အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင်ပါဝင်ကြရန် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင်ပါဝင်ကြရန် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား


နေပြည်တော်၊ ဇွန် ၂၂

စက်မှုဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့က စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်လွင်၊ စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ပြီး စက်မှုဝန်ကြီးဌာနရှိ စက်ရုံမှူးများ၊ စိုက်ကွင်းစိုက်ခြံတာဝန်ခံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများနှင့် စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်သော အသိအမြင်များတိုးပွားလာမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယခုအခမ်းအနားမှရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင်ပါဝင်ကြရန် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုရန်တိုက်တွန်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယခုလို ဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌတို့သည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှု၏သဘောသဘာဝများ၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)