သံဃာတော် အရှင်သူမြတ်များအား ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ လျှောက်ထားတင်ပြချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဃာတော် အရှင်သူမြတ်များအား ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ လျှောက်ထားတင်ပြချက်


ဒီနေ့မှာတော့ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကမ္မကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူရခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ဆရာတော်၊ သံဃာတော်များနဲ့ တပည့်ဒါယကာ၊ ဒါယိကာမများကို အဖြစ်မှန်သိရှိစေရေး ရိုသေစွာ လျှောက်ထားတင်ပြသွားမှာဖြစ်ပါတယ်ဘုရား။

ပထမဦးစွာ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့၊ ဘွဲ့ ၃ ဘွဲ့ဆက်ကပ်ပူဇော်ခံခဲ့ရတဲ့ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်ဟောင်း ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်ခဲ့တဲ့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို တပည့်တော်တို့က ရိုသေလေးစားစွာ ရှိခိုးပူဇော်အပ်ပါတယ်ဘုရား။ အလားတူပဲဒဏ်ရာရရှိခဲ့တဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ ဆရာတော်ကြီးအားလည်း ရိုသေစွာရှိခိုးပူဇော်အပ်ပါတယ်ဘုရား။

သံဃာတော်အရှင်မြတ်များနဲ့ ဒါယကာ၊ ဒါယိကာမများ ဘုရား ...

ဒီဖြစ်စဉ်ဟာ ယခု ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်မဖြစ်ပွားမီ အဲဒီဒေသရဲ့အခြေအနေများကိုလည်း သိရှိရန်လိုအပ်ပါတယ်။ ငါန်းဇွန်၊ မြို့သာဒေသဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမြောက်ခြမ်းက PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ရွာသားအယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး ဆက်ကြေးကောက်၊ ပြန်ပေးဆွဲ၊ မိုင်းထောင်မိုင်းခွဲ ဖောက်ခွဲတိုက်ခိုက်တာတွေ စတာတွေကို မကြာခဏလုပ်ဆောင်နေတဲ့နေရာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မဖြစ်ပွားခင် ၁ ရက်အလို ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ PDF အမည်ခံ အကြမ်းဖက်သမား ၅ ဦးဟာ ဆိုင်ကယ် ၃ စီးနဲ့ မြို့သာ ကျေးရွာလမ်းအတိုင်း အရပ်ဝတ်များနဲ့ မောင်းနှင်လာပြီး မြို့သာနယ်မြေရဲစခန်းကို ပစ်ခတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ရဲစခန်းအနီးမှာနေထိုင်တဲ့ အပြစ်မဲ့ သာမန် အရပ်သား ရွာသားတစ်ယောက် ကျဆုံး/သေဆုံးခဲ့ရပါတယ်။ ယခု ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်လောက်မှာ ဆီမီးခုံနဲ့ မန္တလေးပြေးဆွဲနေတဲ့ “ပြည့်စုံအောင်” ယာဉ်လိုင်းက မော်တော်ယာဉ်တစ်စီးကို အကြမ်းဖက် PDF အဖွဲ့က ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ကမ္မကျေးရွာအနီးကမ္မရွာရဲ့ အနောက်မြောက်ဘက်က ဖောင်းကတော၊ သားကျင်ဘက်ကို ခေါ်ဆောင်သွားတယ်ဆိုပြီး ဒေသခံတွေက သတင်းပေးတိုင်ကြားလာခဲ့ပါတယ်။ ဒါကြောင့် ငါန်းဇွန်မြို့မှာရှိနေတဲ့ လုံခြုံရေးအဖွဲ့များဟာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး အရှေ့ဘက်လမ်းကြောင်း၊ အနောက်ဘက် လမ်းကြောင်းနှစ်ကြောင်းနဲ့ ဖောင်းကတော၊ သားကျင်နေရာကို လုံခြုံရေးဆောင်ရွက်ဖို့ချီတက်ခဲ့ပါတယ်။ အနောက်ဘက်လမ်းကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့တဲ့အဖွဲ့ကို မနက် ၁၀ နာရီကျော်ကျော်လောက်မှာ ဖောင်းကတောရွာနား အရောက် PDF အကြမ်းဖက်အဖွဲ့ ၂၀ လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့တွေ တောင်ဘက်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကမ္မရွာဘက်ကို ထွက်ပြေးသွားတာကိုလည်း တွေ့ရှိရပါတယ်။ တပ်ကကျဆုံး၊ ဒဏ်ရာရသူရှိခဲ့သလို အကြမ်းဖက်အဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှုရှိတယ်ဆိုတာ သိရှိခဲ့ရပါတယ်။ အဲဒါနဲ့မရှေးမနှောင်းမှာပဲ အရှေ့ဘက်လမ်းကြောင်းကနေ ချီတက်နေတဲ့ လုံခြုံရေးအဖွဲ့ရောက်ရှိနေတဲ့ ကမ္မရွာအနီးက ပစ်ခတ်သံတွေကြားခဲ့ရပါတယ်။ အဲဒီအရှေ့ဘက်လမ်းကြောင်းကနေ ချီတက်နေတဲ့ လုံခြုံရေးအဖွဲ့ကလည်း ခုနကကျွန်တော်ပြောခဲ့တဲ့ မော်တော်ယာဉ်တစ်စီး ခေါ်ဆောင်သွားတယ်ဆိုတဲ့ ဖောင်းကတော၊ သားကျင်ရွာဘက်ကနေ ထွက်ပြေးလာတဲ့အကြမ်းဖက်အဖွဲ့တွေကို ပိတ်ဆို့နိုင်ဖို့ အလျင်အမြန်ချီတက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီ လုံခြုံရေးအဖွဲ့တွေဟာ ကမ္မရွာရဲ့ထိပ်ဘုရားအနီး လမ်းပေါ်မှာ ကမ္မရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစားယာဉ်တစ်စီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော်ဟစ်တားဆီးတာ၊ လက်ပြတားဆီးတာလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ နောက်ဆုံးသေနတ်ကို မိုးပေါ်ထောင်ပစ်ခတ်တားဆီး ခဲ့တယ်ဆိုတာလည်း သိရှိခဲ့ရပါတယ်။ အရပ်ကား Surf ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရှိရပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံစိစစ်ဆန်းစစ်သွားမှာဖြစ်ပါတယ်။

