ဒီမိုကရေစီထက်အရေးကြီးသော တည်ငြိမ်မှုနှင့်အတူ ငြိမ်းချမ်းရေးအတွက် စစ်ပြင်နေမှုများ နားစွင့်ပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီမိုကရေစီထက်အရေးကြီးသော တည်ငြိမ်မှုနှင့်အတူ ငြိမ်းချမ်းရေးအတွက် စစ်ပြင်နေမှုများ နားစွင့်ပါ


ကျွန်တော်တို့နိုင်ငံက လူတွေမှာမတူကွဲပြား၊ ခြားနားစိတ်အထွေထွေ၊ အယူအဆအမျိုးမျိုးနဲ့ အမြင်မတူတာတွေကို တူအောင်လုပ်မယ်ဆိုတဲ့ စေတနာနဲ့တကွ ဉာဏ်ပညာမရှိသရွေ့ ကျွန်တော်တို့ နိုင်ငံကြီးဟာ ဒီမိုကရေစီနဲ့မထိုက်တန်သေးပါဘူး။ အားကြီးရင်အားသေးတဲ့သူအပေါ် နိုင်စားလုပ်ချင်ကြတယ်၊ အချောင်သက်သက် ချမ်းသာချင်တဲ့ လောဘအားကြီးလွန်းတော့ အဂတိလာဘ်ပေးလာဘ်ယူက ကူးစက်ရောဂါအကြီးစားကြီးတစ်ခုလို၊ လိုချင်တာမရလို့ ဒေါသအားကြီးလာတဲ့အခါ မိမိကိုမထောက်ခံတိုင်း သတ်မယ်ဖြတ်မယ်ချည်း၊ အရာရာကိုထိန်းချုပ်နိုင်စွမ်းမရှိ အာဃာတအငြိုးအ‌တေးကြီးသူတွေ၊ စိတ်နဲ့ခံစားလွယ်ပြီး အသိဉာဏ်နဲ့ မဆင်ခြင်တတ်သူတွေဟာ ဒီမိုကရေစီနဲ့တန်ပါရဲ့လား၊ ဒီမိုကရေစီနဲ့မတန်တဲ့သူတွေကြောင့် မငြိမ်းချမ်းခြင်းဖြစ်လာတယ်၊ ကမ္ဘာကြီးလည်း ထို့အတူ.. ကမ္ဘာသူ၊ ကမ္ဘာသားတွေမှာ ယခုအခါတတိယကမ္ဘာစစ်မီး ဖြစ်မယ့်အရေးကျီးလန့်စာစားဖြစ်နေကြရတယ်။ စစ်မက်ဆိုတဲ့ကပ်ဘေးကြီးကို ကြောက်နေရတဲ့ ဘဝများစွာကြားမှာ စစ်ပြင်သူကလည်း ပြင်နေကြပြီဖြစ်တဲ့အခါ..။


နာကျင်မှုဒုက္ခတွေကြားက  မျှော်လင့်ဖွယ်ငြိမ်းချမ်းရေး ဒီမိုကရေစီအရေး

မြန်မာနိုင်ငံမှာလည်း ဘယ်မလဲဒီမိုကရေစီ။ ကိုယ်တိုင်ကဒီမိုကရေစီမရှိ။ ကိုယ်တိုင်လည်းမကျင့်၊ ကိုယ်နဲ့မထိုက်တန်တဲ့ ဒီမိုကရေစီကို မျက်စိမှိတ်တောင်းဆိုခဲ့ကြဖူးတယ်။ ကိုယ်တိုင်လည်းတရားမရှိ၊ မျှမျှတတလည်းမလုပ်တတ်၊ ဘာစံနှုန်းမှလည်းမရှိဘဲ ဒီမိုကရေစီစံနှုန်းဆိုပြီးယောင်ခဲ့ကြဖူးတယ်။ ဒီမိုကရေစီက လူထုအကျိုး၊ အများအကျိုးအတွက်၊ လက်ရှိဖြစ်နေတာက ကိုယ့်အကျိုးချည်းဖြစ်နေတယ်..ပြန်ကြည့်ပါ။


