သံဃာနဲ့ တပ်မတော်ကို ရန်တိုက်နေကြတဲ့ ပြည်ဖျက်မီဒီယာတွေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဃာနဲ့ တပ်မတော်ကို ရန်တိုက်နေကြတဲ့ ပြည်ဖျက်မီဒီယာတွေ



ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဖြစ်စဉ်အပေါ် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေနဲ့ ပြည်ဖျက်မီဒီယာတွေဘက်က အလွန်အမင်း အာရုံစိုက် လှုံ့ဆော်နေကြပါတယ်။ သူတို့ လိုလားချက်ကို ရောက်ဖို့ ပုံဖော်လှုံ့ဆော်နေကြခြင်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လိုလားချက်ကတော့ သံဃာအဖွဲ့အစည်းနဲ့ တပ်မတော် ပဋိပက္ခပေါ်ပေါက်လာစေဖို့ ဦးတည်လှုံ့ဆော်တဲ့ လှုံ့ဆော်မှုမျိုးဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ရွှေဝါရောင်လို အခင်းအကျင်းတစ်ခုကို သူတို့ ဖန်တီးချင်နေကြတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ဖြစ်ပေါ်ရာ နေရာအခင်းအကျင်းနဲ့ ပတ်သက်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက (၂၁-၆-၂၀၂၄) ရက်နေ့က သံဃာတော် အရှင်သူမြတ်များကို လျှောက်ထား တင်ပြသွားတဲ့အထဲမှာ "ဒီဖြစ်စဉ်ဟာ ယခု ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်မဖြစ်ပွားမီ အဲဒီဒေသရဲ့အခြေအနေများကိုလည်း သိရှိရန်လိုအပ်ပါတယ်။ ငါန်းဇွန်၊ မြို့သာဒေသဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမြောက်ခြမ်းက PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ရွာသားအယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး ဆက်ကြေးကောက်၊ ပြန်ပေးဆွဲ၊ မိုင်းထောင်မိုင်းခွဲ ဖောက်ခွဲတိုက်ခိုက်တာတွေ စတာတွေကို မကြာခဏလုပ်ဆောင်နေတဲ့နေရာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မဖြစ်ပွားခင် ၁ ရက်အလို ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ PDF အမည်ခံ အကြမ်းဖက်သမား ၅ ဦးဟာ ဆိုင်ကယ် ၃ စီးနဲ့ မြို့သာ ကျေးရွာလမ်းအတိုင်း အရပ်ဝတ်များနဲ့ မောင်းနှင်လာပြီး မြို့သာနယ်မြေရဲစခန်းကို ပစ်ခတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ရဲစခန်းအနီးမှာနေထိုင်တဲ့ အပြစ်မဲ့ သာမန် အရပ်သား ရွာသားတစ်ယောက် ကျဆုံး/သေဆုံးခဲ့ရပါတယ်။ ယခု ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်လောက်မှာ ဆီမီးခုံနဲ့ မန္တလေးပြေးဆွဲနေတဲ့ “ပြည့်စုံအောင်” ယာဉ်လိုင်းက မော်တော်ယာဉ်တစ်စီးကို အကြမ်းဖက် PDF အဖွဲ့က ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ကမ္မကျေးရွာအနီးကမ္မရွာရဲ့ အနောက်မြောက်ဘက်က ဖောင်းကတော၊ သားကျင်ဘက်ကို ခေါ်ဆောင်သွားတယ်ဆိုပြီး ဒေသခံတွေက သတင်းပေးတိုင်ကြားလာခဲ့ပါတယ်။ ဒါကြောင့် ငါန်းဇွန်မြို့မှာရှိနေတဲ့ လုံခြုံရေးအဖွဲ့များဟာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး အရှေ့ဘက်လမ်းကြောင်း၊ အနောက်ဘက် လမ်းကြောင်းနှစ်ကြောင်းနဲ့ ဖောင်းကတော၊ သားကျင်နေရာကို လုံခြုံရေးဆောင်ရွက်ဖို့ချီတက်ခဲ့ပါတယ်။ အနောက်ဘက်လမ်းကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့တဲ့အဖွဲ့ကို မနက် ၁၀ နာရီကျော်ကျော်လောက်မှာ ဖောင်းကတောရွာနား အရောက် PDF အကြမ်းဖက်အဖွဲ့ ၂၀ လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့တွေ တောင်ဘက်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကမ္မရွာဘက်ကို ထွက်ပြေးသွားတာကိုလည်း တွေ့ရှိရပါတယ်။ တပ်ကကျဆုံး၊ ဒဏ်ရာရသူရှိခဲ့သလို အကြမ်းဖက်အဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှုရှိတယ်ဆိုတာ သိရှိခဲ့ရပါတယ်။ အဲဒါနဲ့မရှေးမနှောင်းမှာပဲ အရှေ့ဘက်လမ်းကြောင်းကနေ ချီတက်နေတဲ့ လုံခြုံရေးအဖွဲ့ရောက်ရှိနေတဲ့ ကမ္မရွာအနီးက ပစ်ခတ်သံတွေကြားခဲ့ရပါတယ်။ အဲဒီအရှေ့ဘက်လမ်းကြောင်းကနေ ချီတက်နေတဲ့ လုံခြုံရေးအဖွဲ့ကလည်း ခုနကကျွန်တော်ပြောခဲ့တဲ့ မော်တော်ယာဉ်တစ်စီး ခေါ်ဆောင်သွားတယ်ဆိုတဲ့ ဖောင်းကတော၊ သားကျင်ရွာဘက်ကနေ ထွက်ပြေးလာတဲ့အကြမ်းဖက်အဖွဲ့တွေကို ပိတ်ဆို့နိုင်ဖို့ အလျင်အမြန်ချီတက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီ လုံခြုံရေးအဖွဲ့တွေဟာ ကမ္မရွာရဲ့ထိပ်ဘုရားအနီး လမ်းပေါ်မှာ ကမ္မရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစားယာဉ်တစ်စီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော်ဟစ်တားဆီးတာ၊ လက်ပြတားဆီးတာလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ နောက်ဆုံးသေနတ်ကို မိုးပေါ်ထောင်ပစ်ခတ်တားဆီး ခဲ့တယ်ဆိုတာလည်း သိရှိခဲ့ရပါတယ်။ အရပ်ကား Surf ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရှိရပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံစိစစ်ဆန်းစစ်သွားမှာဖြစ်ပါတယ်။" လို့ လျှောက်ထား တင်ပြထားပါတယ်။


