ဆရာတင်ညွန့်= STN ၏ပညာရေးဆောင်းပါးကိုဝေဖန်ခြင်း (အပိုင်း - ၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာတင်ညွန့်= STN ၏ပညာရေးဆောင်းပါးကိုဝေဖန်ခြင်း (အပိုင်း - ၁)


STN ၏ (အမှောင်ထဲတွင် မျက်မှန်စိမ်းတပ်၍ ကမ္ဘာ့မြေပုံကိုကြည့်ခြင်း) ပညာရေးဆိုင်ရာစာစုကို ၂၇.၅.၂၀၂၄ ရေး၍ fb ၌တင်ထားသည်။ အနှစ်ချုပ်လျှင် မြန်မာ့ပညာရေးအခြေနေ နိမ့်ကျရခြင်းမှာ ဦးနေဝင်းခေတ်က တက္ကသိုလ်များ၌ ပညာရပ်များကို မြန်မာလိုပြောင်းသင်ခြင်းကြောင့်ဟု ကောက်ချက်ချထားရာ ၎င်း၏အယူအဆမှားကြောင်း တင်ပြလို၍ ဤစာစုကိုရေးပါသည်။ STN ၏ စာတွင်စာပိုဒ် ၁၅ ပိုဒ်ပါပြီး ဝေဖန်ရန်မလိုသော စာပိုဒ်ကိုချန်၍ ဝေဖန်သောစာပိုဒ်ကို ()= ဝိုက်ကွင်းတွင်စာပိုဒ်အမှတ်စဉ်နှင့်ဖော်ပြပါသည်။ အပိုဒ် ၁၊၂ မှာနိဒါန်းပျိုးစာဖြစ်သည်။ အပိုဒ် ၃ ကိုလေ့လာပါဦး။

(၃။၁၈၃၅ ခုနှစ်က အိန္ဒိယအစိုးရ ဥပဒေတာဝန်ခံ လော့ဒ် မက်ကောလေးသည် မြန်မာနိုင်ငံအတွက် ပညာရေး အကြံပြုစာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုစာတန်းတွင် မြန်မာနိုင်ငံမှ ကျောင်းသားများကို အရှေ့တိုင်းပညာ လေ့လာလိုက်စားစေမှုအစား၊ အင်္ဂလိပ်ဘာသာစာပေကိုသာ လေ့လာလိုက်စားစေရန်၊ အင်္ဂလိပ်ဘာသာကို သင်ကြားမှု မဏ္ဍိုင်အဖြစ် အသုံးပြုစေရန်၊ အသားအရောင်ညိုသော်လည်း အင်္ဂလိပ်ဘာသာ တတ်ကျွမ်း၍ အင်္ဂလိပ်လိုတွေးခေါ်ကာ၊ အင်္ဂလိပ်စိတ်ပေါက်သော လူတန်းစား တစ်ရပ်မွေးထုတ်ပြီး ယင်းတို့ကို တိုင်းရင်းသားလူမျိုးများနှင့် အုပ်စိုးသူတို့အကြားတွင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ရန်ဟူ၍ အကြံပြုခဲ့ကြောင်း တွေ့ရပါသည်။ ကိုလိုနီခေတ်တွင် မက်ကောလေးအကြံပြုချက်အတိုင်း အင်္ဂလိပ်စာကို သင်ကြားရေး မဏ္ဍိုင်အဖြစ်ထားကာ ကိုလိုနီ ပညာရေးကို အကောင်အထည်ဖော်ခဲ့ပါသည်။)

မက္ကောလေးသည် မြန်မာနိုင်ငံအတွက် အကြံပြုခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံအရင် အင်္ဂလိပ်လက်အောက်ရောက်  အိန္ဒိယနိုင်ငံပညာရေးအတွက် တင်သွင်းသောအစီရင်ခံစာသာ ဖြစ်သည်။ ၁၉၃၅ ခုနှစ်ကတနင်္သာရီနှင့် ရခိုင်သာအင်္ဂလိပ်လက်အောက်ကျနေသေးရာ အစိုးရကျောင်းသင်ပညာရေးမစသေး။ သို့ငြား ရခိုင်နှင့် တနင်္သာရီသို့မူ၊ သာသနာပြုကျောင်းများကား တံခါးမရှိ ဓားမရှိ ဝင်ရောက်လာကြပါသည်။ ၁၈၅၂ အင်္ဂလိပ်မြန်မာ ဒုတိယစစ်အပြီး ၁၅ နှစ်ကြာမှ အောက်မြန်မာပြည်၌ ကိုလိုနီအစိုးရကပညာရေးဌာန စဖွင့်သည်။ ၁၈၂၆ မှ ၁၈၆၆ထိ အင်္ဂလိပ် သိမ်းပိုက်ခံ အောက်မြန်မာပြည်၏ ပညာရေးကို ရှိရင်းစွဲ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ အသိမ်းပိုက်ခံနယ်မြေများသို့ စည်းကမ်းမထား ဝင်လာသော သာသနာပြုကျောင်းများနှင့် အချို့ပညာပေးအိမ်ကျောင်းများက တာဝန်ယူထားသလိုမျိုးဖြစ်ကြောင်း အမျိုးသားနေ့နှင့် အမျိုးသားပညာရေးလှုပ်ရှားမှု သမိုင်းအကျဉ်း စာ-၆၆ ၌ဖော်ပြထားသည်။ ဘုန်းတော်ကြီးကျောင်းက တိုင်းရင်းစာသင်သလို သာသနာပြုကျောင်းများက အင်္ဂလိပ်စာသင်သည်။

၁၈၆၇ ခုနှစ်မှဖြစ်လာသော ပညာရေးဌာနသည် အိန္ဒိယနိုင်ငံအတွက် အစီရင်ခံခဲ့သော မက္ကောလေးအကြံပြုချက်ကို အခြေခံကျင့်သုံးသည်။ ၁၈၆၇မှ ၁၉၂၀ထိ ပညာရေးဌာနသာရှိပြီး ပညာရေးဝန်ကြီးဌာနမပေါ်သေး။ ၁၉၂၁ ခု နှစ်တွင် ပညာရေးဝန်ကြီးဌာန ဖြစ်လာသည်။ ကိုလိုနီပညာရေးဆိုသည်မှာ အုပ်ချုပ်သူ ဘာသာစကားကိုလက်အောက်ခံ တိုင်းရင်းသားတို့အား ရိုက်သွင်းရခြင်းဖြစ်သည်။ ဥပမာ ဗီယက်နမ်သည် ပြင်သစ်လက်အောက်ကျခဲ့ရာ ထိုခေတ်ဗီယက်နမ်ပညာရေး၌ ပြင်သစ်စာသည် ပေါင်းကူးစာဖြစ်သည်။ ထို့ကြောင့် ထိုစဉ်က ပြင်သစ်ကိုလိုနီ ဗီယက်နမ်တွင် ပြင်သစ်စာသည်သင်ကြားရေးမဏ္ဍိုင် ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာတို့သည် ဗြိတိသျှလက်အောက်ခံဖြစ်ရာ အင်္ဂလိပ်စာ အဓိကသင်ကြားရေးမဆန်းပေ။ ပေးသည့်ပညာ= သင်ရိုးစာအုပ်တို့အဆင့်အတန်းတို့ကား အသိအတတ်ရစေသောပညာ=သင်ရိုးမဟုတ်သည်ကိုသိဖို့လိုသည်။ STN က ကိုလိုနီပညာရေး၏ အင်္ဂလိပ်တို့ရေးဆွဲသင်ရိုးယုတ်မာကြောင်း တင်ပြခြင်းမပြု။ မက္ကောလေးအကြံပြုချက်အတိုင်း အင်္ဂလိပ်လိုသင်ခြင်းသည် အကျိုးရှိကြောင်း နိဒါန်းပျိုးသည်ဟု မြင်ပါသည်။ အပိုဒ် ၄ ကြည့်ပါဦး။