အသိဉာဏ်ဆင်းရဲခြင်းက စစ်မှန်တဲ့ဒီမိုကရေစီနဲ့မလိုက်ဖက်၊ ကိုယ်တိုင်ကငါနဲ့မတူ ငါ့ရန်သူသဘောထား၊ အာဏာရှင်တိုက်ဖျက်ကြဆိုပြီး အာဏာရှင်ဆန်ဆန် လူသတ်ပြ‌နေဆဲ၊ အကြမ်းဖက်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် သေကျေဒဏ်ရာရခဲ့ကြတဲ့ ကျောင်းသားအရွယ် လူမမည်လေးတွေရဲ့ လတ်တလောအဖြစ်တွေ၊ အပြစ်မဲ့ပြည်သူတွေ၊ အပြစ်မဲ့တိုင်းရင်းသားတွေရဲ့အဖြစ်တွေ၊ ဖွံ့ဖြိုးရေးအတွက် ဦးတည်တဲ့ လမ်း၊ တံတား၊ အခြေခံအဆောက်အအုံတွေကိုတောင် အများသူငါအသက်အိုးအိမ်စည်းစိမ်ကိုမကြည့် ဗုံးခွဲတိုက်ခိုက်ခဲ့သူတွေ၊ တိုက်ခိုက်ဖို့ဝန်မလေးခဲ့ကြသူတွေဟာ ဘယ်လောက်ပညာရေချိန်အားနည်းပြီး အသိဉာဏ်တွေဘယ်လိုအားနည်း‌ကြောင်း သိခဲ့ရပြီမဟုတ်လား။


ဒါပေမဲ့ အခုလိုအကြမ်းဖက်မှုတွေကို ခိုင်းစေသူတွေမှာတော့ ပညာမပါဘဲ ပညာရှင်ဆန်ပြနေတုန်းပါပဲ။ သဘောတရားချည်းရွတ်၊ လက်တွေ့မပါတဲ့ အကန်းများသာဖြစ်နေကြရရှာတယ်။ ကမ္ဘာနဲ့မြန်မာ အဖြစ်အပျက်တွေကနေ နာနာကျင်ကျင်နဲ့ သင်ခန်းစာယူရမယ့်အရာတွေ များစွာရှိနေပါတယ်။ ဒီကြားထဲကပဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ စည်းကမ်းရှိတဲ့ ဒီမိုကရေစီအရေး၊ မဆုတ်မနစ်အားထုတ် ကြိုးပမ်းနေကြတဲ့ ခေါင်းဆောင်တွေ၊ ပါတီအဖွဲ့အစည်းတွေကြောင့် တိုင်းရင်းသားပြည်သူတွေဘက်က မျှော်လင့်ချက်တွေရှိလာတာကိုတော့ ဝမ်းသာအားတက်ဖွယ်အဖြစ် ဖော်ပြလိုပါတယ်။


တတိယကမ္ဘာစစ်ကို ဖန်တီးနေသူတွေကြောင့်

မြန်မာဘက်ကနေ ကမ္ဘာကြီးဘက်ခဏလှည့်ကြရအောင်။ အခုအချိန်မှာ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံပူးပေါင်းမှုက အမေရိကန်နဲ့ နေတိုးကို ယှဉ်နိုင်လာတဲ့ အရွေ့တစ်ခုကိုတွေ့နေရတယ်။ ရုရှားနဲ့တရုတ်က စီးပွားရေးကို အားသွန်ထူထောင်ရင်း စစ်ရေးအရတန်းတူအနေအထား တစ်ခုရောက်လာတဲ့အခါ မကြာခင်မှာ အမေရိကန်နဲ့နေတိုးကို ကျော်ဖြတ်သွားမယ့် အလားအလာတွေ ရှိလာနေတယ်။


အကယ်၍ ထိုင်ဝမ်ကတရုတ်ကနေခွဲထွက်ပြီး လွတ်လပ်ရေးကြေညာခဲ့ရင် တရုတ်က ထိုင်ဝမ်ကို စစ်ရေး၊ စီးပွားရေးအရဖိအားပေးဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေသလို ရုရှားကလည်းနေတိုးလက်နက်တွေ သူ့ပြည်တွင်းအထိ တိုက်ခိုက်တာနဲ့တစ်ပြိုင်နက် နေတိုးနိုင်ငံတွေကို တိုက်ခိုက်ဖို့ပြင်ထားပြီးပြီ။ လက်ရှိမှာ ရုရှားက ယူကရိန်းစစ်ကို ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေပေမယ့် ယူအက်စ်နဲ့ နေတိုးက ယူကရိန်းကို စစ်လက်နက်တွေ အဆက်မပြတ်ထောက်ပံ့၊ စစ်ကို ပိုမိုပြင်းထန်စေပြီး ရေရှည်စစ်အထိ ဆွဲဆန့်ဖို့နဲ့ ကမ္ဘာကြီးကို တတိယကမ္ဘာစစ်အထိ အပါခေါ်ဖို့လုပ်နေပုံရတယ်။


ဒီမိုကရေစီစနစ်ကျင့်သုံးပြီး လူ့အခွင့်အရေးမှာ စံပြဆိုတဲ့ ယူအက်စ်နဲ့ နေတိုးခေါင်းဆောင်တွေဟာ ယူကရိန်းနဲ့ ဂါဇာပြည်သူတွေကို မညှာမတာ စစ်မီးလောင်တိုက်ထဲ သွင်းနေသလိုလိုအပ်ရင် ရုရှားဘက်က နျူလက်နက်ပါထုတ်သုံးဖို့အထိ ဖြစ်လာအောင်လုပ်မယ့်အနေအထား၊ ညှိနှိုင်းဖြေရှင်းဖို့ကျတော့လည်း ရုရှားကသူ့ဘက်က သိမ်းပြီးနယ်မြေအားလုံးပေးမှ စစ်ပြေငြိမ်းပေးမယ့် သဘောပြောနေပြီ။ တကယ်တမ်းဆန်းစစ်ရင် အမေရိကန်နဲ့နေတိုးဟာ သူတို့အကျိုးအတွက်ဆိုရင် ဘာမဆိုစတေးပစ်မယ့် အနေအထားတချို့ကို ယူကရိန်းနဲ့ဂါဇာအရေးကနေ သတိထားမိတယ်။


စစ်ကြောင့် ယူကရိန်းပြည်သူတွေ၊ ဂါဇာကအရပ်သားတွေ ဒုက္ခအကြီးအကျယ်ရောက်နေမှုကို အမေရိကန်နဲ့ နေတိုးခေါင်းဆောင်တွေ လျစ်လျူရှုနေကြတယ်။ ယနေ့စစ်ဘေးဒုက္ခနဲ့ အငတ်ဘေးကို UN ကလွဲပြီး ဘယ်သူမှစိတ်မဝင်စားနိုင်အားကြဘူး။ ဒီအချိန်မှာ ပြည်တွင်းမှာ နိုင်ငံရေးအကွဲအပြဲနဲ့ပါ သိက္ခာကျနေတဲ့ ယူအက်စ်ခေါင်းဆောင်တွေ၊ EU ပါလီမန်မှာ အခြေအနေမကောင်းတဲ့ ဥရောပခေါင်းဆောင်တွေ သူတို့ဘာလုပ်နိုင်မလဲ၊ ဒီမိုကရက်တွေသမုတ်တဲ့ အာဏာရှင်ခေါင်းဆောင်ဆိုသူတွေက သူ့ပြည်သူ၊ သူ့နိုင်ငံအတွက် အပြောင်းအလဲတွေလုပ်၊ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး စီးပွားရေးတိုးတက်တည်ငြိမ် အေးချမ်းနေချိန်မှာ ယူအက်စ်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင်တို့ ရန်ဖြစ်ကောင်းတုန်း။


ဘာအပြောင်းအလဲ၊ ဘာတိုးတက်မှုမှမလုပ်နိုင်၊ ကိုယ့်အားနည်းချက်ကို ကိုယ်မမြင်နိုင်တဲ့ ယူအက်စ်ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကို သင်ခန်းစာယူမိတယ်။ ဘာသွားတွေ့ရသလဲဆိုတော့ ယနေ့ခေတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ဒီမိုကရေစီကအရေးကြီးသလား၊ ခေါင်းဆောင်မှုက အရေးကြီးသလား၊ စနစ်ကအရေးကြီးသလား၊ လူကအရေးကြီးသလားဆိုတာ တွေ့လာရတယ်။ ဒါ့အပြင် ခက်ခက်ခဲခဲတည်ဆောက်ရတဲ့ နိုင်ငံတစ်ခုရဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာ နိုင်ငံရေးအမြင်အပြင် စစ်ရေးအမြင်ရှိမှုကလည်း အရေးပါတယ်ဆိုတာတွေ့ရပြန်တယ်။ (ယူကရိန်းခေါင်းဆောင်နဲ့ အစ္စရေးခေါင်းဆောင်တွေရဲ့ နမူနာကို နှိုင်းယှဉ်ကြည့်စေချင်ပါတယ်)။


