အမှန်တရားကို မျက်ကွယ်ပြု ရည်ရွယ်ချက်ရှိရှိ ဇာတ်နာအောင်လုပ်ကြသူတွေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှန်တရားကို မျက်ကွယ်ပြု ရည်ရွယ်ချက်ရှိရှိ ဇာတ်နာအောင်လုပ်ကြသူတွေ



မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ပြောနေဆိုနေကြတာတွေဟာ ပြည်သူတွေကြားမှာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ သွားကြတယ်ဆိုတဲ့ ဘင်္ဂါလီ (၎င်းတို့အဆို ရိုဟင်ဂျာ) ကိစ္စနဲ့ပတ်သက်လို့ ပြည်ပနိုင်ငံတွေ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေ၊ ပြည်ပအခြေစိုက် မီဒီယာတွေက အစဉ်တစိုက် ပြောဆိုကြတာတွေကို မရိုးနိုင်အောင် ကြားခဲ့ကြရမှာဖြစ်ပါတယ်။

အမှန်တရားဖုံးကွယ်

အခြေအနေမှန်ကို မသိကြတဲ့သူတွေ၊ သိလျက်နဲ့ မသိချင်ယောင်ဆောင်နေတဲ့သူတွေအနေနဲ့ နေရပ်စွန့်ခွာတဲ့သူတွေလို့ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကပဲ မောင်းထုတ်လိုက်သလိုလို၊ ပြန်မလာနိုင်အောင် ပြုလုပ်နေသလိုလို၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရသလိုလိုဆိုတဲ့ အသံတွေပဲ ကြားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂါလီတွေအပေါ် လူမျိုးတုံးသတ်ဖြတ်လို့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အသိအမှတ်ပြုဖို့၊ ရာဇဝတ်မှုကျူးလွန်သူအားလုံးကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICC)နဲ့ အခြားနိုင်ငံတကာ ခုံရုံးတွေကတစ်ဆင့် တရားစီရင်ဖို့နဲ့ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ဖို့၊ တရားမျှတမှုရှိစေဖို့ အတွက် ကြိုးပမ်းမှုတွေမှာ ပံ့ပိုးကူညီဖို့၊ ဘင်္ဂါလီ တွေကို အကာအကွယ်ပေးတာတွေ မြှင့်တင်ဖို့ ဆိုတာတွေကိုပဲ တစိုက်မတ်မတ် ပြောဆိုနေကြပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်/ တံခါးဖွင့် အစည်းအဝေးတွေအထိတောင် နေရပ်စွန့်ခွာ ဘင်္ဂါလီတွေရဲ့အရေးဟာ အမြဲလိုလိုမပါမဖြစ်ပါနေခဲ့ပါတယ်။ အနောက်နိုင်ငံတွေရယ်၊ OIC နိုင်ငံတွေနဲ့ မကင်းရာမကင်းကြောင်း နိုင်ငံတွေက ကန့်ကွက်မှုတွေ၊ ဖိအားပေးမှုတွေ၊ တွန်းအားပေး မှုတွေ လုပ်ကြပါတယ်။ ရခိုင်ပြည်နယ်က ဘင်္ဂါလီပြဿနာဟာ နောက်ခံသမိုင်းကြောင်း ရှည်လျားပြီး ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ တကယ်တော့ ပြဿနာရှိရင် အဖြေရှိရမှာဖြစ်ပါ တယ်။ ရိုးရိုးသားသား လုပ်ကိုင်ကြမယ်ဆိုရင် ဖြေရှင်းနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ မရိုးသားဘဲ မမှန်ကန်တဲ့ လုပ်ရပ်တွေ၊ ရည်ရွယ်ချက်တွေ၊ အသုံးချမှုတွေရှိနေတာကြောင့် ဖြေရှင်းမရတဲ့ ပြဿနာဖြစ်နေတာပါ။