(၄။၁၉၂၀ နောက်ပိုင်းတွင် အမျိုးသားပညာရေးကို တောင်းဆိုလာကြသည်။ တောင်းဆိုရသည့် အဓိကအချက်မှာ ကျွန်စိတ်ပေါက်စေသည့် ကိုလိုနီယန္တရားလည်ပတ်နိုင်စေသော စာရေးစာချီကျွန်များကို မွေးထုတ်နေသော ပညာရေးစနစ်ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားများ၏ ပထမသပိတ်မှသည် အမျိုးသား ပညာရေး၊ အမျိုးကျောင်းများကို ဦးတည်စေခဲ့သည်။ သို့သော် အမျိုးသားကျောင်းစနစ်သည် အောင်မြင်ခဲ့ သည်တော့ မဟုတ်ပေ။ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသည့် ခေါင်းဆောင်ကောင်းများကို မွေးထုတ်နိုင်ခဲ့သည်။ ထိုခေါင်းဆောင်များအားလုံးသည် အင်္ဂလိပ်ကို အထင်မကြီးသော်လည်း အင်္ဂလိပ်လို ကောင်းစွာတတ်ပြီး ကမ္ဘာကိုလှမ်းမြင်နိုင်သူများ ဖြစ်ခြင်းကြောင့်သာ လွတ်လပ်ရေးကို ခြေလှမ်းအဆင့်ဆင့် တက်လှမ်း ရယူနိုင် ကြခြင်းဖြစ်သည်။)

အပိုဒ် ၄ ၌ STN က (သို့သော် အမျိုးသားကျောင်းစနစ်သည် အောင်မြင်ခဲ့ သည်တော့မဟုတ်ပေ) ဟု ကောက်ချက်ဆွဲထားရာ ဆရာကြီးဦးဖိုးကျားအပါအဝင် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ အမျိုးသားကျောင်းတည်ထောင်ခဲ့သော  ၁၉၂၀က ကိုလိုနီကျွန်ပညာရေးကို သပိတ်မှောက်ခဲ့ကြသော ကျောင်းသားကြီးများကို စော်ကားလိုက်ခြင်းဖြစ်သည်။ ထို့ပြင် STN သည် သမိုင်းကိုညာသူ၊ အမှန်ကိုဖုံးကွယ်သူဖြစ်သည်။ အထောက် အထားမပြဘဲနှင့် မမေ့အပ်သော မြန်မာ့ထင်ရှားသမိုင်းဖြစ်ရပ်ကို ဤသို့ကောက်ချက်မဆွဲရပါ။ သူ့ကောက်ချက် မှန်လျှင်ကိစ္စမရှိပါ။ STN သည် ကျောင်းဆရာဖြစ်သည်။ ဆုရထင်ရှား စာရေးဆရာဖြစ်သည်။ သူနှင့်ကျွန်တော်သည် သဲကုန်း၊ မူလတန်းဆရာအတတ်သင်ကျောင်းထွက်များ ဖြစ်သည်။ သူကကျွန်တော့်ထက် ၃ - ၄ နှစ်ကြီးနိုင်သည်။ ကလေးလူငယ်တို့အား သင်ကြားပေးသောဆရာက ဤသို့အချက်အလက်အမှား သင်လိုက်သောအခါ ဆရာ့သင်ယူမှုကိုသာ အားပြုအရွယ်ကလေးတို့၌ သေရာပါဒဏ်ရာလို စွဲသွားတတ်သည်။ စဉ်းစားချင့်ချိန် သုံးသပ်တတ်သောအချိန်မရောက်မချင်း ထိုအမှားကို အမှန်ထင်ကာ တဆင့်ပြန်ဖြန့်ဝေကြဦးမည်။ ဒါတွေက ကိုယ်တိုင်လည်းဖြစ်ခဲ့ရသလို ကိုယ်တွေ့ကလည်းများစွာရှိရာ ယခုSTN ကသက်သေဖြစ်သည်။ ထို့ကြောင့်လည်း ဤချေပစာစုကိုနိုင်ငံလူမျိုးအတွက် ရေးရခြင်း၊ STN ချသည့် သမိုင်းခြေရာသည် လမ်းမှားနေကြောင်း ယခုဤစာစုဖတ်သူအား ခြေရာခံနည်း ပြောပြခြင်းဖြစ်ပါသည်။ (အမျိုးသားကျောင်းစနစ်သည် အောင်မြင်ခဲ့ သည်တော့မဟုတ်ပေ) ဟုဆိုလျှင် 'ဘာမအောင်မြင်သနည်း။ ဘယ်လိုမအောင်မြင်သနည်း။ ဘာကြောင့်မအောင်မြင်သနည်း' ဆိုသည်တို့ကို အထောက်အထားနှင့် ရှင်းပြရမည်။ သို့မဟုတ် (အမျိုးသားကျောင်းစနစ်သည် အောင်မြင်ခဲ့ သည်တော့မဟုတ်) အဆိုကို သမိုင်းပညာရှင် မည်သူကဆိုခဲ့ကြောင်း တင်ပြရမည်။ ယခု ထိုအမြင်က သူ့အမြင်ဖြစ်ပြီး ဘာ့ကြောင့်ထိုသို့သုံးသပ်ရသည်ကို ရှင်းမထားပေ။

