ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 



ပုသိမ် ၊ ဇွန်  ၂၄


ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက  ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နှစ်ရက်တာ ကျင်းပခဲ့ပါကြောင်းနှင့် ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်ကိုလည်း တွေ့ရပါကြောင်း၊ ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် “ပညာရဲရင့်ပွဲလယ်တင့်” ဟူသည့်စကားအတိုင်းတပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိများကို တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးသည့် ဆရာများ၏ ကျေးဇူးကြောင့်လည်းဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူတို့ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန်ခွဲခြားနိုင်စေရန်၊ ယဉ်ကျေးသိမ့်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်လာစေရန်၊ အသိပညာဗဟုသုတမြင့်မားပြီး လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ကိုအကျိုးပြုမည့် သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာစေရန်အတွက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ ကျောင်းစာကြည့်တိုက်များသည် ဆက်လက်ရှင်သန်နေရန်နှင့် ကျောင်းသား/သူလေးများအား စာပေ၊ ဗဟုသုတများ စဉ်ဆက်မပြတ် လေ့လာဖတ်ရှုနိုင်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရန်အတွက် အခြေခံပညာကျောင်းများမှစတင်ပါကြောင်းနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များအား လစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယခုထက်ပိုမိုစည်ကားအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်မြို့၊ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းဖြင့် သီဆိုကပြဖြေမှုများကို ကြည့်ရှုအားပေးပြီးနောက် မူလတန်းအဆင့်(ကဗျာရွတ်)၊ အလယ်တန်းအဆင့်(ပုံပြော)၊ အထက်တန်းအဆင့်(ကျပန်းစကားပြော)၊ အလယ်တန်းအဆင့်(စာစီစာကုံး)၊ အထက်တန်းအဆင့်(စာစီစာကုံး)ပြိုင်ပွဲများတွင် အထူးဆု(၂)၊ အထူးဆု(၁)နှင့် တတိယဆုရရှိသူများအား တိုင်းရင်းသားရေးရာဝန်ကြီး၊ လူမှူရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးတရားသူကြီးချုပ်တို့ကလည်းကောင်း၊ မူလတန်းအဆင့်(ကဗျာရွတ်)၊ အလယ်တန်းအဆင့်(ပုံပြော)၊ အထက်တန်းအဆင့် (ကျပန်းစကားပြော)၊ အလယ်တန်းအဆင့်(စာစီစာကုံး)၊ အထက်တန်းအဆင့် (စာစီစာကုံး)ပြိုင်ပွဲများတွင် ဒုတိယဆုနှင့် ပထမဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက် (၁၀)တိုက်အတွက်အလှူငွေသိန်း(၃၀)၊ စာအုပ်စာစောင်(၂၄၈၀)အုပ်ကိုလည်းကောင်း၊ တိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌက အလှူငွေငါးသိန်းကျပ်အားလည်းကောင်းပေးအပ်ရာ လူမှုရေးရာဝန်ကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်မြို့၊ အမှတ်(၂၄)အခြေခံပညာမူလတန်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းဖြင့် ကပြဖျော်မှုများ ကြည့်ရှုအားပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)