အနောက်ဒီမိုကရေစီသည် ယနေ့ကမ္ဘာကြီးမှာ တကယ်အလုပ်ဖြစ်ရဲ့လား

အထူးသဖြင့် အနာဂတ်ကို ခေါင်းဆောင်မယ့် ယနေ့ကျွန်တော်တို့လူငယ်တွေ မြန်မာ့အရေး၊ ကမ္ဘာ့အရေးမျက်ခြည်မပြတ်စေချင်ပါဘူး။ ယူအက်စ်နဲ့နေတိုးဟာ သူတို့အကျိုးအတွက်ဆိုရင် ဘယ်လိုနိုင်ငံ၊ ဘယ်လိုပြည်သူမျိုးကိုမဆို ကိုယ်စားစစ်ပြုစတေးဖို့ ဝန်မလေးဘူးဆိုတာ မြန်မာနိုင်ငံအရေးနဲ့ယှဉ်ပြီးလည်း သင်ခန်းစာယူနိုင်ရပါမယ်။ နောက်တစ်ချက်က စနစ်တစ်ခုကိုဆန္ဒစောပြီး အချိန်မတန်ခင် အတင်းအဓမ္မသွတ်သွင်းလိုက်လို့ မရင့်ကျက်မှုတွေကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာ အပိုင်းပိုင်းအပြတ်ပြတ် စုတ်ဖွာသွားခဲ့တဲ့အနေအထားတွေ၊ အခုလိုအယူတိမ်းပါးမှုတွေ မတူကွဲပြားခြားနားလွန်း အားကြီး‌သွားတဲ့ အခြေအနေတွေအောက်မှာ မတူတာတွေတူတာတွေကို ဘယ်လိုပေါင်းစပ်ယူကြမလဲ ဘယ်လိုစနစ်နဲ့ညှိယူကြမလဲဆိုတဲ့ အနေအထားတစ်ခုဟာ ယနေ့အချိန်အခါမှာ အလွန်တရာအရေးကြီးလာတာ တွေ့ရပါတယ်။


မြန်မာနိုင်ငံက လူ့အဖွဲ့အစည်းတွေဟာ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီနဲ့တော့ အလုပ်မဖြစ်တာသေချာတယ်။ ယူအက်စ်ရဲ့ နိုင်ငံရေးအကွဲအပြဲ၊ အားနည်းလာတဲ့ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ အားကြီးရင်အားနည်းသူအပေါ် ဖိနှိပ်အနိုင်ကျင့်တတ်တဲ့ ကျင့်စဉ်တွေဟာ စစ်မှန်စည်းကမ်းရှိတဲ့ ဒီမိုကရေစီအတွက် အတုယူစရာမဖြစ်ကြောင်း တွေ့လာရတယ်။ နောက်ပြီး ဒီမိုကရေစီမှာ စံပြဖြစ်ခဲ့တဲ့ အင်္ဂလန်မှာကော.. ပြည်တွင်းပြည်ပရေးရာတွေကို အဆင်ပြေပြေဖြေရှင်းနိုင်တဲ့ ခေါင်းဆောင်မျိုးကို ရွေးချယ်နိုင်ပြီလား၊ ဒီမိုကရေစီရွေးကောက်ပွဲအရ တက်လာကြပေမယ်လို့ ဒီစနစ်နဲ့ပဲ သူ့နိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ပြီလား၊ နောက်ထပ်နောက်ထပ်လေ့လာမိသမျှ ဒီမိုကရေစီမှာ တန်းတူညီမျှမှုလွတ်လပ်မှု..စသဖြင့် တွင်တွင်ဆိုကြပေမယ့် ဘာကြောင့် ဥရောပတစ်တိုက်တည်းသား ယူကရိန်းလူမျိုးတွေကို စစ်ကြောင့်ဖြစ်ရတဲ့ အထွေထွေဒုက္ခဆိုးတွေကနေ လွတ်မြောက်အောင် ဒီမိုကရေစီခေါင်းဆောင်တွေက မကယ်တင်ကြသလဲ၊ ဘာကြောင့်သူတို့ကို သေတွင်းထဲထပ်ထပ်ပို့နေရပါသလဲ.. သုံးသပ်ကြည့်စေလိုပါတယ်။