အမျိုးသားပညာရေးစနစ် အောင်မြင်ကြောင်း၊ ဦးဖိုးကျားအပါအဝင် သပိတ်မှောက်ကျောင်းသားဟောင်းကြီးများ ကိုယ်တိုင်ရေးသမိုင်းတွင် တွေ့နိုင်ပါသည်။ ထို့ပြင်အမျိုးသားကျောင်းစနစ်ကြောင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိ အမျိုးသားစစ်သည်တော်များ ပေါ်ထွက်ခဲ့ပြီး အင်္ဂလိပ်လက်အောက်ခံဖြစ်သော်လည်း ကျွန်စိတ်ဓာတ်ပျောက်၊ သခင်စိတ်ဓာတ်ရောက်ခဲ့ကြသည်။ သင်ရိုးပိုင်းတွင် ယခင်အင်္ဂလိပ်ကျောင်း သင်ရိုးတို့ထက် အဆင့်မြင့်သည်။ အင်္ဂလိပ်တို့သင်ပေးသော မြန်မာ့သမိုင်းသင်ရိုးအမှားကို ပြုပြင်သင်နိုင်ခဲ့၍ မျိုးချစ်စိတ်ရှင်သန်လာသည်။ မြန်မာစာကို အလေးပေးသင်ကြားမှု သင်ယူမှုပြုသလို အင်္ဂလိပ်စာကိုလည်း သင်ရိုးကောင်းများ သင်နိုင်၍  

စာပေဘက်တွင် ဆရာကြီး(ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ ဦးခင်မောင်လတ်)၊ ဆရာမကြီး (ဒေါ်ခင်မျိုးချစ်၊ ဒေါ်အမာ) နိုင်ငံရေးဘက်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ စသူတို့များစွာပေါ်ထွက်ခဲ့သည်။ ဤသည်မှာ ထင်ရှားသူတို့ကိုသာ သက်သေထူခြင်းဖြစ်သည်။

မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ဝံသာနုရက္ခိတ တရားရှိစိတ် ၊နိုင်ငံလူမျိုး အတွက် အသက်နှင့်ဘဝကို စွန့်လွတ်ရဲသောစိတ်တို့ကို အမျိုးသားကျောင်းသားအားလုံးတို့အား အမျိုးသားပညာရေးစနစ် သင်ရိုးကပေးနိုင်သည်။ ထင်ရှားသာဓကမှာ ရဲဘော်သုံးကျိပ်အမြုတေပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင်အင်္ဂလိပ်အစိုးရကျောင်းနေ မြန်မာကျောင်းသားတို့ကိုလည်း အမျိုးသားကျောင်းသားတို့လို နိုင်ငံချစ်စိတ်ရှိစေသည်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ ဗိုလ်ထွန်းလှသည် သာသနာပြုကျောင်းထွက်ဖြစ်သော်လည်း မျိုးချစ်စိတ် နိုင်ငံချစ်စိတ်တို့ကို အမျိုးသားကျောင်းများက မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

ဖော်ပြပါတို့မှာ အမျိုးသားကျောင်းစနစ်ကြောင့် 'ဘာ' တွေ အောင်မြင်ခဲ့သနည်း အဖြေအနည်းငယ်မျှသာ ဖြစ်သည်။ ဘယ်လို နှင့် ဘာ့ကြောင့်အောင်မြင်သနည်းကို လိုရင်းဖြေရလျှင် ပထမကျောင်းသားသပိတ်ကြောင့် အမျိုးသားရေးနိုးကြားလာသော ကျောင်းသား၊ မိဘ၊ ပြည်သူများနှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုတို့လို နိုင်ငံလူမျိုးကို တကယ်ချစ်သည် တကယ့်အမျိုးသားနိုင်ငံရေးအကျိုးဆောင်ရွက်သူ အမျိုးသားဆရာမျာကြောင့်ဖြစ်သည်။ STN တင်ပြသလို (ထိုခေါင်းဆောင်များအားလုံးသည် အင်္ဂလိပ်ကို အထင်မကြီးသော်လည်း အင်္ဂလိပ်လို ကောင်းစွာ တတ်ပြီး ကမ္ဘာကိုလှမ်းမြင်နိုင်သူများဖြစ်ခြင်းကြောင့်သာ လွတ်လပ်ရေးကို ခြေလှမ်းအဆင့်ဆင့် တက်လှမ်း ရယူနိုင် ကြခြင်းဖြစ်သည်) ဟူသော သုံးသပ်ချက်မဟုတ်ပါ။

အင်္ဂလိပ်လို ကောင်းစွာတတ်သည်ဆိုရာမှာလည်း အင်္ဂလိပ်ဆရာတို့သင်ပေး၍ တတ်သည်မဟုတ်။ အမျိုးသားကျောင်းဆရာတို့သင်၍ တတ်ခြင်းဖြစ်သည်။ အင်္ဂလိပ်စာတတ်၍ ကမ္ဘာကို ကြည့်နိုင်ခဲ့ခြင်းမဟုတ်။ အမျိုးသားကျောင်းပညာရေးစနစ်က မျက်စိဖွင့်ပေးလိုက်၍ မြင်ကြခြင်းဖြစ်သည်။ အင်္ဂလိပ်အစိုးရကျောင်းတွင် အင်္ဂလိပ်စာက သင်ကြားရေးမဏ္ဍိုင်ဖြစ်ပြီး အမျိုးသားကျောင်းတွင် မြန်မာစာကသင်ကြားရေးမဏ္ဍိုင် ဖြစ်သည်။ အင်္ဂလိပ်အစိုးရကျောင်းတွင် မြန်မာစာမှာ ဖြစ်ကတတ်စမ်းဝတ်ကျေတမ်းကျေသာ သင်၍ အမျိုးသားကျောင်းတွင် မြန်မာစာသာမက အင်္ဂလိပ်စာတွင်လည်း အင်္ဂလိပ်အစိုးရကျောင်းတို့ထက် မနိမ့်အောင်သင်ကြောင်း ဆရာမောင်ထင်၏ 'အမျိုးသား ပညာရေးကြိုးပမ်းမှု' အကြောင်းဖတ်လျှင်သိပါမည်။ ဗိုလ်ချုပ်အောင်းဆန်း ကိုယ်တိုင် ကမ္ဘာကိုလှမ်းမမြင်နိုင်ခဲ့ကြောင်း အင်္ဂလိပ်ခေတ်ရန်ကုန်တက္ကသိုလ်၏ သမိုင်းသည် ဥရောပအကြောင်းသာသင်ရပြီးဂျပန် အကြောင်းမသင်ရ၍ဂျပန်နိုင်ငံအကြောင်းဘာမှမသိကြောင်း ရေးထားသည်ကိုသိနိုင်သည်။ဆိုချင်သည်က STN ပြောသလို(အင်္ဂလိပ်လို ကောင်းစွာ တတ်၍ ကမ္ဘာကိုလှမ်းမြင်နိုင်သူများဖြစ်ကြသည်ဆိုသည်မှာမဟုတ်ကြောင်း)ပြောလိုရင်းဖြစ်သည်။STN ခင်ဗျား၊အမျိုးသားကျောင်းစနစ် မအောင်မြင်ဘူးဆိုလျှင် ဘာတွေ ဘယ်လို ဘာကြောင့်ဆိုတာကို ရှင်းပြပါခင်ဗျား။ အပိုဒ် ၅ ကြည့်ဦးစို့။


