၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ မြန်မာတစ်နိုင်ငံလုံး ထူးချွန်စွာအောင်မြင်ကြသူ ကျောင်းသား/သူများ၏ ရင်တွင်းစကားသံများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ မြန်မာတစ်နိုင်ငံလုံး ထူးချွန်စွာအောင်မြင်ကြသူ ကျောင်းသား/သူများ၏ ရင်တွင်းစကားသံများ


ပုသိမ်၊ ဇွန် ၁၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံး၌ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဖြေဆိုသူပေါင်း ၁၈၉၄၃ ဦး ရှိပြီး အောင်မြင်သူ ၁၁၃၁၅ ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် ၅၉.၇၃ ရာခိုင်နှုန်းဖြစ်ကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ မြန်မာ တစ်နိုင်ငံလုံး ထူးချွန်စွာအောင်မြင်ကြသူ ကျောင်းသား၊ကျောင်းသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်။


မောင်ရဲလွင်အောင် အ.ထ.က(ခွဲ) ပုလဲချောင်ကျောင်း၊ အိမ်မဲမြို့ မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့် ဧရာဝတီတိုင်းဒေသကြီး ပထမအဆင့် အမှတ်အများဆုံးရရှိသူ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ Grade-12 ကို အိမ်မဲမြို့၊ အ.ထ.က(ခွဲ) ပုလဲချောင်ကျောင်းကနေ ဖြေဆိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ လေးဘာသာ ဂုဏ်ထူးရရှိခဲ့ပြီး ရရှိခဲ့တဲ့ စုစုပေါင်းအမှတ်က ၄၉၅ မှတ် ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ကျောင်းသင်ခန်းစာများကို အချိန်ဇယားဆွဲပြီး တစ်နေ့တာသင်ခန်းစာများကို တစ်နေ့ရရှိ အောင် လေ့လာကြိုးစားခဲ့ပါတယ်။ ကျန်းမာရေးအတွက်လည်း မိဘများက အနီးကပ်ကူညီ စောင့်ရှောက်ပေးပါတယ်။ ဆရာ၊ဆရာမများရဲ့ သင်ကြားမှုများကိုလည်း သေချာစွာနားထောင်ပြီး နားမလည်တာရှိရင် ဆရာ၊ဆရာမများကို မေးမြန်းခဲ့ရာ ဆရာ၊ဆရာမများက ဂရုတစိုက်ပြန်လည် ရှင်းလင်းသင်ကြားပေးခဲ့ပါတယ်။ တစ်နှစ်တာလုံး ပင်ပန်းစွာ ကြိုးစားခဲ့ရတဲ့အတွက် အခုလိုရလဒ် ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ ပညာရေးတက္ကသိုလ်တက်ရောက်ဖို့ ရည်မှန်းထားပါတယ်။ အခုလို အောင်မြင်မှုရတဲ့အတွက် ဆရာ၊ဆရာမများနဲ့ မိဘနှစ်ပါးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။


မရီရီဝင်း အ.ထ.က ခွဲ (အုတ်ပုံ)ကျောင်း၊ ဟင်္သာတမြို့ မြန်မာတစ်နိုင်ငံလုံး ပဉ္စမအဆင့် ဧရာဝတီတိုင်းဒေသကြီး ဒုတိယအဆင့် အမှတ်အများဆုံးရရှိသူ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ Grade-12 ကို ဟင်္သာတမြို့၊ အ.ထ.က ခွဲ (အုတ်ပုံ)ကျောင်းက ဖြေဆိုအောင်မြင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး ပဉ္စမအဆင့်ရရှိခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ဒုတိယအဆင့် ရရှိခဲ့ပါတယ်။  သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ လေးဘာသာ ဂုဏ်ထူးရရှိခဲ့ပြီး ရရှိခဲ့တဲ့ စုစုပေါင်း အမှတ်က ၄၉၃ မှတ် ဖြစ်ပါတယ်။ ကျွန်မကတော့ တစ်နှစ်ပတ်လုံး စာကိုဘယ်လိုကြိုးစားခဲ့လည်းဆိုရင် စာမေးပွဲဖြေဆိုဖို့အတွက် ဂုဏ်ထူးရရှိအောင် အဓိကထားပြီး ပြင်ဆင်ခဲ့ပါတယ်။ မေးခွန်းများကိုလည်း ကြိုတင်လေ့လာထားခဲ့ပါတယ်။ ဆရာ၊ ဆရာမများရဲ့ သင်ကြားပြသမှုများကိုလည်း ဂရုတစိုက် လေ့လာသင်ယူခဲ့ပါတယ်။အခုလို ရလဒ် ကောင်းတွေရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ကျွန်မကတော့ ပညာရေးတက္ကသိုလ်တက် ရောက်ရန် ရည်မှန်းထားပါတယ်။