သင်ခန်းစာယူတတ်ဖို့

အထက်ပါ အင်အားကြီးတွေအတွက်မှားတာနဲ့အမျှ ကမ္ဘာကြီးမှာ စစ်မီးတဟုန်းဟုန်းနဲ့ အကြီးအကျယ်ထတောက်နိုင်တဲ့ အခြေအနေတစ်ခုကို မြင်နေရတယ်။ ယနေ့ကမ္ဘာ့နိုင်ငံရေးသမား တော်တော်များများဟာ အခက်အခဲကြုံရင် ထွက်ပေါက်ရှာတတ်တဲ့အလေ့ရှိတယ်ဆိုတာမမေ့ပါနဲ့။ ယနေ့ယူအက်စ်မှာ ခေါင်းဆောင်နဲ့မိသားစုရဲ့ မဖြေရှင်းနိုင်သေးတဲ့ အဂတိအမှုတွေ၊ ပြည်တွင်းနိုင်ငံရေးအကွဲအပြဲတွေက အဆိုးဆုံးအနေအထားတစ်ခုဆီကို ရှေးရှုလာနေပါတယ်။ သူတို့ လူ့အဖွဲ့အစည်းတွေမှာ အမုန်းတရားတွေကြီးထွားနေပြီး တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေးအရ အသေသတ်ဖို့အထိ ဖြစ်လာနေတာ တွေ့ရတယ်။ နိုင်ငံတကာရေးရာမှာလည်း ယူကရိန်းမှာ ကြားညပ်၊ ဂါဇာမှာလည်း အခြေမလှ၊ တစ်ကမ္ဘာလုံးမှာ ဩဇာပါဝါကျဆင်းလာတဲ့ အခြေအနေမှာ ယူအက်စ်ခေါင်းဆောင်တွေ ဘာလုပ်မယ်ထင်သလဲ၊ တတိယကမ္ဘာစစ်ကြီးရှောင်ဖို့ နေတိုးနဲ့ ထိပ်တိုက်မတွေ့ရေး ရုရှားဘက်က အတန်တန်သတိပေးနေတဲ့ကြားက ရုရှားပြည်တွင်းထဲထိရောက်အောင် နေတိုးလက်နက်ကြီးတွေနဲ့ပစ်ခတ်ဖို့ ဂျာမနီနဲ့အမေရိကန်က ခွင့်ပြုလိုက်တဲ့အ‌နေအထားဟာ ကမ္ဘာကြီးအတွက်တော့ မကောင်းလှပါဘူး။


အားလုံးက စစ်ပြင်နေကြတဲ့သဘော၊ ငြိမ်းချမ်းရေးအတွက် စစ်ပြင်ကြတယ်လို့ ပြောသူချည်းပါပဲ။ ငြိမ်းချမ်းရေးအတွက် စစ်တိုက်ကြမယ်ပေါ့။ အမှန်ကသူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့အကျိုးစီးပွားအတွက်ပဲ စစ်ပြင်ကြတာပါ။ အမှန်တကယ်ငြိမ်းချမ်းချင်ရင် အချို့နေရာတွေမှာ မလွဲမသွေစစ်ခင်းရတဲ့ အခြေအနေမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ခက်တာက ကမ္ဘာကြီးမှာ ပြဿနာတော်တော်များများက ဖြေရှင်းဖို့အဖြေရှာမတွေ့၊ လမ်းပျောက်နေတဲ့ သဘောတွေအကဲခတ်မိကြပါလိမ့်မယ်။ ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်တဲ့ သဘောရှိတယ်။ ဒီအချိန်မှာ “ကမ္ဘာမီးလောင် - သားကောင်ချနင်း”ဆိုသလို တတိယကမ္ဘာစစ်မီးထဲ မင်းသားကြီးမလုပ်ရလို့ ပတ်မထိုးခွဲမယ့် အမေရိကန်နဲ့ နေတိုးဟာ ကမ္ဘာ့ပြည်သူတွေကို စစ်မီးတောက်ထဲ အပါခေါ်သွားမှာစိုးရိမ်မိတယ်။ ရန်သူကတော့ ရန်သူ့အလုပ် သူ့အလုပ်သူလုပ်ကြမှာပဲ။ မြန်မာပြည်သူတွေနဲ့ အထူးသဖြင့် အနာဂတ်မျိုးဆက် မြန်မာလူငယ်တွေအနေနဲ့သာ ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးမိအောင်နေ၊ အပျက်စီးမခံဘဲ တိုင်းပြည်ကိုမပြိုကွဲအောင်၊ အမျိုးမပျောက်အောင် သင်ခန်းစာယူသင့်တာယူ၊ အမှန်နဲ့အမှား၊ အဆိုးနဲ့အကောင်း ပိုင်းခြားမြင်တတ်ကြဖို့သာ လိုပါတယ်။ ငြိမ်းချမ်းရေးစကားတွင်တွင်ပြောပြီး တစ်ဖက်မှာ စစ်ပြင်နေကြတဲ့ သဘောတရားတွေကို အထူးသတိချပ်ဖို့လိုပါတယ်။


