ဒလမြို့နယ်၊ ရာဇသင်္ကြန်လမ်း အချင်းဖြစ်မြေနေရာတွင် ခွင့်ပြုချက်မရဘဲ ဒေါက်တာ ခင်ခင်စိုး မှ ခြံစည်းရိုးခတ်ထားသည့်အပေါ် ပြန်လည် ဖျက်သိမ်းပေးရန် ထပ်မံ အကြောင်းကြားထားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်၊ ရာဇသင်္ကြန်လမ်း အချင်းဖြစ်မြေနေရာတွင် ခွင့်ပြုချက်မရဘဲ ဒေါက်တာ ခင်ခင်စိုး မှ ခြံစည်းရိုးခတ်ထားသည့်အပေါ် ပြန်လည် ဖျက်သိမ်းပေးရန် ထပ်မံ အကြောင်းကြားထားကြောင်း သိရ







ရန်ကုန်၊ ဇွန် ၂၁

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း အချင်းဖြစ်မြေနေရာ မြေကွက်အမှတ် (၁၄၂၁/ဒီ) ရှိ မြေကွက်တွင် ခွင့်ပြုချက်မရမီ ခြံစည်းရိုးကာရံနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြန်လည်ဖျက်သိမ်းပေးရန် အကြောင်းကြားစာ ပို့ခဲ့သော်လည်း ပြန်လည်ဖျက်သိမ်းခြင်း မရှိသဖြင့် ၄-၇-၂၀၂၄ ရက်နေ့ မတိုင်မီ ပြန်လည်ဖျက်သိမ်းရန် ထပ်မံအကြောင်းကြား ထားကြောင်း သိရသည်။

ဒလမြို့နယ်စည်ပင်သာယာဌာန မှ ဒေါက်တာ ခင်ခင်စိုး အနေဖြင့် ခွင့်ပြုချက်မရဘဲ ခြံစည်းရိုးခတ်ထားခြင်းအား (၁၉-၆-၂၀၂၄) ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် အကြောင်းကြားခဲ့သည့် အခြေအနေကို စာရွက်စာတမ်း မိတ္တူ မရခဲ့သော်လည်း Myanmar National Post သို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ခဲ့သည့် ဦးရဲမင်းသူ ကိုယ်တိုင် သွားရောက်မေးမြန်းစဉ်က သိရှိခဲ့ရသည့်အခြေအနေကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ထပ်မံအကြောင်းစာ ပေးပို့သည့် အခြေအနေနှင့် ပတ်သက်၍ ဦးရဲမင်းသူ က "ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ တိုင်ကြားထားတဲ့သူတွေကိုလည်း မိတ္တူပေးပါတယ်။ ကျွန်တော် ဦးရဲမင်းသူ၊ ဒေါ်သန်းဆင့်၊ ဒေါ်မြင့်မြင့်မော်၊ ဦးမင်းသူအောင်၊ ဦးသန်းနိုင် တို့ကို ဒေါက်တာ ခင်ခင်စိုးထံ ခြံစည်းရိုးပြန်လည်ဖျက်သိမ်းဖို့ ထပ်မံ သတိပေးစာနဲ့ ပတ်သက်ပြီး မိတ္တူပေးထားပါတယ်" ဟု ပြောသည်။

အဆိုပါ အချင်းဖြစ်မြေနေရာတွင် ဒေါက်တာ ခင်ခင်စိုး ဝင်ရောက်လာပြီးနောက် စက်မှုလုပ်ငန်း လုပ်ကိုင်နေသူများထဲမှ ဦးရဲမင်းသူ က ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်ဝန်ထံ (၃)ကြိမ် တင်ပြတိုင်ကြားခဲ့ပြီး ယနေ့ (၂၁-၆-၂၀၂၄) ရက်နေ့တွင် ၎င်းတို့ နေထိုင်လုပ်ကိုင်ခဲ့သည့် အခြေအနေနှင့် တရားဝင် ပိုင်ဆိုင်မှု ချထားပေးနိုင်ရန် တင်ပြဆောင်ရွက်ခဲ့မှု အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် နှင့် ရန်ကုန်မြို့တော်စည်ပင်၊ မြို့တော်ဝန် ထံ လိပ်မူ၍ ထပ်မံပေးပို့တင်ပြထားကြောင်း သိရသည်။

ဦးရဲမင်းသူ က "ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိလူးကြီးမင်းများအနေဖြင့် ဒေါ်ခင်ခင်စိုးအား ချထားပေးသော ပါမစ်နှင့် ခတ်ထားသော ခြံစည်းရိုးအား တရားဝင် ဖျက်သိမ်းပေးပါရန်နှင့် ဒေါ်ခင်ခင်စိုးအား တရားဥပဒေနှင့်အညီ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ပေးပါရန် တင်ပြလိုပါတယ်။ နှစ်ပေါင် ၈၀ကျော်နေထိုင်လာခဲ့သော ဘိုးဘပိုင်မြေနေရာမှာ အမည်ပေါက်ဂရန်ချထားပေးပါရန် သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှစ၍ (၁၅)ကြိမ်တိုင်တိုင် အသနားခံတင်ပြခဲ့ပြီးသည်ဖြစ်၍ တရားဝင်အမည်ပေါက် ချထားပေးပါရန် (၁၆)ကြိမ်မြောက် ထပ်မံ တင်ပြတောင်းဆိုလိုတပါတယ်။" ဟု ပြောသည်။

အဆိုပါ အချင်းဖြစ်မြေနေရာနှင့် ပတ်သက်၍ ဦးရဲမင်းသူ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာအား Myanmar National Post မှ ဖော်ပြခဲ့သည့်အပေါ် ဒေါက်တာ ခင်ခင်စိုး ၏ ရှေ့နေများက Myanmar National Post မှ သတင်းမှား ဖော်ပြသည်ဟူ၍လည်းကောင်း၊ ကျူးကျော်နေထိုင်သူ ၉၉ ဦးထံမှ တရားဝင်ညှိနှိုင်းဖြေရှင်းပြီး လက်ရောက်ရယူထားသည်ဟူ၍လည်းကောင်း ရေးသားဖော်ပြ၍ နိုင်ငံတော်ပိုင် သတင်းစာများမှ Myanmar National Post သတင်းအေဂျင်စီကို တရားစွဲဆိုမည်ဟု ၁၂-၆-၂၀၂၄ ရက်နေ့က ထည့်သွင်းကြေညာထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)