နယ်စုံဒေသမှ ရေသွင်းစိုက်ပျိုးထွက်ရှိလာသည့် သီးထပ်မတ်ပဲအသစ်များ မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိကာ အရောင်းသွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စုံဒေသမှ ရေသွင်းစိုက်ပျိုးထွက်ရှိလာသည့် သီးထပ်မတ်ပဲအသစ်များ မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိကာ အရောင်းသွက်


မန္တလေး၊ ဇွန် ၁၉

၂၀၂၄ ခုနှစ် ပဲရာသီတွင် နယ်စုံဒေသမှ ရေသွင်းစိုက်ပျိုးပြီး ထွက်ရှိလာသည့် သီးထပ်မတ်ပဲအသစ်များ မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိကာ အရောင်းအဝယ်များ သွက်လက်ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

အဆိုပါ သီးထပ်မတ်ပဲများသည် ဈေးကွက်အတွင်းသို့ ယခုဇွန်လမှစ၍ လှိုင်လှိုင်ဝင်ရောက်လာပြီး အထွက်နှုန်းနှင့် အရည်အသွေးပိုင်းများလည်း ကောင်းမွန်လျက်ရှိသည့်အပြင် ဈေးကောင်းများလည်းရရှိနေကြောင်း၊ ယနေ့တွင် သီးထပ်မတ်ပဲ‌ဈေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ ဈေးနှုန်းအထိမြင့်တက်ကာ ဈေးကောင်းရရှိနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့် ပွဲရုံပိုင်ရှင်ဦးစိုးဝင်းမြင့်က ပြောသည်။ 

“တပေါင်း လပြည့်ကျော်က စိုက်ခဲ့တဲ့ရေသွင်း မတ်ပဲတွေ မန္တလေးဈေးကွက်ကိုဝင်ရောက်လာပြီး ဈေးကောင်းရရှိနေပါတယ်။ ရေသွင်းစိုက်ပျိုးခဲ့တဲ့ သီးနှံ ဖြစ်ပါတယ်။ တောင်သူတွေ မတ်ပဲကို သီးထပ်စိုက်ပျိုးလို့ အောင်မြင်တဲ့နှစ်လည်းဖြစ်တယ်။ အိန္ဒိယနိုင်ငံနဲ့ ဥရောပနိုင်ငံတွေက ဝယ်လိုအားကောင်းကောင်းနဲ့ ဝယ်ယူလာတာကြောင့် ဈေးကောင်းရနေတာပါ။ အဲဒါကြောင့် မတ်ပဲဟာ အခါတိုင်းနှစ်ထက်မတူဘဲ ဝယ်လိုအားများပြားနေပြီး ဈေးနှုန်းမြင့်တက်လာနေတာဖြစ်တယ်။ သီးထပ်အနေနဲ့ စိုက်ပျိုးတာအောင်မြင်ဖြစ်ထွန်း ဈေးကောင်းရရှိနေတာကြောင့် တောင်သူတွေ အကျိုးအမြတ်ရရှိတဲ့နှစ်လို့ ပြောလို့ရပါတယ်။ အပိုဝင်ငွေလည်းရရှိနေပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ တောင်သူတွေ တိုးချဲ့စိုက်ပျိုးသင့်ပါတယ်” ဟု ၎င်းကပြောသည်။ 

လက်ရှိ မန္တလေးပဲဈေးကွက်သို့ ရေသွင်းစိုက်ပျိုးသည့် သီးထပ်မတ်ပဲများ စတင်ဝင်ရောက်လာသည့် ဒေသများမှာ ပခုက္ကူ၊ ရေစကြို၊ မြောင်၊ မတ္တရာစသည့် နယ်များနှင့် စဉ့်ကူးနယ်များမှဝင်ရောက်နေကြောင်း၊ မတ်ပဲကို မြန်မာနိုင်ငံအထက်အညာဒေသများတွင်သာမက မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးထွက်ရှိကြောင်း၊ သီးထပ်အနေဖြင့် အထက်အညာဒေသများတွင်သာ စိုက်ပျိုးကြပြီး အဆိုပါမတ်ပဲသည် မြန်မာပြည်၏ ပဲသီးနှံတင်ပို့မှုတွင် အများဆုံးဖြစ်ကာ နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့်နေရာတွင် နံပါတ်တစ်နေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။


မင်းထက်အောင် (မန်းကိုယ်ပွား)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)