တိုင်းကျိုး ပြည်ပြု ပြန်လည်ကိုယ်စားပြုခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းကျိုး ပြည်ပြု ပြန်လည်ကိုယ်စားပြုခြင်း




တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန်အတွက် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

အဂ္ဂမဟာသရေစည်သူဦးသိန်းစိန်သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်ပြီးနောက် နိုင်ငံတော် သမ္မတဖြစ်ပါတယ်။ ဦးသိန်းစိန်သည် ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် ဧပြီလ (၁)ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ သမ္မတတာဝန်အား ထမ်းဆောင်ခဲ့ပါတယ်။

အဂ္ဂမဟာသရေစည်သူဦးသိန်းစိန် ဟာ အသက်အရွယ်အားဖြင့် အသက် (၈၀)ထဲကို ရောက်ရှိနေပါပြီ။ သမ္မတကြီး ဦးသိန်းစိန် တိုင်းပြည်ကို ဦးဆောင်စဉ်ကာလအတွင်းမှာ ပြုပြင်ပြောင်းလဲမှုရေးလုပ်ငန်းတွေကို ဖော်ဆောင်ခဲ့ခြင်းဖြစ်လို့ ပြည်သူအများစုရဲ့ အသိအမှတ်ပြု လေးစားချစ်ခင်ခြင်းကိုလည်း ရရှိခဲ့ပါတယ်။

သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာလည်း ပြည်ဖျက်မိစ္ဆာများရဲ့ အနှောက်အယှက်ပေးမှုတွေ ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။ သို့ပေသော် စစ်ဘက်၊ အရပ်ဘက် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အဆိုးဆုံးအခြေအနေတွေကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

သမ္မတကြီး ဦးသိန်းစိန်အစိုးရရဲ့ သဘောကောင်းမှုကြောင့် ပြည်ပြေး ဝရမ်းပြေး တချို့ ပြည်တွင်းပြန်လာနိုင်ခဲ့ပါတယ်။ သမ္မတကြီးရဲ့ ဆောင်ရွက်ချက်က အပြုသဘောဆန်ပေမယ့် ကောင်းကျိုးနဲ့အတူ ဆိုးကျိုးတွေလည်း ဒွန်တွဲပါလာခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေ မွေးရပ်မြေ ပြန်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ရာမှာ ပြည်ဖျက်မီဒီယာ အုပ်စုတွေလည်း ပါလာခဲ့ပါတယ်။

ယနေ့တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းမှာ ပြည်ဖျက်မိစ္ဆာတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေ အများပြည်သူကို သေတွင်းထဲ တွန်းပို့နေတဲ့ လုပ်ရပ်တွေကို မြင်ရတွေ့ရတော့ သမ္မတကြီး ဦးသိန်းစိန် ကိုပဲ အပြစ်တင်ရမလိုလို။ သမ္မတကြီး ဦးသိန်းစိန် ကတော့ နိုင်ငံတော်တည်ဆောက်ရေးမှာ အားလုံးလက်တွဲ ဆောင်ရွက်နိုင်အောင် အပြုသဘောဆန်ဆန် ဖိတ်ခေါ်ခြင်းပါပဲ။ ယနေ့ နစကအစိုးရ က အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြတဲ့ အနုပညာရှင်ဆိုသူများကို နိုင်ငံတော်တည်ဆောက်ရေးမှာ တတတ်တအား ပါဝင်ဆောင်ရွက်နိုင်စေရန် ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးခဲ့ပေမယ့် အကြမ်းဖက်လှုံ့ဆော်ခဲ့ကြတဲ့ နိပိန်း အနုပညာရှင်များက သူတို့တွေရဲ့ လှုံ့ဆော်မှုကြောင့် အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်သွားတဲ့ လူငယ်တွေကို ကယ်တင်ရကောင်းမှန်း မသိပါဘူး။ ပြည်ဖျက်မိစ္ဆာတွေရဲ့ သဘောကတော့ အတူတူပါပဲ။

အထွေထွေရွေးကောက်ပွဲ ဒုတိယသက်တမ်းမှာ သမ္မတကြီး ဦးသိန်းစိန် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်နိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် ပြည်ဖျက်မိစ္ဆာများမှာ နောက်ကွယ်က လက်မဲကြီးတွေရဲ့ ကူညီပံ့ပိုးမှုအားနဲ့ ပြည်သူတွေကို နားမုဒိန်းကျင့်၊ ဂျင်းအမျိုးမျိုးထည့်၊ အမုန်းတရားတွေ သွတ်သွင်းပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရယူသွားနိုင်ခဲ့ပါတယ်။

ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုနဲ့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရတဲ့အခါကြတော့ရော ပြည်ဖျက်မိစ္ဆာများဟာ တိုင်းရင်းသားပြည်သူများ ကောင်းကျိုးဖြစ်စေဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်အလေးထားပြီး လုပ်ဆောင်သလားဆိုတော့ မဟုတ်ပြန်ပါဘူး။ တချိန်လုံးတပ်မတော်ကိုဘဲ မျက်စောင်းထိုးပြီး နိုင်ငံတကာအကြံပေးတွေ ခေါ်ယူပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းကို စနစ်တကျ လုပ်ဆောင်ခဲ့ကြပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းမထုတ်နိုင်ပေမယ့် အာဏာရဲ့ အရသာကိုတော့ သိသွားကြပုံ ပေါ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ အနိုင်ရပြီး အာဏာသက်ဆိုးရှည်ဖို့ မဲလိမ်မဲခိုးမှုတွေ အလွန်အမင်းကျူးလွန်ရာက လမ်းဘေးရောက်ခဲ့ကြရပါတယ်။