ဗိုလ်ချုပ်ဇော်မင်းထွန်း ရဲ့ လျှောက်ထားတင်ပြချက်မှာ "အဲဒီဒေသမှာ လုံခြုံရေးဆောင်ရွက်နေရတဲ့ စစ်သည်များရဲ့ တာဝန်ထမ်းဆောင်ရမှုဟာ အခက်အခဲများစွာရှိပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့ပဲ အရပ်သားအယောင် ဆောင်ပြီး အပြစ်မဲ့ပြည်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ရန်သူ၊ မိမိ၊ သာမန်ပြည်သူလူထုကို ရုတ်တရက်ခွဲခြားနိုင်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီလိုအခြေအနေမျိုးမှာ မြို့ရွာတွေကို ကာကွယ်နိုင်ဖို့၊ သာမန်အရပ်သားပြည်သူတွေကို ကာကွယ်နိုင်ဖို့ ကြိုးစားတာဝန်ထမ်းဆောင်နေကြရပါတယ်။" လို့ ဖြည့်စွက် တင်ပြထားပါတယ်။

ပြည်ပသြဇာခံ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများ၊ ပြည်ဖျက်မီဒီယာများက သွေးထိုးလှုံ့ဆော်နေမှုတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က "တပ်မတော်အနေနဲ့ ဒီမြန်မာနိုင်ငံမှာ ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာ စည်ပင်ထွန်းကားပြန့်ပွားစေဖို့၊ ခိုင်မာစေဖို့ ရှေးယခင်ကတည်းက ယနေ့အထိ တက်ကြွနှိုးကြားစွာဆောင်ရွက်ခဲ့တာကို ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ ဘာသာဝင်တွေအားလုံး သိရှိပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလောက်ကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ပျက်စီးရာပျက်စီးကြောင်း အချိန်ကိုက်လှုံ့ဆော်နေတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့အထိ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်တိုက်ခိုက်မှုတွေကြောင့် ရဟန်းသံဃာ ၁၄၀ ပါး၊ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါးဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘာတစ်ခွန်းမှမပြောဘဲ ရေငုံနှုတ်ပိတ်နေနေကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့လိုအပ်ကြောင်း မေတ္တာရပ်ခံလိုပါတယ်။" လို့ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေခံပြီး သံဃာတော် အရှင်သူမြတ်များကို လျှောက်ထား တင်ပြထားပါတယ်။

ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေဖြစ်တဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်တွေနဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အပါအဝင် ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနဲ့ သူတို့ရဲ့ လက်ပါးစေ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပါအဝင် သူတို့ရဲ့ အပေါင်းအပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်အပါး (၁၄၀)ကျော် အတွက် ဘာကြောင့်နှုတ်ဆိတ်နေခဲ့ကြသလဲ သံဃာတော် အရှင်သူမြတ်များနဲ့ ပြည်သူများ စဉ်းစားချင့်ချိန်ကြည့်ရင် အဖြေတွေ့မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီအရည်ခြုံ (ငါမိုကရေစီဝါဒီ)တွေရဲ့ ရည်ရွယ်ချက်က အာဏာရဖို့ မဟုတ်ပါဘူး။ အာဏာလိုချင်မှဖြင့် တိုင်းတပါးမှာ နိုင်ငံသားခံယူတာမျိုး ဘယ်လုပ်မလဲ။ အခု သူတို့တွေက အမေရိကန်နိုင်ငံသား၊ အင်္ဂလန်နိုင်ငံသား၊ ဆွီဒင်နိုင်ငံသား၊ သြစတေးလျနိုင်ငံသားတွေ ဖြစ်နေကြပြီ။ မစားရတဲ့အမဲ သဲနဲ့ ပတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းပြည်တွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေဖို့ အဓိကပါပဲ။ ဒါမှသာ သူတို့ရဲ့ နောက်ကွယ်က ကူညီပံ့ပိုးသူတွေ စိတ်တိုင်းကျ ဖြစ်မယ်။ ငွေကြေးထောက်ပံ့သူတွေရဲ့ အလိုကျ ဖြစ်စေဖို့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားရေးနဲ့ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်နေဖို့ကို နည်းမျိုးစုံနဲ့ လှုံ့ဆော်နေကြခြင်းဖြစ်ပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူများက တာဝန်ယူ၊ တာဝန်ခံပြီး စုံစမ်းစစ်ဆေး ဆောင်ရွက်ပေးနေတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒီကနေ့ပဲ ကားသမားကို လုပ်ကြံထွက်ဆိုခိုင်းသူ၊ ကားသမား၊ ရုပ်သံ ဖန်တီးရိုက်ကူး ဖြန့်ချိသူတွေကို စစ်ဆေးနေပြီလို့ သိရပါတယ်။

ဆိုရပါမူ KIA, PDF, CNF သတ်လို့ သေခဲ့ရတဲ့ သံဃာတော်တွေအတွက် NUG အကြမ်းဖက်အဖွဲ့အပါအဝင် ပြည်ဖျက်မီဒီယာတွေက ဘာများ ပြောခဲ့ဖူးတာ ကြားရပါသလဲ။ သံဃာတော်များကိုပင် ဒလန်မို့လို့ သတ်တယ်လို့ ခေါင်းစဉ်တပ်ပြီး သတင်းထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေဟာ အခြားသော ဘာသာဝင်တွေရဲ့ အခါကြီး၊ ရက်ကြီးမျိုးဆို သဝဏ်လွှာပါးပြီး ဌောပနာပြုကြပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် အခါကြီးရက်ကြီးများမှာဆိုရင် ဘုရားမဖူးဖို့၊ ပွဲလမ်းသဘင် မသွားဖို့ ခြိမ်းခြောက်ရုံမျှမကဘဲ မိုင်းခွဲ၊ ဗုံးခွဲ အထိတ်တလန့်ဖြစ်အောင် ဖန်တီးလုပ်ဆောင်ခဲ့ကြတဲ့ ဖြစ်စဉ်တွေလည်း မနည်းပါဘူး။

ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်ကတော့ လယ်ပြင်မှာ ဆင်သွားသည်ထက်ကို ထင်ရှားတဲ့ ယုတ်မာကောက်ကျစ်မှုတွေကို မြင်တွေ့ရပါတယ်။ ဒီလို သွေးထိုးလှုံ့ဆော်မှုတွေအပေါ်မှာ နားယောင်မိကြရင်ဖြင့် တိုင်းပြည်မှာ အနိဋ္ဌာရုံတွေနဲ့သာ ပြည့်နက်နေပါလိမ့်မယ်။

ပြည်ဖျက်မိစ္ဆာများရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေအပေါ် စိစစ်ဝေဖန်ပြီး သတိပြုကြဖို့ကိုသာ အလေးထား တင်ပြလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)