ထူးဆန်းသလိုဖြစ်နေ

တကယ်တမ်းမှာ အနှီဒုက္ခသည် ဘင်္ဂါလီတွေကို ခုတုံးလုပ်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်း တွေနဲ့ ချိတ်ဆက်ပြီး နည်းလမ်းပေါင်းစုံဆောင်ရွက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ၎င်းတို့ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ပို့ရေးဆိုတာတွေကို လေသံကောင်းတွေလွှင့်ပြီး ပြောနေ၊ ဆိုနေကြပေမယ့် အမှန်တရားကို ပုံဖျက်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ အဖြစ်မှန်တွေကိုလည်း ထုတ်ဖော်ပေးဖို့ လိုပါတယ်။ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေ၊ စားပေါက် ထွင်လိုတဲ့သူတွေ၊ အချောင်နှိုက်လိုသူတွေ ရှိနေတာကို သိဖို့လိုပါတယ်။ ဘင်္ဂါလီအရေး ပြောဆိုနေကြတာတွေဟာ အထူးအဆန်းလို မဟုတ်ပေမယ့် နောက်ကွယ်က အခြေအနေမှန်ကို ကွဲကွဲပြားပြား သိရရင်တော့ ထူးဆန်းသလိုဖြစ်မှာ သေချာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဘင်္ဂါလီဒုက္ခသည်အရေးဟာ မြစ်ပွားနာလို အမြစ်မပြတ်နိုင်ဖြစ်နေ ပါတယ်။ သမိုင်းတစ်လျှောက် ဖြေရှင်းမရဖြစ်နေတဲ့ ဒုက္ခသည်အရေးရဲ့ အခြေအနေမှန်ကို ပွင့်လင်းမြင်သာစွာ သိဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံမှ အဲဒီကာလအစိုးရက သွားရောက်ဖြေရှင်းခဲ့ပြီး ဖြစ်ပါတယ်။ မျက်မှောက်ကာလမှာလည်း သတ်မှတ်ထားတဲ့ အချက်တွေအတိုင်း နိုင်ငံကို တာဝန်ယူထားတဲ့ အစိုးရက သွားရောက်ဖြေရှင်းခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ လိပ်ခဲတည်းလဲဖြစ်နေတဲ့ ပြဿနာဟာ အမှန်တရားကို မျက်ကွယ်ပြုပြီး အမှားတွေကို ပုံဖော်နေကြတာ၊ နိုင်ငံရေးအမြတ်ထုတ်တာ၊ အခွင့်အရေးတွေ ယူနေတာကြောင့် အဆုံးမသတ်နိုင်တဲ့ ပြဿနာဖြစ်နေပါတယ်။


အလေးပေးဖော်ပြ

ဘင်္ဂါလီတွေကို ခုတုံးလုပ်ပြီး မမှန်ကန်တဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်အမှန်ကို ထုတ်ဖော်ပြောဆိုလာပါတယ်။ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကင်ဆာဆဲလ်တွေလို ဖြစ်နေပါတယ်တဲ့။ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂါလီတွေကို ပြန်လည်ခေါ်ဆောင်ဖို့ အစီအစဉ်တွေရှိတာ မှန်ပေမယ့်လည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နဲ့ အခြားနိုင်ငံတွေက သူတို့အား မြန်မာနိုင်ငံကိုမပြန်ဖို့၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှာသာ နေထိုင်ဖို့နဲ့ စားနပ်ရိက္ခာတွေနဲ့ လိုအပ်တာတွေကို ထောက်ပံ့ပေးမယ်လို့ ပြောကြားတာတွေရှိပါတယ် တဲ့။ ၁၉၉၀ ပြည့်နှစ်ကာလတွေမှာ မြန်မာနိုင်ငံဟာ ဘင်္ဂါလီတွေကို အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ဒါဟာ ထိုစဉ်က မီဒီယာတွေ နည်းပါးတာ ကြောင့်ဖြစ်ကာ ယခုအခါမှာ အနောက်နိုင်ငံနဲ့ OIC တို့က မွေးကျွေးထားတဲ့ နိုင်ငံတကာမီဒီယာတွေ၊ ပြည်တွင်းမီဒီယာတွေကပါ နေရပ်မပြန်ရေးကို အလေးပေးဖော်ပြနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဟာ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ စီးပွားရေးသဖွယ်လုပ်ကိုင်နေတာကြောင့် ဒုက္ခသည်တွေ မရှိတော့ပါက ၎င်းတို့အနေနဲ့ အလုပ်လက်မဲ့ အခြေအနေဆိုက်မှာစိုးလို့ ဘင်္ဂါလီဒုက္ခသည်တွေသာမက ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်တွေကို ၎င်းတို့ရဲ့ မိခင်နိုင်ငံတွေကို ပြန်သွားဖို့ကို မတိုက်တွန်းဘဲ လက်ခံထားတဲ့နိုင်ငံတွေမှာသာ နေထိုင်ဖို့နဲ့ ၎င်းတို့ ဘက်မှ လိုအပ်တာတွေကို ထောက်ပံ့ပေးပါမယ်လို့ ပြောဆိုနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဘင်္ဂါလီတွေကို နေရပ်ပြန်လည်ပို့ဆောင်ရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံညှိနှိုင်းဖြေရှင်း နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အခြား တတိယနိုင်ငံ/အဖွဲ့အစည်း (Third Party)တွေက ဝင်ရောက် ဆောင်ရွက်ပေးဖို့ မလိုအပ်ဘူးလို့ ထင်မြင်ပါတယ်တဲ့။