တိုင်းပြည်နဲ့ လူမျိုးကို အစဉ်သဖြင့် ကောင်းကျိုးမပေးခဲ့တဲ့ ပြည်ဖျက်မိစ္ဆာတွေဟာ အာဏာလက်မဲ့ဖြစ်ပြီး လမ်းဘေးရောက်သွားရပြန်တော့လည်း ပြည်ပနိုင်ငံများရဲ့အကူအညီနဲ့ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာကြပြန်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအရည်ခြုံ ပြည်ဖျက်မိစ္ဆာတွေဟာ ငါ့နဲ့မတူ ငါ့ရန်သူ ဒီမိုကရေစီစံနှုန်းတွေကို သူတို့အပြင် ချိုးဖောက်တဲ့သူ ပြစရာမရှိဘူး။ လူ့အခွင့်အရေးလို့သာ ငယ်သံပါအောင် အော်နေပေမယ့် လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေကိုလည်း ကမ်းကုန်အောင် လုပ်ခဲ့ကြတယ်။

ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ကြည့်ရင် တပ်မတော်အနေနဲ့သော်လည်းကောင်း၊ အစိုးရတစ်ရပ်အနေနဲ့သော်လည်းကောင်း ပြည်ဖျက်မိစ္ဆာများကို ယုံစားပြီး နေရာမပေးမိစေဖို့၊ အခွင့်အရေးမပေးမိစေဖို့ သိပ်ကို အရေးကြီးတယ်ဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေက သက်သေခံလျှက်ရှိပါတယ်။ အဲဒီလို ပြည်ဖျက်မိစ္ဆာတွေကို လူရာသွင်းခဲ့ခြင်းကြောင့် ဒီမိုကရေစီအညှောင့်ပေါက်လေးဟာ ရှင်သန်ကြီးထွားခွင့် မရဘဲ ခေါင်ညွန့်ချိုးခံရတဲ့ အဖြစ်မျိုး ရောက်ရှိခဲ့ရပါတယ်။

ဒီနေ့ ဒီအချိန်မှာ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် လူမြင်ကွင်းကို ပြန်ထွက်လာတယ်ဆိုတာကို တွေ့လိုက်ရတယ်ဆိုရင်ပဲ ပြည်သူတွေရဲ့ ရင်ထဲမှာ ပီတိဖြစ်နေကြပြီ။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့တဲ့ သမ္မတကြီး၊ ရဟန်းရှင်လူပြည်သူများရဲ့ လိုလားချက်၊ လိုအပ်ချက်တွေကို ဖော်ဆောင်ပေးခဲ့တဲ့ သမ္မတကြီး တိုင်းကျိုး ပြည်ပြု ပြန်လည်ဆောင်ရွက်နိုင်လေအုံးမလား မျှော်လင့်မိကြမှာပဲ ဖြစ်ပါတယ်။

ယခု တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခြခံမူ(၅)ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး သမ္မတ(ငြိမ်း) ဦးသိန်းစိန် တက်ရောက်နေပါတယ်။ ယမန်နေ့က ဂုဏ်ပြုအထိမ်းအမှတ် နေ့လည်စာစားပွဲ အခမ်းအနားမှာ သမ္မတ(ငြိမ်း) ဦးသိန်းစိန် မိန့်ခွန်း ပြောကြားခဲ့တာကိုလည်း တွေ့မြင်ကြရပါတယ်။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခြခံမူ(၅)ချက်ကို ဘန်ဒေါင်းမူ လို့လည်း ပြောဆိုကြလေ့ ရှိပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ် ဦးနု ဝန်ကြီးချုပ်တာဝန်ယူစဉ်ကာလတွင် ပေါ်ပေါက်ခဲ့သော သဘောတူညီမှုဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ညီလာခံတွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး အာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက အတည်ပြုခဲ့ကြပါတယ်။ နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်ပယ် တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြု၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဆင့်အတန်းချင်း တူညီမှုရရှိရန်နှင့် နှစ်ဦးနှစ်ဝ အကျိုးဖြစ်ထွန်းရန်၊ နိုင်ငံရေးဝါဒအချင်းချင်း ကွဲလွဲစေကာမူ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းဆက်ဆံနိုင်စေရန် ဆိုသည့် အခြေခံမူငါးချက်ကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ယနေ့ ဖြစ်ပေါ်လျှက်ရှိသော အခင်းအကျင်းနဲ့ ချိန်ထိုးပြီး ပြောမယ်ဆိုရင်တော့ NLD ပါတီ က မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခြင်းကြောင့် တိုင်းပြည်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်နေစဉ်မှာ တချို့သော နိုင်ငံများက အထက်ဖော်ပြပါ သဘောတူညီချက်တွေအပေါ် ချိုးဖောက်ပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောက်ယှက်တဲ့ သဘောကိုလည်း တွေ့မြင်ခဲ့ကြမှာ ဖြစ်ပါတယ်။ မီးလောင်ရာ လေပင့် လုပ်ဆောင်ခဲ့ကြတာမျိုးကိုလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ မြန်မာပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် အောက်လမ်းနည်းတွေနဲ့ လုပ်ဆောင်နေတာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

ယနေ့ ဖြစ်ပေါ်လျှက်ရှိသော အခင်းအကျင်းမှာ အသက်အရွယ်အားဖြင့် အငြိမ်းစား အေးချမ်းစွာ နေရမယ့် အသက်အရွယ် အပိုင်းအခြားကို ရောက်ပြီဖြစ်သော်လည်း သမ္မတ(ငြိမ်း) ဦးသိန်းစိန် အနေနဲ့ တိုင်းကျိုး ပြည်ပြု တိုင်းပြည်ကို ပြန်လည်ကိုယ်စားပြုပြီး ဘာတွေ ဆောင်ရွက်ပေးလေအုံးမလဲလို့ မျှော်လင့်မိပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274) 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)