ဗဟန်းမြို့နယ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက် ကြည့်ရှုအားပေး



တာမွေ  ၊ ဇွန်  ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းအချိန်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များတက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။


ရှေးဦးစွာ ဗဟန်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်”၊ “နန်ယန်ကျောင်း” စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ၂၀၂၄ ခုနှစ် အတွင်းမှာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျောင်းသားလူငယ်မောင်မယ်များ စာဖတ်တဲ့အလေ့အထမှာ ပျော်မွေ့လာစေရန် ရည်ရွယ်ပြီး အခြေခံပညာကျောင်းများကို အခြေခံတဲ့ ယခုလို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားတွေကို (၁၄) ကြိမ် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းက ဘဝတစ်လျှောက်လုံးအတွက် အဆိုး၊ အကောင်းတွေကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဦးနှောက်အသိကို ရရှိစေသလို နှလုံးသားအတွက် အကြင်နာ၊ မေတ္တာတို့ကိုလည်း ပေးစွမ်းနိုင်ပါကြောင်း၊ ယနေ့လူငယ်တွေအနေနဲ့ လူမှုမီဒီယာမှာဘဲ အချိန်ကုန်နေပြီး စာပေဖတ်ရှုလေ့လာမှု အားနည်းနေတာကိုသာ ပြောပြလိုခြင်းဖြစ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် နိုင်ငံတော်ရဲ့တာဝန်တွေကို ပခုံးပြောင်းယူရမယ့် မျိုးဆက်သစ် လူငယ်မောင်မယ်များအနေနဲ့ ခေတ်နဲ့အညီ သိပ္ပံနဲ့ နည်းပညာလျင်မြန်စွာ တိုးတက်လာမှုနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးရဲ့ တိုးတက်ပြောင်းလဲမှုတွေကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ဖို့ လူမှုမီဒီယာတွေ အသုံးပြုနေသလိုပဲ အမှားနဲ့အမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး စိတ်ဓာတ် ရင့်ကျက်မှုရရှိရန် စာပေများများဖတ်ဖို့  များစွာလိုအပ်ပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက ဗဟန်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွက် လှူဒါန်းသည့် သုတ/ရသ စာအုပ်စာစောင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်က လက်ခံရယူခဲ့သည်။


ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ်သည့် စာအုပ်စာစောင်နှင့် ဓာတ်ပုံပြခန်းများ၊ ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ စသည့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် စာအုပ် အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ စာရေးဆရာ လင်းသိုက်ညွန့်က “စာဖတ်ခြင်း၏  အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် စာပေဆိုင်ရာများကို ဟောပြောခဲ့ပြီး စာရေးဆရာလင်းသိုက်ညွန့်အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ဗဟန်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက တယောတီးခတ်ကာ “ဘယ်ပန်းချီရေးလို့မမှီ” ၊ “ထာဝရသစ္စာ” တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် သီဆိုဖျော်ဖြေခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော် ဆောင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)