မြင်းခြံမြို့နယ်၊ ဆခကကျေးရွာကျောင်းတိုက် ခန်းနေဆရာတော် ဦးဥတ္တမ ကို သတ်တဲ့ အကြမ်းဖက်သမားကို သိပြီ၊ ဘာလုပ်မှာလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့နယ်၊ ဆခကကျေးရွာကျောင်းတိုက် ခန်းနေဆရာတော် ဦးဥတ္တမ ကို သတ်တဲ့ အကြမ်းဖက်သမားကို သိပြီ၊ ဘာလုပ်မှာလဲ



လက်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ဘာသာရေးကိစ္စ ဖြစ်နေတဲ့အတွက် အများပြည်သူကို ဆွေးနွေးတင်ပြရတာ သတိပြုရပါတယ်။ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလှုံ့ဆော်သူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက ပဋိပက္ခကြီးထွားအောင် ဖန်တီးလှုံ့ဆော်နေကြပါတယ်။

ပဋိပက္ခကို ကြီးထွားအောင် မလုပ်ကြဖို့ သြဝါဒပေးတဲ့ သီတဂူဆရာတော်ကြီးကိုပါ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက နည်းမျိုးစုံနဲ့ စော်ကားလာကြပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာ နိုင်ငံတော်အစိုးရက အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးမယ်လို့ သံဃာတော်အရှင်သူမြတ်များကို ဂါရဝတရားနဲ့ လျှောက်ထား တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီနေ့ မနက်ထပ်မံပြီးတော့ သတင်းဆိုးတစ်ခု ကြားရပြန်ပါတယ်။ သတင်းဆိုးကတော့ မြင်းခြံမြို့နယ်၊ ဆခကကျေးရွာကျောင်းတိုက် က ခန်းနေဆရာတော် ဦးဥတ္တမ သက်တော်(၅၀)၊ ဝါတော်(၁၂) ကို Black Tiger အမည်ခံ နီပိန်း ပဒက် အကြမ်းဖက်အဖွဲ့က သတ်ဖြတ်သွားတဲ့ ဖြစ်စဉ်ကို ကြားသိရပါတယ်။ 

ဒီဖြစ်စဉ်ကို Myanmar National Post ကနေ အစောဆုံး တင်ပြခဲ့တယ်။ ဒါကလည်း သိကျွမ်းခင်မင်ခဲ့တဲ့ ပုဂ္ဂိုလ်များနဲ့ အချိတ်အဆက် ရလို့ ဖော်ပြပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကသာ ထုတ်ပြန်တဲ့ သတင်းမျိုး ဖြစ်ပါတယ်။

NLD အစွန်းရောက်တွေ အာဏာလက်မဲ့ဖြစ်ခဲ့ရတဲ့ အချိန်ကစပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ အကြမ်းဖက် သတ်ဖြတ်မှုများမှာ လက်နက်မဲ့ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ အသတ်ခံခဲ့ရတယ်။ ဖြစ်စဉ်ဖြစ်ရပ်တိုင်းမှာ တရားခံတွေ ရှိတယ်။ 

ဒီနေရာမှာတော့ တာဝန်ရှိသူတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ ဝေဖန်ထောက်ပြစရာ ဖြစ်လာပါတယ်။ ဘယ်မြို့၊ ဘယ်ရွာက ဆရာတော်ကို ဘယ်အကြမ်းဖက်အဖွဲ့က သတ်သွားပါတယ်လို့ တိကျတဲ့ လုပ်ဆောင်ချက် မရှိဘူး။ ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်ကျောင်းတိုက် က ဆရာတော်ကို သတ်သွားတဲ့ အကြမ်းဖက်အဖွဲ့က အကြမ်းဖက်သမားတွေ မိပါပြီလို့ ထုတ်ပြနိုင်ခဲ့တာ မရှိဘူး။ အဲဒီတော့ နိုင်ငံတော်အကြီးအကဲတွေက ဘာသာ သာသနာအတွက် အလေးထား လုပ်ဆောင်နေသည့်တိုင်အောင် သံဃာတော်များ သတ်ဖြတ်ခံရ၊ တရားခံမပေါ်၊ တရားခံမမိတဲ့ ဖြစ်စဉ်ပေါင်းများစွာ ဖြစ်ခဲ့ပြီ။ ဒီအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်သူ့မှာ တာဝန်ရှိနေသလဲ။ ပြန်ဆန်းစစ်ကြည့်ကြဖို့ ဖြစ်ပါတယ်။

နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေက အကြမ်းဖက်လှုပ်ရှားမှု လုပ်နေတာ ဖြစ်တဲ့အတွက် တာဝန်ခံမှာ မဟုတ်ဘူး။ တာဝန်ယူစရာလည်း မရှိဘူး။ သံဃာတော်တွေကို သတ်ပြီးတော့လည်း အောင်ပွဲခံနေမှာပဲ။ ဆရာ/ ဆရာမတွေကို သတ်ပြီးရင်လည်း သူ့တို့အောင်ပွဲခံနေကြတာပဲ။ အဲဒီလို လုပ်ရပ်တွေအတွက် ပြည်ပြေး ဝရမ်းပြေးတွေကလည်း ငွေကြေး ထောက်ပံ့ပေးနေမှာပဲ။

နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ် နံပါတ်(၁) တည်ငြိမ်ေအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုတဲ့ လုပ်ငန်းစဉ်ကို ဘယ်သူတွေက လုပ်နေကြရတာလဲ။ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လုပ်နေကြရတာ ဖြစ်ပါတယ်။ ယနေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတာက တပ်မတော်ထဲလည်း ဖရဲသီးရှိတယ်။ တခြားဌာနတွေမှာလည်း ဖရဲသီးတွေနဲ့ ဘေးကျပ် နံကျပ် သိပ်ကို ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။

ရဟန်းရှင်လူပြည်သူတွေက အစိုးရကို အကြမ်းဖက်နှိမ်နင်းရေးနဲ့ ပတ်သက်လို့ ရှမ်းပြည်(မြောက်ပိုင်း)မှာ MNDAA, TNLA အကြမ်းဖက်အဖွဲ့တွေက ဘုရားစေတီတွေကို ရိုက်ချိုးဖျက်ဆီး၊ စေတီတော်ကို ဖြိုဖျက်ပြီး ဌာပနာဖောက်ယူတဲ့ လုပ်ရပ်တွေ ဖြစ်ပေါ်လာတဲ့အချိန်ကတည်းက အကြမ်းဖက်နှိမ်နင်းရေးကို ပြတ်သားစွာ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပြီး ဖြစ်ပါတယ်။ အစိုးရက အလေးမထားပါဘူး။ ရဟန်းရှင်လူ ပြည်သူတွေက အကြမ်းဖက်အန္တရာယ်တွေကြားက အရဲစွန့်ပြီး ဘာသာ သာသနာအတွက် လူလုံးထွက်ပြပြီး တောင်းဆိုခဲ့ကြတယ်လေဗျာ။ ဒါဆိုရင် အစိုးရတစ်ရပ်အနေနဲ့ ဒီကိစ္စရပ်အပေါ်မှာ ပိုမိုအလေးထား ဆောင်ရွက်ရမယ် မဟုတ်ပါလား။

ဒီဆောင်းပါးထဲကနေပဲ ပြည်ထဲရေးဝန်ကြီးဌာနကို မေးခွန်းထုတ်လိုက်ပါ့မယ်။ ပြည်ထဲရေး ဝန်ကြီးသစ်ကိုတော့ အားနာပါတယ်။ ပြည်ထဲရေးလက်အောက်မှာ ရှိတဲ့အဖွဲ့အစည်းတွေက တချို့ တချို့သော ပုဂ္ဂိုလ်တွေက အကြမ်းဖက်သမားများနဲ့ တသားတည်းရှိနေတယ်။ အကြမ်းဖက်သမားများနဲ့ ပတ်သက်လို့ သတင်းပေးသူ အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေကို ပြန်လည်ဆန်းစစ်ကြည့်ရင် အဲဒီအဖြေကို တွေ့ပါလိမ့်မယ်။ ဝန်ကြီး ပြောင်းလဲလာပြီး ကောင်းမွန် တည့်မတ်စွာ ထိန်းကျောင်းလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲက တချို့သော မြို့နယ်တွေမှာ လုံခြုံရေးဂိတ်နဲ့ မလှမ်းမကမ်းမှာ နီပိန်း ပဒက်တွေကလည်း ဆက်ကြေးကောက်နေတယ်။ အဲဒီ နယ်မြေကို တာဝန်ယူကိုင်တွယ်တဲ့ အရာရှိများက ရှင်းလင်းဖယ်ရှားတာမျိုး မလုပ်ဘူး။ အဲဒါတွေက ဘယ်လို သဘောတွေလဲဆိုတာ စဉ်းစားလို့တောင် မရဘူး။

မသေချာ မရေရာတဲ့ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်များကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရပြီ။ သံဃာတော်များ ဆုံးပါးခဲ့ရတာလည်း များပြီ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မှားယွင်းတဲ့ကိစ္စတစ်ခု ဖြစ်လာတဲ့အခါမှာ ပုံကြီးချဲ့ပြီး ခွေးလိုဟောင်ကြပြီ။ သံဃာတော်အပါးများစွာကို သတ်ခဲ့စဉ်က ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေမှာ သံဃာတော်များကိုပင် ဒလန်ဘုန်းကြီး၊ စစ်တပ်ဘုန်းကြီး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကြက်ကလေး ငှက်ကလေး ကို သတ်လိုက်သလို သတင်းလုပ်ခဲ့ကြတယ်။ အခု သူတို့စောင့်မျှော်နေတဲ့ ဂွင်ထဲကိုလည်း ရောက်လာရော ပုံကြီးချဲ့ပြီး တပ်မတော်နဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို ရန်တိုက်ကြပါလေရော။ ဒါက သူတို့အလုပ်။ သူတို့ အလုပ်ကို သူတို့က ပီပီပြင်ပြင် လုပ်ဆောင်နေတာပဲ ဖြစ်တယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေသူများက ပီပြင် ပြတ်သားပါသလား။ 