(၅။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သင်ကြားမှုမဏ္ဍိုင်ကို မြန်မာဘာသာဟု ပြဋ္ဌာန်းနိုင်ခဲ့ကြပါသည်။ သို့သော် ပုဂ္ဂလိကပညာရေး စနစ်အားကောင်းနေချိန်ဖြစ်ပြီး ခရစ်ယာန်သာသနာပြုကျောင်းများ ထွန်းကားနေ သောကြောင့် အင်္ဂလိပ်စာသင်ကြားရေး၊ အင်္ဂလိပ်လို သင်ကြားရေးများသည် ရပ်တန့်မသွားခဲ့ပေ။ ထိုအချိန် ကာလများအထိ တက္ကသိုလ်တွင် သင်ကြားရေး မဏ္ဍိုင်မှာလည်း အင်္ဂလိပ်စာသာဖြစ်နေခဲ့ပါသည်။)

 အပိုဒ် ၅ ကိုအထူးဝေဖန်ရန်မရှိပါ။ တင်ပြလိုသည်က ၁၉၄၈ လွတ်လပ်ရေးရပြီး ပညာရေးဝန်ကြီးဌာန၏ ပညာရေးစနစ်သည် (၁၉၂၁-၄၂)အမျိုးသားပညာရေးစနစ်အတိုင်းဖြစ်သည်။ ၁၉၄၃ မှ ၄၅ ကာလက ဂျပန်ခေတ်ကာလ ဒုတိယကမ္ဘာစစ်နှင့်ကြုံနေရာ အခြေခံပညာကျောင်းများကော တက္ကသိုလ်ပါပိတ်ထားရသည်။ ၁၉၂၁ အမျိုးသားကျောင်းများ ပေါ်ထွက်လာပြီး အင်္ဂလိပ်အစိုးရကျောင်းသားဦးရေက ၃၂% အမျိုးသားကျောင်းသားဦးရေက ၆၈% ရှိရာ အမျိုးသားကျောင်းစနစ် မအောင်မြင်ဟူသော STN ကောက်ချက်မှားကြောင်း မြင်နိုင်ပါသည်။