သံဃာတော်အရှင်သူမြတ်များနှင့် ဒါယကာ၊ ဒါယိကာမများဘုရား ...

အဲဒီဒေသမှာ လုံခြုံရေးဆောင်ရွက်နေရတဲ့ စစ်သည်များရဲ့ တာဝန်ထမ်းဆောင်ရမှုဟာ အခက်အခဲများစွာရှိပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့ပဲ အရပ်သားအယောင် ဆောင်ပြီး အပြစ်မဲ့ပြည်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ရန်သူ၊ မိမိ၊ သာမန်ပြည်သူလူထုကို ရုတ်တရက်ခွဲခြားနိုင်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီလိုအခြေအနေမျိုးမှာ မြို့ရွာတွေကို ကာကွယ်နိုင်ဖို့၊ သာမန်အရပ်သားပြည်သူတွေကို ကာကွယ်နိုင်ဖို့ ကြိုးစားတာဝန်ထမ်းဆောင်နေကြရပါတယ်။

တပ်မတော်အနေနဲ့ ဒီမြန်မာနိုင်ငံမှာ ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာ စည်ပင်ထွန်းကားပြန့်ပွားစေဖို့၊ ခိုင်မာစေဖို့ ရှေးယခင်ကတည်းက ယနေ့အထိ တက်ကြွနှိုးကြားစွာဆောင်ရွက်ခဲ့တာကို ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ ဘာသာဝင်တွေအားလုံး သိရှိပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလောက်ကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ပျက်စီးရာပျက်စီးကြောင်း အချိန်ကိုက်လှုံ့ဆော်နေတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့အထိ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်တိုက်ခိုက်မှုတွေကြောင့် ရဟန်းသံဃာ ၁၄၀ ပါး၊ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါးဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘာတစ်ခွန်းမှမပြောဘဲ ရေငုံနှုတ်ပိတ်နေနေကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့လိုအပ်ကြောင်း မေတ္တာရပ်ခံလိုပါတယ်။

သံဃာတော်အရှင်မြတ်များနှင့် ဒါယကာ၊ ဒါယိကာမများဘုရား ...

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပည့်တော်တို့လည်း ပရိယတ္တိသာသနာမှာ တန်ဖိုးရှိ ထင်ရှားကျော်ကြားလှတဲ့ သံဃာတော်အရှင်သူမြတ်တစ်ပါး ဆုံးရှုံးခဲ့ရလို့များစွာ ဝမ်းနည်းကြေကွဲရပါတယ်ဘုရား။ အဆင့်မြင့်အရာရှိကြီးများပါဝင်တဲ့ စုံစမ်းစစ်ဆေးအဖြစ်မှန်ဖော်ထုတ်ရေး အဖွဲ့ဖွဲ့စည်းပြီး ဖော်ထုတ်သွားပါမယ်ဘုရား။ စုံစမ်းဖော်ထုတ်တွေ့ရှိချက်များအရ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားပါမည်။

ဆရာ၊ ဒကာ လက်တွဲညီ သာသနာ့အကျိုးဆက်လက်ဆောင်ရွက်ပါမည်ဘုရား။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုပါဘုရား။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)