မက်လုံးပေးစည်းရုံး

ဒါ့အပြင် တတိယနိုင်ငံ/တတိယအဖွဲ့အစည်းတွေဟာ နေရပ်ပြန်လည်ပို့ဆောင်ဖို့ မြန်မာနိုင်ငံမှာ အခြေအနေကောင်းတွေမရှိသေးကြောင်း၊ နိုင်ငံသားရရှိမည်မဟုတ်ကြောင်းနဲ့ ပြန်လည်နေရာချထားရေးအတွက် အစီအစဉ်ကောင်းတွေမရှိကြောင်း စသဖြင့် ပြောကြားနေမှုတွေကြောင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ မစတင်နိုင်ဘဲ ဖြစ်နေပါတယ်တဲ့။ အိန္ဒိယ၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေက နေရပ်စွန့်ခွာသွားသူတွေအတွက် မြန်မာနိုင်ငံမှာ နေအိမ်တွေ ဆောက်ပေးထားသော်လည်း အခြေအနေကောင်းတွေ ဖန်တီးထားခြင်းမရှိတာကြောင့် နေရပ်မပြန်ဖို့နဲ့ ၎င်းတို့နိုင်ငံကို ခေါ်ဆောင်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံကိုယ်တိုင်က မဟုတ်တဲ့ မက်လုံးပေး စည်းရုံးပြောကြားနေတာတွေလည်း ရှိနေပါတယ်တဲ့။

ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ နိုင်ငံတကာအဖွဲ့အစည်းများစွာ လုပ်ကိုင်လျက်ရှိရာမှာ အလှူငွေတွေကို ဘယ်လောက်ရရှိလို့ ဘယ်လိုရရှိတယ်၊ ဘယ်လောက်ထိရောက်တဲ့ လုပ်ငန်းတွေမှာ ဘယ်လိုပမာဏနဲ့ သုံးစွဲနေတယ် စတာတွေကို မသိရှိရလို့ အဲဒီအဖွဲ့အစည်းတွေကို တတ်နိုင်သရွေ့ အမြန်ဆုံး ပိတ်သိမ်းသင့်တယ်၊ ဘယ်အဖွဲ့အစည်းက ဘယ်ကဏ္ဍအတွက် ဆောင်ရွက်နေတာကိုပင် မသိရှိနိုင်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အဆိုပါနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ကြပ်မတ်ဆောင်ရွက် နေတယ်ဆိုတာတွေကို ဘင်္ဂလားဒေ့ရှ်လွှတ်တော် နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ ကော်မတီရဲ့ဥက္ကဋ္ဌဖြစ်သူ ယခင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အေကေ အဗ္ဗဒူ မိုမန်က ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ (Daily Jugantor) သတင်းဌာနနဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။


