ပြည် ၊ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်များကို ဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ် မောင်မယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေလာစေရန် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (ကျပန်းစကားပြောပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ)များ ကျင်းပပြုလုပ်သည်။
ထို့ပြိုင်ပွဲများကျင်းပရာတွင် ပြည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအပါအဝင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ပြိုင်ကြရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၄၃ ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၃ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါကျောင်းသားကျောင်းသူများ၏ ကဏ္ဍအလိုက်ပါဝင်ယှဥ်ပြိုင်နေမှုအား ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ တိုင်း(ခွဲ)ပညာရေးမှူး ဦးတင်ယုနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ကြည်ရှုအားပေးကြပြီး အခမ်းအနားတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ယမန်နေ့ကကျင်းပခဲ့သော ပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment