မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန်ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုတို့မှ ကျူးလွန်သူတရားခံ ၁၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန်ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုတို့မှ ကျူးလွန်သူတရားခံ ၁၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 



နေပြည်တော်၊ ဇွန် ၁၅

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲ တိုက်ခိုက်မှုများကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေ ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့ပေါ်၌ ပြည်သူများအား အထိတ်တလန့်ဖြစ်စေရန် ရည်ရွက်ချက်ဖြင့် ဖောက်ခွဲရေးသုံးပစ္စည်းများဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်း စစ်ဆေး ခြင်းများဆောင်ရွက်နေစဉ် မဟာမြိုင်(၂) ရပ်ကွက်၊ ၄၃ (အေ)လမ်း၊ ၆၁ လမ်းထောင့်ရှိ Royal Star စားသောက်ဆိုင်ရှေ့တွင် အမျိုးသား ၂ ဦးမှ လက်ပစ်ဗုံး ၁ လုံးနှင့် ဓားမြှောင် ၁ ချောင်းတို့အား ကိုင်ဆောင်၍ ဆိုင်ဝန်ထမ်းများအား ရန်ရှာခြိမ်းခြောက်နေကြောင်းသတင်းအရ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးဖြင့်ဖောက်ခွဲရန်ခြိမ်းခြောက်ခဲ့သူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ ဒ-၉/၁၀၆ နေ ဝင်းမြိုင်(၅၆)နှစ်၊ (ဘ)ဦးချစ်ခင်အား MG-1 လက်ပစ်ဗုံး(၁)လုံး၊ အရိုး အသွား ၁၃ လက်မခန့်ရှိ ဓားအိမ်ပါဓားဦးချွန်(၁)ချောင်းဖြင့်လည်းကောင်း၊  ဓားဦးချွန်ကိုင်ဆောင် ခြိမ်းခြောက်ခဲ့သူ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာရှိ အောင်မြေမန္တလာဝန်ထမ်းအိမ်ရာနေ ကျော်ဇေယျာ (၃၉)နှစ်၊ (ဘ)ဦးကျော်ဌေးအောင်အား ဓားဦးချွန် ၁ ချောင်းဖြင့်လည်းကောင်း ဇွန်လ ၁၃ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်း ကျင်ရှိ မြို့နယ်များအတွင်း လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သူ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး(ခ) ရှရစ်ဘိုင်(၃၂)နှစ်၊ (ဘ)ဦးအောင်သန်းအား ဇွန်လ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး(ခ)ရှရစ်ဘိုင်သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များ အတွင်း စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များအတွင်း ခိုးမှုနှင့်လုယက်မှု ၂ မှုတို့ဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရဖူးသူဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် မေလအတွင်း ၎င်းသည်ဖမ်းဆီးရန်ကျန်တရားခံ ကျောက်ဆည်မြို့နယ်၊ လက်ပံကျေးရွာနေ မျိုးမင်းလတ်နှင့်အတူ အမရပူရမြို့နယ်အတွင်းရှိ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး ကျောက်စိမ်းဘုရားအနီး၊ စွယ်တော်ဘုရားအရှေ့ဘက် ပွဲရုံတိုက်တန်း အနီး၊ မြစ်ငယ်-စစ်ကိုင်းသွားကားလမ်းရှိ ကျောက်စိမ်းဘုရားအနီး၊ မြစ်ငယ်-အုန်းချောသွား ကားလမ်းရှိ စိတ်ကျန်းမာရေးဆေးရုံအနီး၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ နတ်ရေကန် ကျေးရွာအနီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ တံခွန်တိုင် အဝိုင်းအနီး၊ ၇၃ လမ်းရှိ ယာယီကားကြီးကွင်းအနီး စုစုပေါင်းနေရာ(၇)ခုတို့တွင် ဆိုင်ကယ်စီးနင်း သွားလာသူများထံမှ ရွှေထည်ပစ္စည်းများအား လုယက်မှု(၇)ကြိမ် ကျူးလွန်ခဲ့သူဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး အမှုများမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေးနှင့် အမှုမှဖမ်းဆီးရန် ကျန်တရားခံ မျိုးမင်းလတ်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလားတူ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ရှိ Sky Mobile Phone အရောင်းဆိုင်နှင့် Paradise Mobile Phone အရောင်းဆိုင်တို့ရှိ လက်ကိုင်ဖုန်းမျိုးစုံ ၂၅ လုံးအား ဓားရှည်များ ကိုင်ဆောင်အသုံးပြု၍ လုယက်ယူဆောင်ခဲ့သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး အထောက်အကူပြုပစ္စည်းမှ ရရှိသည့်အချက်အလက်များနှင့် ဒုစရိုက်မှုကိုမလိုလားသူ ပြည်သူ များ၏ သတင်းပေးပို့ချက်အရ စုံစမ်းဖော်ထုတ်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် လုယက်မှုကျူးလွန်သူများဖြစ်ကြသည့် တရားခံ ကျော်ဇင်ခန့်(ခ)ငပြူး(၂၀)နှစ်၊ (ဘ) ဦးဇော်မင်းနောင်အား မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၈လမ်း၊ ၆၉ လမ်းနှင့် ၇၀ လမ်းကြားရှိ နယူးရွှေထိပ်တန်းတည်းခိုခန်း၊ အခန်းအမှတ် B-1 တွင်လည်းကောင်း၊ ဟိန်းမင်းစိုး (ခ)ဖိုးသား(၂၈)နှစ်၊ (ဘ)ဦးစိုးမြင့်အား ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား၊ ၁၁၂ လမ်းပေါ်ရှိ Maple တည်းခိုခန်း၊ အခန်းအမှတ်(၃၀၅)တွင်လည်းကောင်း လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် I Phone အမျိုးအစား လက်ကိုင်ဖုန်း ၉ လုံး၊ Redmi A3 အမျိုးအစား လက်ကိုင်ဖုန်း ၇ လုံးနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားရှည် ၂ ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကျော်ဇင်ခန့်(ခ)ငပြူးနှင့် ဟိန်းမင်းစိုး(ခ)ဖိုးသားတို့၏ ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးမှ Mobile Phone အရောင်းဆိုင်များအား လုယက်မှုကျူးလွန်စဉ် ဖမ်းဆီးရန်ကျန်တရားခံ စဉ့်ကူး မြို့နယ်၊ လက်ပံလှကျေးရွာနေ မိုးဆန်းအောင်(ခ)ပိစိ(၂၉)နှစ်၊ (ဘ)ဦးအေးဆောင်က ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းနှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား အပေါင်ခံသူများဖြစ်ကြသည့် ရန်ကျော်(၃၄)နှစ်၊(ဘ)ဦးခင်မောင်ဝင်း၊ မောင်မောင်ချစ်(၂၉)နှစ်၊ (ဘ) ဦးမောက်၊ ဌေးမင်းသူ(၃၄)နှစ်၊ (ဘ)ဦးသိန်းမောင်တို့နှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်း များအား ရောင်းချပေးသူများဖြစ်ကြသည့် ခိုင်ဇာလင်း(၂၀)နှစ်၊(ဘ)ဦးလင်းထိန်၊ သက်သက်ဦး (၁၆)နှစ်၊ (ဘ)ဦးအောင်မျိုးဝင်းနှင့် ဖွေဖွေးလှိုင်(ခ)မျိုးသန္တာလှိုင်(၁၆)နှစ်၊(ဘ)ဦးနိုင်ဝင်းတို့အား ယင်းနေ့ နေ့လယ် ၂ နာရီအချိန်တွင် ၎င်းတို့၏နေအိမ်အသီးသီး၌လည်းကောင်း ထပ်မံဖမ်းဆီးရမိ ခဲ့သည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ကျော်ဇင်ခန့်(ခ)ငပြူး၊ ဟိန်းမင်းစိုး(ခ)ဖိုးသားနှင့် ဖမ်းဆီးရန် ကျန်တရားခံ မိုးဆန်းအောင်(ခ)ပိစိတို့ ၃ ဦးသည် ဇွန်လအတွင်း မန္တလေးမြို့ပေါ် ရပ်ကွက်များ၌ ဓားထောက်၍ ဆိုင်ကယ်လုယက်မှု ၃ မှုအား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး  အဆိုပါ အမှုများမှ CZI အမျိုးအစား သက်သေခံဆိုင်ကယ်  ၁ စီးအား သိမ်းဆည်းရမိခဲ့ကာ ကျန်သက်သေခံ ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့ ကြသူ ဖမ်းဆီးရမိ တရားခံ စုစုပေါင်း(၁၁)ဦးတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုများ ဖွင့်လှစ်ထားရှိပြီး ကွင်းဆက်တရားခံနှင့် ဖမ်းဆီးရန်ကျန်တရားခံများ ထပ်မံဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ရပ်ရွာများအတွင်း အကြမ်းဖက်မှုများနှင့် ဒုစရိုက်မှု များမဖြစ်ပွားစေရေး အကြမ်းဖက်သမားများနှင့် ဒုစရိုက်သမားများ၏ လှုပ်ရှားဆောင်ရွက်မှုသတင်း များအား သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပေးသတင်းထုတ်ပြန်ထားပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)