အဖြစ်မှန်ကိုသိကြရပြီ

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေး အစီအစဉ်တွေကို မြန်မာနိုင်ငံက တစိုက်မတ်မတ် မျက်ခြည်မပြတ်ပြုလုပ်ပေးလျက်ရှိပေမယ့်လည်း နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း မမှန်မကန်စွပ်စွဲ ပြောဆို ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။ လက်တွေ့မှာ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရ ညှိနှိုင်း သဘောတူညီမှုတွေနဲ့ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးအစီအစဉ်ကို စတင်ဆောင်ရွက် နိုင်ခဲ့ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည် မဖော်နိုင်သေးဘဲ ရပ်တန့်နေတဲ့ အကြောင်းရင်းမှန်တွေကို ဖုံးကွယ်ထားတာဟာ မရိုးသားတဲ့အချက် ဖြစ်ပါတယ်။ ယခု ဘင်္ဂလားဒေ့ရှ်လွှတ်တော် နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ အခြားနိုင်ငံတွေ၊ မီဒီယာတွေက ဘင်္ဂါလီတွေ နေရပ်မပြန်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာတွေကို ရှင်းရှင်းလင်းလင်း ပြောကြားလိုက်လို့ အဖြစ်မှန်တွေကို ထင်ရှားပေါ်လွင်စွာ သိကြရပြီဖြစ်ပါတယ်။ ဒီအင်တာဗျူး ဖြေကြားချက်တွေဟာ အနောက်မီဒီယာတွေ၊ OIC ရဲ့ အကျွေးအမွေးနဲ့ အမှန်တရားကို မျက်စိမှိတ်နေတဲ့ မီဒီယာတွေကတော့ ဆက်ဖြန့်ဖို့ စိတ်ကူးရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ (Daily Jugantor) သတင်းဌာန ရဲ့ ပျံ့နှံ့နိုင်တဲ့ ဧရိယာအတွင်းက အစိုးရတာဝန်ရှိသူတွေ၊ ကမ္ဘာ့ပြည်သူ ပြည်သားတွေ သိသွားနိုင်မှာပါ။

ဒါ့အပြင် တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ARSA အကြမ်းဖက်သမားတွေ စိမ့်ဝင်ရောနှော နေထိုင်ပြီး အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေရှိနေတာတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက ကိုင်တွယ်ရှင်းလင်းနေရပါတယ်။ ၎င်းတို့ ရဲ့ ဒုက္ခသည်စခန်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနဲ့ ၎င်းတို့ရဲ့အတွင်းရေး ကိစ္စဖြစ်လို့ ၎င်းတို့ကိုယ်တိုင် ဖြေရှင်းရမှာ ဖြစ်ပါတယ်။ နေရပ်ပြန်ရေးအစီအစဉ်မှာ ပြဿနာစတင်ဖြစ်ပြီးတဲ့ အချိန်ကစလို့ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်က အလေးထားဆောင်ရွက်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။


အသင့်ပြင်ဆင်ထား

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ မှ တာဝန်ရှိပုဂ္ဂိုလ်တွေက နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားမှုတွေကို မြန်မာနိုင်ငံအခြေစိုက်သံရုံးတွေက သံရုံးအကြီးအကဲတွေနဲ့ သံတမန်တွေကိုယ်တိုင် ကွင်းဆင်းသွားရောက် ကြည့်ရှုခဲ့ပါတယ်။ ကြည့်ရှုလေ့လာတဲ့အခါမှာ အခြေအနေမှန်ကို နားလည် သဘောပေါက်ပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ အခြေအနေမှန်တွေကို အစီရင်ခံသွားမယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့ ပြောကြပါတယ်။ ပြန်လည်လက်ခံရေးလုပ်ငန်းတွေကို အစိုးရအဆက်ဆက်က အလေးထားလုပ်ဆောင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်တော့ ပေါ်မလာသေးပေမယ့် ပွင့်လင်းရာသီမှာ လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ အစစအရာရာ အသင့်ပြင်ဆင်ထားပါတယ်။

နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရာမှာ နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက်တွေနဲ့ လက်ခံနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်။ ပထမဆုံးဝင်လာတဲ့နေရာမှာ လက်ခံမယ်၊ လုံခြုံရေး အရ လိုအပ်တာကိုစိစစ်မယ်၊ လူဝင်မှုကြီးကြပ်ရေးက စိစစ်မယ်၊ ပြီးရင် နိုင်ငံသားဖြစ်မှုအတွက် စိစစ်ကတ် ထုတ်ပေးမယ်၊ ပြီးရင် နိုင်ငံသားဖြစ်ဖို့အတွက် မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ဆက်လက်လျှောက်ထားနိုင်တယ်။ အမှန်တကယ်ကတော့ ရှင်းရှင်းလေးပါပဲ။ မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ညီညွတ်ရင် နိုင်ငံသားဖြစ်လာမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့မညီညွတ်ရင် ဘယ်နိုင်ငံမှာမှ နိုင်ငံသား ဖြစ်လာမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ဝင်ခွင့်ရတဲ့သူတွေ ပြန်လည်လက်ခံရေးစခန်းမှာ ခေတ္တထားပြီးနောက် ကြားစခန်းမှာ လိုအပ်တဲ့ အထောက်အပံ့တွေနဲ့ထားရှိပြီး နေရပ်ပြန်သူတွေရဲ့ ဆန္ဒအတိုင်း နှစ်သက်ရာရွာတွေမှာ နေထိုင်ကြရမှာဖြစ်ပါတယ်။ ရွာတွေမှာ ဆေးရုံ၊ ဆေးခန်း၊ ကျောင်းတွေလဲရှိပြီး သား ဖြစ်ပါတယ်။


ကိုယ်တိုင်အသိဆုံး

ဘင်္ဂါလီဆိုတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူလဇာတိ ဖြစ်ပါတယ်။ သမိုင်းကြောင်းရှည်လျားပြီး ရှုပ်ထွေး နက်နဲတဲ့ ခိုးဝင်ပြဿနာတွေကို ခေတ်အဆက်ဆက် အစိုးရတွေက ဖြေရှင်းနေရပါတယ်။ မြန်မာနိုင်ငံမှာ မွေးဖွားနေထိုင်ခဲ့တဲ့သူတွေမှန်ရင်၊ မြန်မာနိုင်ငံ ဥပဒေတွေနဲ့ ကိုက်ညီရင် အချိန်မရွေးလက်ခံဖို့ အသင့်ရှိပါတယ်။ ဥပဒေအချက်အလက်တွေနဲ့ မကိုက်ညီရင်တော့ လက်ခံလို့မရပါဘူး။ မြန်မာနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားပြီး လူ့အခွင့်အရေးကို အလေးထားကာ နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်နဲ့ စနစ်တကျပြန်လည်လက်ခံနိုင်ဖို့ တစိုက်မတ်မတ် အသင့်ပြင်ဆင်ပေးထားပါတယ်။ မြန်မာနိုင်ငံကို ပြန်မလာနိုင်တဲ့အကြောင်းရင်းကတော့ ဒုက္ခသည် တွေနဲ့ ဒုက္ခသည်တွေကို ကယ်တင်နေတယ်လို့ ဗန်းပြလုပ်စားနေတဲ့သူတွေ အသိဆုံးဖြစ်ပါတယ်။

ကာလရှည်ကြာဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂါလီတွေရဲ့ အရေးကိစ္စဟာ မြန်မာနိုင်ငံအနေနဲ့ သိမ်မွေ့နက်နဲပြီး ရှုပ်ထွေးတဲ့ ပြဿနာတစ်ရပ်ဖြစ်ပေမယ့်လည်း လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ အစဉ်တစိုက် အကောင်းဆုံးဖြေရှင်းနေပါတယ်။ ဘင်္ဂါလီအရေးကိစ္စမှာ နောက်ခံအကြောင်းတွေ၊ နောက်ကွယ်က အကြောင်းတွေရှိနေတဲ့အနက် ဘင်္ဂလားဒေ့ရှ်လွှတ်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ဆိုင်ရာကော်မတီဥက္ကဋ္ဌ ထုတ်ဖော်ပြောကြားခဲ့သလို ဒုက္ခသည်စခန်းက ဘင်္ဂါလီတွေကို အသုံးချခံလုပ်ပြီးတော့ နိုင်ငံရေးအမြတ်ထုတ်တဲ့သူတွေနဲ့ စားပေါက်ထွင်တဲ့ အဖွဲ့အစည်းတွေဟာ အမှန်တရားကို တမင်ဖုံးကွယ်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ဇာတ်နာအောင် ပြုလုပ်နေသူတွေသာဖြစ်ပါကြောင်း ။ ။


ကိုရေချမ်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)