စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ကိုင်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းဝေးနှင့် စစ်ကိုင်းမြို့ရှိ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ကိုင်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းဝေးနှင့် စစ်ကိုင်းမြို့ရှိ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များနှင့် တွေ့ဆုံ



မုံရွာ၊ ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ စစ်ကိုင်းမြို့နယ်နှင့်ခရိုင် စိမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် စစ်ကိုင်းခရိုင်၏မြို့နယ်များအတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများက စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စစ်ကိုင်းမြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် စစ်ကိုင်းမြို့အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့ရွာများအား လုံးတပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအနေဖြင့် စစ်ကိုင်းမြို့အား ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် လုပ်ငန်းများစံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ဘဏ္ဍာနှစ်တွင်ပြီးစီးရေးအတွက် တာဝန်ရှိသူများအားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း နှင့်စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ထွက်ရှိရေးတို့အား အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါအစည်းအဝေးခန်းမတွင် စစ်ကိုင်းမြို့ရှိ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီပုထိုးများအား လာရောက်ဖူးမျှော်ကြမည့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့်ဖူးမျှော်နိုင်ရေး ဂေါပကအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် အမြဲသန့်ရှင်းသပ်ရပ်စေရေးတို့အား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဂေါပကအဖွဲ့များမှ မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လိုအပ်သည်များဖြည့်စွက် ဆွေးနွေးတင်ပြကြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)