နယ်စပ်ဒေသများ၏ လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးကိစ္စရပ်များသည် နယ်စပ်ဒေသများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ဒေသများ၏ လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးကိစ္စရပ်များသည် နယ်စပ်ဒေသများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ပြောကြား


နေပြည်တော်၊ ဇွန် ၂၀

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်း ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ၁၈-၆-၂၀၂၄ ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ လုပ်ငန်းဆပ်ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ်လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မိမိတို့ဆပ်ကော်မတီမှ တာဝန်ယူဆောင်ရွက်ရသည့် နယ်စပ်ဒေသများ၏ လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးကိစ္စရပ်များသည် နယ်စပ်ဒေသများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသည့် အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်ကြောင်း၊ ဝန်ကြီးဌာနအလိုက်ရေးဆွဲထားသည့် နှစ်တို၊ နှစ်ရှည် စီမံကိန်းများကို လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ဆပ်ကော်မတီဝင်ဌာနများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌများက ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ဌာနအလိုက် လမ်း၊ တံတားနှင့် အဆောက်အဦလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေ၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများနှင့် ဘဏ္ဍာငွေလျာထားဆောင်ရွက်မှုနှင့် နှစ်ဆက်လုပ်ငန်းများအတွက် သက်ဆိုင်ရာဘဏ္ဍာနှစ်များတွင် ဆက်လက်လျာထားအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

တင်ပြချက်နှင့် အကြံပြုချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် စီမံကိန်းများ လျာထားခြင်း၊ အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်ရာတွင် ထိရောက်သည့် ငွေကြေးသုံးစွဲမှုဖြစ်စေရေးနှင့် လုပ်ငန်းများ၏ အရည်အသွေးပြည့်ဝစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)