(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မိန့်ခွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မိန့်ခွန်းပြောကြား





တီဟီရန်၊ ဇွန် ၂၅

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

တီဟီရန်မြို့ရှိ ပါရှန်အဇာဒီဟိုတယ်၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး၌ အေစီဒီ အဖွဲ့ဝင်နိုင်ငံများက အေစီဒီ လက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံက သတ်မှတ်ထားသည့် ဘာသာရပ်ခေါင်းစဉ်ဖြစ်သည့် “ဆန်းသစ်စနည်းပညာများမှတစ်ဆင့် ပိုမိုချိတ်ဆက်ပြီး၊ စွမ်းဆောင်ရည်ပြည့်ဝသည့် အာရှဒေသ ဆီသို့” အပေါ် ကြိုဆိုခဲ့ကြကာ၊ ကိုယ်စားလှယ်အဖွဲ့အသီးသီးက သက်ဆိုင်ရာနိုင်ငံအလိုက် မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့သည်။  

(၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၄-၆-၂ဝ၂၄ ရက်၊ နံနက်ပိုင်းတွင် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးက အေစီဒီ လက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် အေစီဒီဥက္ကဋ္ဌတာဝန် အောင်မြင်စွာ ထမ်းဆောင်ခဲ့သည့် ဘာရိန်းနိုင်ငံတို့အပေါ် ချီးကျူးခဲ့သည်။ ထို့ပြင် အေစီဒီ ဥက္ကဋ္ဌသစ်အဖြစ် လွှဲပြောင်းတာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံအား ကြိုဆိုပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးသည် အီရန်သမ္မတ မစ္စတာဆေးယက်ဒ်အီဘရာဟင်ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟိုစိန်အမီယာ အက်ဘ်ဒိုလာဟီယံတို့ မကြာသေးမီက ကွယ်လွန်သွားခဲ့မှုအပေါ် မြန်မာနိုင်ငံက ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ၎င်းတို့၏ အာရှပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်အပေါ် ကြိုးပမ်းမှုများအား အစဉ်အောက်မေ့သတိရ တန်ဖိုးထားလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

(၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း နိုင်ငံခြားရေး ဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် အေစီဒီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ထည့်သွင်းဆွေးနွေး ပြောကြားခဲ့သည်။

အစည်းအဝေး၌ “အေစီဒီအတွင်းရေးမှူးရုံး၏ စည်းမျဉ်းစည်းကမ်းများ” နှင့် “အေစီဒီအဖွဲ့၏ လုပ်ထုံးလုပ်နည်းများ” ကို သဘောတူညီခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးရလဒ်အဖြစ် “တီဟီရန် ကြေညာချက်” ကို အဖွဲ့ဝင်နိုင်ငံများ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အေစီဒီ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား ရှင်းလင်းပြောကြားခဲ့သည်။

အိမ်ရှင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီက (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို ၂၃-၆-၂၀၂၄ ရက် ညနေပိုင်းတွင် တီဟီရန်မြို့ရှိ အက်စ်ပီနာပဲလေ့စ်ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံ၊ ချာအမ်းမြို့၌ စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။ လက်ရှိတွင် အေစီဒီ၌ ဒေသတွင်း အုပ်စုကြီး (၅) ခုဖြစ်သည့် အရှေ့တောင်အာရှအုပ်စု၊ တောင်အာရှအုပ်စု၊ အနောက်အာရှအုပ်စု၊ ဗဟိုအာရှအုပ်စုနှင့် အရှေ့အာရှအုပ်စုတို့ကို အသီးသီး ကိုယ်စားပြုသည့် အဖွဲ့ဝင်နိုင်ငံ (၃၅) နိုင်ငံ ပါဝင်သည်။ မြန်မာနိုင်ငံသည် အေစီဒီ စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

ယေဘုယျအားဖြင့် အာရှနိုင်ငံများအကြား အပြန်အလှန် အမှီသဟဲပြုရေးကို မြှင့်တင်သွားရန်နှင့် အာရှတိုက်မှ အာရှအသိုက်အဝန်းအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်လျက် အေစီဒီကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ အေစီဒီအတွင်းရေးမှူးရုံးကို ကူဝိတ်မြို့၌ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် အေစီဒီအဖွဲ့ဝင်နိုင်ငံများအကြား “ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်” နှင့်ကိုက်ညီသည့် အဓိကမဏ္ဍိုင်ကြီး (၆) ခု၌ ဦးစားပေး ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီထားသည်။ အဆိုပါ အဓိကမဏ္ဍိုင်ကြီး (၆) ခုမှာ (က) ပေါင်းစည်းဆက်နွှယ်မှု (ခ) သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ (ဂ) ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ (ဃ) စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ရေဖူလုံရေး၊ (င) ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ (စ) အားလုံးပါဝင်ရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့ဖြစ်သည်။

အီရန်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အေစီဒီ အဖွဲ့ဝင်နိုင်ငံ (၃၁) နိုင်ငံနှင့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (၈) ခုမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)