မအေးသီတာ အ.ထ.က(၂)၊ ကျောင်းကုန်းမြို့ မြန်မာတစ်နိုင်ငံလုံး သတ္တမအဆင့် ဧရာဝတီတိုင်းဒေသကြီး တတိယအဆင့် အမှတ်အများဆုံးရရှိသူ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို  သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ လေးဘာသာဂုဏ်ထူးနဲ့ စုစုပေါင်းအမှတ် ၄၈၈ မှတ်ရရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး သတ္တမအဆင့် ရရှိခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး တတ်နိုင်သမျှ အကောင်းဆုံးကြိုးစား ကျက်မှတ်ခဲ့ပါတယ်။ နှစ်စကတည်းက ဘာသာစုံဂုဏ် ထူးထွက်အောင် ရည်မှန်းပြီးကြိုးစားခဲ့ပါတယ်။ အားနည်းတဲ့ ဘာသာကိုလည်း ပိုမိုလေ့လာကြိုးစားခဲ့ပါတယ်။ အခုလို လေးဘာသာဂုဏ်ထူးထွက်ရှိခဲ့တာဟာ ဆရာ၊ဆရာမတွေနဲ့ မိဘတွေရဲ့ကျေးဇူးတွေ အများကြီးပါပါတယ်။ ဒီနှစ် Grade-12 တက်‌‌ရောက် ကြမယ့် မောင်ငယ်၊ ညီမငယ်တွေကိုလည်း နှစ်စကနေစပြီးတော့ ဆရာ၊ဆရာမတွေရဲ့ သင်ကြားမှု တွေကို လေ့လာကျက်မှတ်ပြီး ကြိုးစားကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။


မစမ်းမေသူ အ.ထ.က အင်းရဲ၊ ကျုံပျော်မြို့ မြန်မာတစ်နိုင်ငံလုံး အဌမအဆင့် ဧရာဝတီတိုင်းဒေသကြီး စတုတ္ထအဆင့် အမှတ်အများဆုံးရရှိသူ

သမီးကတော့ ကျုံပျော်မြို့နယ်၊ အ.ထ.က အင်းရဲကြီးကျောင်းကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အဌမအဆင့် ရရှိခဲ့တာပါ။ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ စတုတ္ထအဆင့် ရရှိခဲ့ပါတယ်။ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ သုံးဘာသာဂုဏ်ထူးနဲ့ စုစုပေါင်းအမှတ် ၄၈၈ မှတ် ရရှိခဲ့ပါတယ်။ သမီးကတော့ တစ်နှစ်ပတ်လုံး စာကိုဘယ်လိုကြိုးစားခဲ့လဲဆိုရင် အချိန်နှင့် တစ်ပြေးညီဖြေနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကျန်းမာရေးကိုလည်းဂရုစိုက်ပါတယ်။ စာမေးပွဲနီးလာ တဲ့အခါ သင်ခန်းစာတွေ သင်ကြားပြီးတဲ့အချိန်ရောက်တဲ့အခါ တစ်ဘာသာချင်းစီကို ပြန်လေ့လာဖို့ အချိန်ဇယားဆွဲပြီး ကြိုးစားခဲ့ပါတယ်။အခုလိုအောင်မြင်မှု ရရှိခဲ့တဲ့အတွက် အလွန်ပဲဝမ်းသာမိပါ တယ်။ သမီးရဲ့ရည်မှန်းချက်ဖြစ်တဲ့ ပညာရေးတက္ကသိုလ်ကို တက်ရောက်သွားမှာဖြစ်ပါတယ်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)