သံတမန်ဆက်ဆံရေးတွင် “ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ” ဆိုသည့်အတိုင်း ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုလုပ်၍ မိမိ၏ ပန်းတိုင်သို့ ရောက်ရှိအောင် ဆောင်ရွက်ကြရန် ပြည်ပတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတမန်ဆက်ဆံရေးတွင် “ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ” ဆိုသည့်အတိုင်း ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုလုပ်၍ မိမိ၏ ပန်းတိုင်သို့ ရောက်ရှိအောင် ဆောင်ရွက်ကြရန် ပြည်ပတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှာကြား



နေပြည်တော်၊ ဇွန် ၁၁

ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၁၀-၆-၂၀၂၄ ရက်၊ ၁၃:၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ သွားရောက်တာဝန်ထမ်း ဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီ အနေဖြင့် မိတ်ဆက်တင်ပြကြသည်။

ထိုသို့တင်ပြမှုများပြီးသည့်နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အမှာစကားပြောကြားရာ၌ ပြည်ပသို့သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိနိုင်ငံ၏ အားသာချက်၊ အားနည်းချက် များကို မှန်မှန်ကန်ကန် သိရှိရန် လိုအပ်သကဲ့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံအကြောင်းကိုလည်း သိရှိထားရန် လိုအပ်ကြောင်း၊ သံတမန်တစ်ဦးအနေဖြင့် မိမိနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုများကို သိရှိထားရမည်ဖြစ်ပြီး အခြားနိုင်ငံများရှိ သံတမန်များကိုလည်း ရှင်းလင်း ပြောကြားနိုင်ရမည်ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေးတွင် “ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ” ဆိုသည့်အတိုင်း ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုလုပ်၍ မိမိ၏ ပန်းတိုင်သို့ ရောက်ရှိအောင် ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သံတမန်တစ်ဦးသည် အရည်အသွေး၊ အရည်အချင်းများနှင့် ပြည့်စုံပြီး ဆင်ခြင်တုံတရားရှိရှိဆောင်ရွက်နိုင်မှသာ မိမိကိုယ်မိမိ တန်ဖိုးမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးအတွက် အရေးကြီးသည့် တာဝန်မှာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေရန် မှာကြားလိုကြောင်း၊ တာဝန်ထမ်းဆောင်သည့်နေရာတွင် ကဏ္ဍအလိုက် ပြည့်စုံနားလည်အောင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ သံတမန်ဆိုသည်မှာ လူအင်အား အနည်းဆုံးဖြင့် ကြီးမားသည့်တာဝန်ကို ထမ်းဆောင်ရမှာဖြစ်သည့်အတွက် သံတမန်အရည်အသွေးများ တိုးတက်နေအောင်၊ ထက်မြက်နေအောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ တစ်ဦးချင်းအလိုက် နေထိုင်ကျင့်ကြံရမည့် အပြုအမူများ၊ ကြိုးစားအားထုတ်မှုများကို ဆင်ခြင်ဉာဏ်သုံး၍ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ နိုင်ငံတကာမှာ ဖြစ်ပေါ်ပြောင်းလဲနေမှုများကို မျက်ခြေမပျက် စောင့်ကြည့်နေရမှာဖြစ်ပြီး ပြောင်းလဲမှု အပေါ်မူတည်ပြီး လိုက်လျောညီထွေအောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေးတိုးတက်အောင် မိမိ၏ ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ပြည်ပမှာ ရှိသည့်အချိန် ယင်းနိုင်ငံတို့၏ ဓလေ့စရိုက်များ၊ အစဉ်အလာများ၊ စနစ်များကို လေ့လာတွေ့ရှိရမှာဖြစ်ပြီး အားသာချက်များ၊ အားနည်းချက်များကို မြင်တွေ့ရမှာ ဖြစ်ကြောင်း၊ ရောက်ရှိသည့် နိုင်ငံတွင် မြင်တွေ့ရ သည့် ဖြစ်ပေါ်တိုးတက်မှုများကို အတုယူ၍ ထိုနိုင်ငံအတိုင်း မိမိနိုင်ငံတွင် ဆောင်ရွက်နိုင်သော်လည်း အချို့ကိစ္စများသည် ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မလွယ်ကူကြောင်း၊ အဓိကကန့်သတ်ချက်များမှာ ယင်းနိုင်ငံများနှင့် မိမိနိုင်ငံ၏ ပတ်ဝန်းကျင်မတူညီမှုများ၊ ဒေသ မတူညီမှုများ၊ ကိုးကွယ်သည့်ဘာသာ မတူညီမှုများ၊ ပထဝီအနေအထားများ၊ သမိုင်းကြောင်း နောက်ခံများကအစ မတူညီမှုများအပေါ် မူတည်ပြီး လူနေမှုအကျင့်စရိုက်များ၊ အတွေးအခေါ်များ၊ ဆင်ခြင်တုံတရားများ၊ မတူကွဲပြားနေသည်များကို ပေါင်းစပ်စဉ်းစားနိုင်မှသာ မိမိနိုင်ငံအတွက် ကိုက်ညီသည့် စနစ်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပြီး မိမိ၏ နိုင်ငံအတွက် အသင့်လျော်ဆုံး သော လုပ်ဆောင်မှုများကို ဆောင်ရွက်နိုင်မှာဖြစ်သည်ကို ပြောကြားလိုကြောင်း၊ အများသူငှာအား မထိခိုက်စေဘဲ တိုးတက်အောင် ဆောင်ရွက်နိုင်မှ ကောင်းမွန်သောစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိဂုံးချုပ်အနေဖြင့် မှာကြားလိုသည်မှာ သံတမန်တစ်ဦးအနေဖြင့် ဘာသာစကားများ တတ်မြောက်အောင် ကြိုးစားကြရမှာဖြစ်ပြီး အနည်းဆုံးအနေဖြင့် သွားရောက်တာဝန် ထမ်းဆောင်မည့် နိုင်ငံ၏ ဘာသာစကားကို တတ်မြောက်နိုင်ရေး ကြိုးစားလေ့လာသင်ယူစေလိုကြောင်း၊ ပြည်ပတာဝန်မှ ပြန်လည်ရောက်ရှိလာပါက ဘာသာစကားတစ်ခုခု တတ်မြောက်လာရန် အရေးကြီးကြောင်း၊ မိမိကိုယ်မိမိ တိုးတက်အောင်ဆောင်ရွက်ပြီး ဌာန၏ လုပ်ငန်းတာဝန်များ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒါ့အပြင် ဝန်ထမ်းများအနေဖြင့် အချင်းချင်းစည်းလုံး ညီညွတ်မှုရှိစေလိုကြောင်း၊ အလုပ်တစ်ခုကို လုပ်ဆောင်မည်ဆိုပါက တစ်ဦးတစ်ယောက်အားထက် အများ၏ စုပေါင်းအားဖြင့် ဆောင်ရွက်ရခြင်းသည် လုပ်ငန်းကို ပိုမိုထိရောက်ခရီးရောက်စေသည့် အတွက် ညီညွတ်မှုရှိကြရန် တိုက်တွန်းလိုကြောင်း၊ သံရုံးများတွင် လူအင်အားနည်းသည့်အတွက် ညီညွတ်မှုရှိမှ အလုပ်တွင်ကျယ်စေမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်လည်း မှာကြားလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်များကို  အောင်မြင်စွာဖြင့် ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)