အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်နိုင်စေရန်ရည်ရွယ်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်နိုင်စေရန်ရည်ရွယ်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ ဇွန် ၁၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမဆောင်၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုဖြစ်စေနိုင်သည့် ကိစ္စရပ်များ၊ နစ်နာဆုံးရှုံးမှုများနှင့် ဆိုးကျိုးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်သဘောပေါက်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်နိုင်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပေါ်နိုင်သည့်အတွက် ကျူးလွန်မိပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ အရေးယူအပြစ်ပေးခံရခြင်းကြောင့် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာ ရှောင်ကြဉ်ရန်အထူးလိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ကို ဖွဲ့စည်း၍ အဂတိလိုက်စားမှု လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင် မိမိအဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများ အသိပညာပေးကဏ္ဍကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအပေါ် ယုံကြည်အားကိုးခြင်းသည် အစိုးရအပေါ်ယုံကြည်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနှင့်မိမိဌာန၊ မိမိနိုင်ငံတော်၏ ပုံရိပ်ကောင်းမွန်ရန်အတွက် အဂတိတရားကင်းစင်၍ ဖြောင့်မတ် တည်ကြည်စွာ အများပြည်သူအကျိုးစီးပွားကိုရှေးရှု၍ တာဝန်ထမ်းဆောင်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအခန်းကဏ္ဍ၊ စုံစမ်းစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အကြောင်းရင်းများ၊ ဆိုးကျိုးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)