ဒေသခံတွေက သိတယ်၊ သတင်းပေးတယ်။ ဂရုမစိုက်ဘူး။ အရေးမလုပ်ဘူး။ လုပ်ချင်မှ လုပ်မယ်။ အဲဒီလိုနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ချောင်းမြောင်းတိုက်ခိုက်ခံရ၊ အရာရှိများလည်း လုပ်ကြံသတ်ဖြတ်ခံရ။ သံဃာတော်များ၊ ဆရာ/ဆရာမများလည်း အသတ်ခံရ။ ဒါတွေက အကြမ်းဖက်နှိမ်နင်းရေးမှာ အလေးထားခြင်း မရှိတဲ့အတွက် ရရှိတဲ့ အကျိုးရလာဒ်တွေပဲ။

အစိုးရက ပြည်ပြေး ဝရမ်းပြေး NUG နဲ့ နှိုင်းယှဉ်လို့ မရဘူး။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက ဘာပဲ လုပ်လုပ် တာဝန်ယူစရာမလိုဘူး။ တာဝန်ခံစရာ မလိုဘူး။ သူတို့ကို အစိုးရကိုယ်တိုင် က အရေးယူလို့ မရတဲ့ အနေအထားမျိုးရောက်အောင် အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျတို့ကို ပြေးတယ်။ အဲဒီ မှာ နိုင်ငံသား ခံယူလိုက်တယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကို သွားလုပ်ရင် နှစ်နိုင်ငံ စစ်ဖြစ်မယ့် အခြေအနေမျိုကိုပါ ရောက်သွားလိမ့်မယ်။ ပြည်ပြေး ဝရမ်းပြေးတွေ ဘက်က လုပ်ပုံ ကိုင်ပုံ တွေက ပိရိတယ်။ သူတို့အတွက် အန္တရာယ်ကင်းတယ်။ မြန်မာပြည်ကတော့ နေ့စဉ်နဲ့ အမျှ သောက ရတတ်ပွေနေစေရမယ် ဆိုတဲ့ လုပ်ကွက်မျိုး ဖြစ်ပါတယ်။

အခု လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုအတွင်း ဆရာတော်ကြီးတစ်ပါး ပျံလွန်တော်မူရတဲ့ ဖြစ်စဉ် ဖြစ်လာတော့ သံဃာတော်များ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ အားလုံးက အလေးထားလာကြတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အပေါ် အဆင့်မြင့် အရာရှိများပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ဒီဖြစ်စဉ်တစ်ခုအတွက်သာ မဟုတ်ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူနေတဲ့ ကာလတစ်လျှောက် သံဃာတော်များ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်အားလုံးအတွက် အဖြေရှာပေးနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ သံဃာတော်များကို ပစ်ခတ်မိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို စိစစ်ဖော်ထုတ်ပြီး အရေးယူမယ်ဆိုရင်လည်း အရေးယူပါ။ ထိုနည်းတူစွာ သံဃာတော် အပါး (၁၄၀)ကျော်ကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့၊ အကြမ်းဖက်သမား စိစစ်ဖော်ထုတ် အရေးယူပေးဖို့ လို/ မလို ကိုယ်တိုင်သာ စဉ်းစားကြည့်ကြပါတော့။

လက်တလော ဖြစ်စဉ်နှစ်ခုမှာပဲ မြင်းခြံမြို့နယ်၊ ဆခကကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ခန်းနေဆရာတော် ဦးဥတ္တမ ကို သတ်ဖြတ်သွားတဲ့ အကြမ်းဖက်အဖွဲ့အမည်၊ အကြမ်းဖက်သမားအမည် အတိအကျကို ဒေသခံတွေက သိပါတယ်။ Black Tiger အမည်ခံ နီပိန်း ပဒက်အကြမ်းဖက်အဖွဲ့ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ လုပ်ရပ်တွေကိုလည်း ကျူးလွန်ခဲ့ကြတယ်။ ဒါကိုလည်း သိသိနဲ့ မနှိမ်နင်းပဲ ထားတယ်။ မနှိမ်နင်းတဲ့ အတွက်ကြောင့်ပဲ အခု ဆရာတော် ဦးဥတ္တမ ဟာ Black Tiger အမည်ခံ နီပိန်း ပဒက်တွေရဲ့ သတ်ဖြတ်ခြင်းကြောင့် ပျံလွန်တော်မူခဲ့ရပြီ။ အခု တရားခံကို သိပြီ။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက ဘယ်လောက်အထိ အလေးထား ဆောင်ရွက်ပေးနိုင်မလဲ။


လေးစားစွာဖြင့် 

နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)