ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်နိုင်ငံကူမင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်နိုင်ငံကူမင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ


နေပြည်တော်၊ ဇွန် ၁၉

ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင် ရုပ်သံအစီအစဉ် သီတင်းပတ် (5th Lancang – Mekong Audiovisual Week) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့တက်ရောက်ခဲ့ကြသည့် လန်ချန်း-မဲခေါင်အဖွဲ့ဝင် နိုင်ငံများနှင့် တောင်အာရှနိင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ၁၇-၆-၂၀၂၄ ရက်နေ့က တရုတ်နိုင်ငံယူနန်ပြည်နယ် မြို့တော်ကူမင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။

ဦးစွာ ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေး လက်ကားဈေးနှင့်ကုန်သွယ်ရေးစင်တာ (Kunmin International FlORA Auction Trading Center Co.lLtd) သို့ ရောက်ရှိပြီး ပန်းများတင်သွင်းမှု၊ မှာယူမှု၊ ထုပ်ပိုးပို့ဆောင်မှုလုပ်ငန်းစဉ်ကိုလည်းကောင်း၊ ယူနန်ဒစ်ဂျစ်တယ် ပန်းထုတ်လုပ်ရေး (Yunnan Digital Flower Industry) ပြခန်းများနှင့်ပန်းများ နမူနာခင်းကျင်းပြသထားမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

အဆိုပါ ပန်းရောင်းဝယ်ရေးစင်တာကို တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ၂၀၀၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းစင်တာအနေဖြင့် ပန်းများအရည်အသွေးတိုးတက်ရေး၊ ပန်းမျိုးစိတ်အသစ်များ သုတေသနပြုလုပ်ရေးနှင့် ပန်းမျိုးစိတ်များတိုးမြှင့်ရေး၊ ပန်းဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်ဝန်ဆောင်မှုများ ပံ့ပိုးပေးရေး၊ နည်းပညာထောက်ပံ့ရေး၊ ငွေကြေးနှင့်ပို့ဆောင်ရေးစသည့်ဝန်ဆောင်မှုများ ထောက်ပံ့ကူညီဆောင်ရွက်လျက်ရှိရာ ယခုအခါ ကမ္ဘာတွင်ဒုတိယအကြီးမားဆုံးနှင့် အာရှတွင်အကြီးမားဆုံး ပန်းကုန်သွယ်ရေးစင်တာဖြစ်လာပြီး နေ့စဉ်နိုင်ငံပေါင်း ၄၀ ကျော်သို့ ပန်းများတင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ယူနန်တိုင်းရင်းဆေးထုတ်လုပ်ရေး (Yunnan Baiyao Group Co., Ltd) သို့ရောက်ရှိကြပြီး ယူနန်မျိုးရင်းအပင်များမှ ထုတ်ယူအသုံးပြုမှုနည်းလမ်းများ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတက်ရေး၊ ပြည်တွင်းလုပ်ငန်းများနှင့် ယူနန်၏ ဇီဝဆေးပညာဆိုင်ရာတိုင်းရင်းဆေးများထုတ်လုပ်ရေး၊ ဈေးကွက်ဖြန့်ချိရေး၊ တိုင်းရင်းရိုးရာဆေးဝါးများဖြင့် ထုတ်လုပ်သောသွားတိုက်ဆေးနှင့် တီထွင်ဆန်းသစ်မှုပြခန်းများနှင့် တိုင်းရင်းဆေးအရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် WANDA REALM ဟိုတယ်၌ ယူနန်နေ့စဉ်သတင်းစာ (Yunnan Daily) ဥက္ကဋ္ဌ မစ္စတာဟွန်းဂျူကွမ်းဦးဆောင်သည့်အဖွဲ့မှ ဧည့်ခံသည့် အလုပ်သဘောညစာစားပွဲသို့တက်ရောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရသည့် Twin City Forum ကို ယူနန်-မြန်မာ Forum နှင့်ပူးပေါင်း၍ တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့တွင် မကြာမီပြန်လည်ကျင်းပနိုင်ရန်နှင့် မြန်မာနိုင်ငံမှ မီဒီယာကဏ္ဍအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍစုံမှပြည်သူများ ပါဝင်တက်ရောက်နိုင်ရေး၊ ကြိုတင်ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် မြန်မာနိုင်ငံသို့လာရောက်၍ အသးစိတ်ထပ်မံဆွေးနွေးရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ထို့ပြင် ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်သည် ညပိုင်းတွင် ယူနန်မီဒီယာအုပ်စု (Yunnan Media Group) မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး MeKong Look Application တွင် မြန်မာနိုင်ငံသတင်းများအား ဓာတ်ပုံ၊ ဗီဒီယိုများနှင့်အတူ လွှင့်တင်နိုင်ရေး၊ MRTV နှင့် YMG တို့ မီဒီယာပူးပေါင်းဖလှယ်ရေး နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေးတို့အတွက် ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ကာ YMG မှ ထုတ်လုပ်ထားသော Applications နမူနာဖိုင်များနှင့် Video Footage များ လက်ခံရယူခဲ့သည်။ 

   

Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)