နိဂုံးချုပ်အနေနဲ့ ဘာသွားတွေ့ရလဲဆိုတော့ ယခုလက်ရှိ ကမ္ဘာကြီးဟာ မငြိမ်းချမ်းပါဘူး။ အားလုံးက အင်အားကို စုစည်းတည်ဆောက်နေကြပါပြီ။ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားရုန်းကန်နေရတဲ့အခြေအနေမှာ မြန်မာတွေအချင်းချင်းချစ်ကြဖို့၊ စည်းလုံးညီညွတ်ကြဖို့က အခုအချိန်မှာ ပိုအရေးကြီးနေပါတယ်။ အခုအချိန်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ အင်အားတည်ဆောက်ရေးက ပို၍အရေးကြီးသလား၊ ဒီမိုကရေစီကအရေးကြီးသလား။ နိုင်ငံတကာမှာ အာဏာရှင်လို့ အဝေဖန်ခံရပေမယ့် တိုင်းပြည်ကိုတည်ငြိမ်အေးချမ်းအောင်၊ စီးပွားတိုးတက်အောင် ပြည်သူပြည်သားတွေ ကျေနပ်ပျော်ရွှင်အောင်လုပ်နိုင်တဲ့ခေါင်းဆောင်‌တွေ အများကြီးရှိပါတယ်။ သူများအကြိုက်လိုက်မလုပ်လို့ အာဏာရှင်လို့ ဝေဖန်ခံရမှာကို မကြောက်တဲ့သူတွေ၊ အများပြည်သူအကျိုးမျက်ကွယ်မပြုတဲ့သူတွေ အုပ်ချုပ်တဲ့နိုင်ငံတိုင်းဟာ ပိုပြီးတိုးတက်ကြတာတွေ့ရတယ်။


မြန်မာနိုင်ငံအတွက်တော့ တိုးတက်ဖို့အတွက်၊ တည်ငြိမ်ဖို့အတွက်ဆိုရင် ခံနိုင်ရည်ရှိတဲ့ တံတိုင်းတစ်ခုနဲ့ အဲဒီတံတိုင်းရဲ့ ရေရှည်ခိုင်မာတောင့်တင်းမှုသာလျှင် အခုအချိန်မှာ အရေးကြီးဆုံးဖြစ်နေပါတယ်။ ကျောက်‌ဆောင်ကျောက်သားလို ခိုင်မာတဲ့တံတိုင်းနဲ့ သဏ္ဌာန်တူ၊ နိုင်ငံအတွက်ပေးဆပ်နေတဲ့ တပ်မတော်တစ်ရပ်နဲ့ အသိဉာဏ်မဆင်းရဲတဲ့ ပြည်သူတွေ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ဒီအရင်းအမြစ် စွမ်းအားတွေခိုင်မာအားကောင်းပြီး အပြန်အလှန်အထောက်အကူပြု စည်းရုံးနိုင်မှသာ ရှေ့ကိုတစိုက်မတ်မတ် လျှောက်နိုင်မှာဖြစ်တယ်။


မဟုတ်ရင် အစိတ်စိတ်၊ အမြွှာမြွှာ ပြိုကွဲထွက်သွားပါလိမ့်မယ်။ ရှေ့မှာကမ္ဘာ့နိုင်ငံအချို့မှာ နမူနာအများကြီးရှိပြီးသားပါ။ အဓိကအချက်က ပြဿနာကိုဝေဖန်ပိုင်းခြား ခွဲခြားစိတ်ဖြာတတ်တဲ့ ပြည်သူတွေများလာဖို့ပါပဲ။ ထိုးထွင်းသိမြင်နိုင်စွမ်းရှိမယ့် ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားကို အဓိကအားပြုပြီး ပြိုင်တူရွှေ့မှသာလျှင် ရွေ့နိုင်မယ်လို့ ထင်မြင်ယူဆမိလို့ဖြစ်ပါတယ်။ ။


မြင့်မြတ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)