သည့် အလေ့အထကိုပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီးကျောင်းသား/ကျောင်းသူများအနေဖြင့် နေ့စဉ်စာဖတ်ရာ၌ သုတ/ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်းသမီးကောင်း ပညာရှင်များပေါ်ထွန်းရေးအတွက် ကြိုးစားကြရန် လိုအပ်ပါကြောင်း၊  စာပေဖတ်ရှုလေ့လာမှုက ဘဝအတွက်အလွန်အရေးကြီးသည့် အချက်တစ်ချက်လည်းဖြစ်သည့်အတွက် ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင်ထားကြရမှာဖြစ်ပါကြောင်း၊ စာတတ်ရုံ၊ အသိပညာ ပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝပြီး ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာစေရေး တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ/ ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အဆင့်မြင့်ပညာကျောင်းများတွင်စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လယ်ဝေးမြို့နယ်အတွင်း စာကြည့်တိုက်တစ်တိုက် တည်ဆောက်ရန်အတွက် အလှူငွေကျပ် သိန်း ၁၅၀ နှင့် သုတရသစာအုပ်စာစောင် အုပ်ရေ ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က လက်ခံရယူသည်။


ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ အတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အခြေခံပညာအထက်တန်း ကျောင်း(အေလာ)မှ “အမျိုးသားစာပေယဉ်ကျေးမှုအမွေ "သီချင်းသီဆိုဖျော်ဖြေကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း(အေလာ) ကျောင်းစာကြည့်တိုက်အတွက် အလှူရှင်များက အလှူငွေများနှင့် သုတရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။


ထို့နောက် အမျိုးသားစာပေဆုရှင် စာရေးဆရာ မောင်စိမ်းနောင်(လယ်ဝေး)က စာပေလေ့လာ ဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးသည်။


အခမ်းအနားအပြီးတွင် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက  စာပေဆွေးနွေးပွဲ (Book Club)ဆွေးနွေးနေမှု၊ ကျောင်းသား ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအခြေအနေများ၊ စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ကျောင်းသားကျောင်းသူများ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။


အဆိုပါ အခြေခံပညာအထက်တန်းကျောင်း(အေလာ) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲ အသီးသီးမှ ဆုရရှိသူများကို မွန်းလွဲပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(အေလာ)ခန်းမ၌ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ကျောင်းသားကျောင်းသူများအား ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာတွင် ကျေးရွာစာကြည့် တိုက် တည်ဆောက်ရန် မြေနေရာလျထားမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)