ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ပြုလုပ်






ဗန်းမော်၊ ဇွန် ၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့်  ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ်အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၈ နာရီခွဲက သာစည်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ် က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ အခြေခံလိုအပ်ချက်များ လွန်ကဲလာမှုကြောင့် သဘာဝသယံဇာတများ ဆက်တိုက်ဆုံးရှုံးလျက်ရှိကြောင်း၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် "သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ဆောင်ပုဒ်နှင့်အညီ သစ်တောသစ်ပင်များနှင့် ဂေဟစနစ်များ၏ အစစ်အမှန်တန်ဖိုးကို သိရှိနားလည်ပြီး တစ်ဦးတစ်ယောက်ချင်းမှသည် အစုအဖွဲ့အလိုက် ဒေသအလိုက် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းပြီး ဂေဟစနစ် ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ကြောင်း၊ အနာဂတ်မျိုးဆက်များအတွက် သန့်ရှင်းသည့် ပတ်ဝန်းကျင် ကောင်းမွန်သည့် ဂေဟစနစ်များကို လက်ဆင့်ကမ်းနိုင်ရန် မိမိတို့ တတ်စွမ်းသမျှ ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်  ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေပြည်စိုး က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများကို သိသိသာသာရင်ဆိုင်ကြုံတွေ့လာရခြင်းကြောင့် အဖြေရှာဖြေရှင်းရန်အတွက် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ လူသားပတ်ဝန်းကျင်ညီလာခံကျင်းပခဲ့သည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဒေသအလိုက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းများ နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr Antonio Guterres ပေးပို့သည့် သဝဏ်လွှာအား ပြသခြင်း၊ ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများဆု ရရှိခဲ့သည့် စာသင်ကျောင်းများ၏ မှတ်တမ်းဗီဒီယို ပြသခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများက ပြည်နယ်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများဆု ရရှိခဲ့သည့် အထက (၁) . အလက(ဝက်ကုန်း).အမက(မူလွန်)မံပုံ စသည့်  စာသင်ကျောင်းများအား ဆုပေးအပ်ချီးမြှင့်ပေးအပ်ခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများ (၆)ဦးအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်လတ် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးမှူး ဦးရွှေပြည်စိုး နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း အင်အား (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Join -  https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)