သိရန်တခုမှာ ၁၈၆၇ မှ ၁၉၄၂ထိ အင်္ဂလိပ်အစိုးရ ပညာရေးဝန်ကြီးဌာန ၏အခြေခံပညာရေးစနစ်က KG+12 ဖြစ်ပြီး ၁၉၂၁ မှ ပေါ်လာသော အမျိုးသားပညာရေးအဖွဲ့ =CNE=Council of National Education ၏ အခြေခံပညာရေးစနစ်က KG+9 ပုံစံဖြစ်သည်။ ထို့ကြောင့်အခြေခံပညာ ပြီးမြောက်ရန် ၁၀နှစ်သာကြာသည်။ ဤစနစ်ကြောင့် ၁၉၂၂ ခုနှစ်မှ ကျောင်းစနေသော မောင်အောင်ဆန်း(နောင်ဗိုလ်ချုပ်အောင်ဆန်း)သည်

၁၉၃၁-၃၂ တွင် အသက်၁၆နှစ်နှင့် ၁၀တန်းအောင်ခဲ့ရာ အခြေခံပညာတွင် ၁၀နှစ်သာကြာသည်။ KG+12 စနစ် သာဆိုလျှင် အသက် ၁၈ နှစ်ကျော်မှအောင်မည်။ လွတ်လပ်ရေးပြီး မြန်မာနိုင်ငံအစိုးရသည် အင်္ဂလိပ်အစိုးရ၏ KG+12 စနစ်ကိုမယူတော့။ ကိုလိုနီခေတ် CNE ၏ KG +9ပုံစံကျင့်သုံးသည်။ ပုဂ္ဂလိကကျောင်းနှင့် သာသနာပြုကျောင်းမှ အစိုးရပညာရေးစာမေးပွဲများ ဖြေဆိုမှုကိုခွင့်ပြုသည်။ ပြောရန်ရှိသေးသည်မှာ ၁၉၄၈မှ ၁၉၆၄ထိ ဖဆပလအစိုးရခေတ် ပုဂ္ဂလိက ကျောင်းတို့သည် တိုင်းမြို့များနှင့်မြို့ကြီးများလောက်မှာသာရှိပြီး ၂၀၁၁မှ ယနေ့ထိလိုမြို့တိုင်းမရှိ။ တခါ ဖဆပလ ခေတ်ကိုယ်ပိုင်ကျောင်းတို့က စီးပွားရေးဆန်စွာဖွင့်သည်မဟုတ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် တက်ခဲ့သော မက်သဒစ် ပုဂ္ဂလိကကျောင်းသည် ကျောင်းလခ ၂၅ကျပ် ဖြစ်ပြီး အရင်းအချာ ၂ယောက်တက်လျှင် လျော့ပေါ့ခရသည်။ ၃ ယောက်ဆိုလျှင်တယောက်ကင်းလွတ်ခွင့်ရသည်။ ထိုစဉ်က အနိမ့်ဆုံးဝန်ထမ်းတဦးလစာမှာ ၈၂ ကျပ်ဖြစ်ရာ အနိမ့်ဆုံးဝန်ထမ်းကပင် ပုဂ္ဂလိကကျောင်းထားမည်ဆိုက ထားနိုင်သည်။ဆိုလိုသည်က အစိုးရကောင်းတို့မည်သည် ဆင်းရဲသားပြည်သူအများစုကို စောင့်ရှောက်သော၊ အခွင့်သာတူညီမျှဖြစ်စေသော ပညာရေးစနစ်ကောင်းကို ချနိုင်သည်ကိုသိစေလိုခြင်းဖြစ်သည်။ STN က အင်္ဂလိပ်စာသင်လို့ ဖဆပလခေတ် ပညာရေးကောင်းသည်ဟု တဖက်သတ်အမြင်ဖြင့်သုံးသပ်သည်။ ၁၉၆၅ မှ ၁၉၈၅ထိ အခြေခံပညာသင်ရိုးများသည် ဖဆပလခေတ်ထက် အဆင့်အတန်းမြင့်ပါသည်။ အပိုဒ် ၆ကို ဆက်လေ့လာပါဦး။

