ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ






ရန်ကုန်၊ ဇွန် ၂၁      

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်ရှိသတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံး ဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း တော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ တိုင်းဒေသကြီး၀န်ကြီးချုပ်၊တိုင်းဒေသကြီး၀န်ကြီးများနှင့်ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက်  နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)ရေစက်ချပွဲအခမ်းအနားကို စေတီတော် ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ‌ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တကဉ္စနထံမှ တိုင်းဒေသကြီး၀န်ကြီးများ၊ဂေါပက အဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက နဝင်္ဂသီလ ခံယူဆောက်တည် ကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့် ကျ သဘာပတိ ဦးကျော်ဇေယျက "ဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာ"ကိုလျှောက်ထားသည်။

ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့်ပင့်သံဃာတော်များအားတိုင်းဒေသကြီး၀န်ကြီးများနှင့်ဂေါပကအဖွဲ့၀င်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ 

ယင်းနောက်ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်) ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်မှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့ လှည်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပရာ မဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံအားဖော်ကျူးသည့်အားဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက  ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြုလျက် မင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာဂေါပကအဖွဲ့၀င်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့်ရွှေတိဂုံစေတီတော်မြတ်ကြီးသို့လာရောက်ဖူးမြော်ကြည်ညိုကြသည့်ဘုရားဖူးပြည်သူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအားလက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီးချမ်းသာကြီးတန်ဆောင်းတွင်စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊နတ် ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း, အမျှဝေ, သာခုခေါ်ဆိုခြင်း၊ နတ် ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ပြုလုပ်ကြပြီးနောက် ကမ္ဘာသူကမ္ဘာသား ဝေနေယျသတ္တဝါအပေါင်းတို့ ငြိမ်းချမ်းစေရန် ရည်သန်၍ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ ခေါင်းလောင်းများအား ပြိုင်တူတီးခတ်ကာဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)