(၆။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီတက်လာသည်။ ပညာရေးစနစ်ကို အပြောင်းအလဲပေါင်းများစွာ ပြုလုပ်ပြီး ဆိုရှယ်လစ်စနစ်ကို အထောက်အကူပြုစေမည့် ပညာရေးလုပ်သားကောင်းများ ပေါ်ထွက်စေရန် ဆိုကာ ဦးတည်လုပ်ဆောင်တော့သည်။ ၁၉၆၄ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် ကာလကြာမြင့်စွာ ပိတ်ထားသည့် ကျောင်းများကို ပြန်ဖွင့်လိုက်သည် ဆိုသော်လည်း စနစ်သစ် တက္ကသိုလ်ပညာရေးသည် ဆိုရှယ်လစ် စိတ်ဓာတ်များ ရိုက်သွင်းပေးနိုင်ရေးသာ ဖြစ်ခဲ့သည်။)

အပိုဒ် ၅၊၆ တွင် STN ၏ သုံးသပ်ချက်မတွေ့ရပါ။ (ပညာရေးစနစ်ကို အပြောင်းအလဲပေါင်းများစွာ ပြုလုပ်ပြီး)ဟုဆိုသော်လည်း ဘာတွေဘယ်လိုပြောင်းလဲသည်၊ ကောင်းသည်ဆိုးသည်ကို စာဖတ်သူမြင်အောင် ရှင်းမထားပါ။ထို့ကြောင့်ဝေဖန်ရန်မရှိပါ။ အပိုဒ် ၇ မှာပြောရန်ရှိပါသည်။


(၇။တော်လှန်ရေးကောင်စီခေတ်တွင် တက္ကသိုလ်များ၌ ပညာသင်ရေးအတွက် သင်ကြားရေးမဏ္ဍိုင်ကို မြန်မာ ဘာသာဖြင့် သင်ကြားရန် ပြဋ္ဌာန်းသတ်မှတ်လိုက်ခြင်း၊ ၁၉၆၅ ခုနှစ်တွင် ကိုယ်ပိုင်ကျောင်းများကို ပြည်သူပိုင်သိမ်းလိုက်ပြီး အစိုးရကျောင်းများအဖြစ် ပြောင်းလဲလိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာနှင့် အလှမ်း ဝေးစေရန် ဆောင်ရွက်လိုက်ခြင်းဖြစ်တော့သည်။)


( တော်လှန်ရေးကောင်စီခေတ်တွင် တက္ကသိုလ်များ၌ ပညာသင်ရေးအတွက် သင်ကြားရေးမဏ္ဍိုင်ကို မြန်မာ ဘာသာဖြင့် သင်ကြားရန် ပြဋ္ဌာန်းသတ်မှတ်လိုက်သည်) ဟု STN ကဆိုသည်မှာမဟုတ်ပါ။ တော်လှန်ရေးကောင်စီ ဖြစ်ပေါ်လာသည့်နေ့မှာ ၂-၃-၁၉၆၂ ဖြစ်သည်။ တက္ကသိုလ်များတွင် မြန်မာစာကို သင်ကြားရေး မဏ္ဍိုင်ပြုမည်ဟုဆုံးဖြတ်သည်က ၁၉၆၀ ခုနှစ်ဖြစ်သည်။ ဆုံးဖြတ်သည့်အဖွဲ့မှာ 'ပညာရေးစုံစမ်းမှုကော်မတီ' ဖြစ်သည်။ ထိုစုံစမ်းမှုကော်မတီ၏ ဆုံးဖြတ်ချက်ကို ၄.၄.၁၉၅၈ ဟံသာဝတီသတင်းစာတွင် ဖော်ပြထားပြီး သတင်းထောက်များနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ၎င်းကိုရှေ့တပတ်တွင်ဖော်ပြပါမည်။

                                                                      

ဆက်ရန်                                                             

ကိုဌေး(နတ်မောက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)