ဆရာတင်ညွန့်=STN ၏ပညာရေးဆောင်းပါးကိုဝေဖန်ခြင်း (အပိုင်း -၃) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာတင်ညွန့်=STN ၏ပညာရေးဆောင်းပါးကိုဝေဖန်ခြင်း (အပိုင်း -၃)



(၁၁။ ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ချမှတ်သည့် တက္ကသိုလ်ပညာရေးစနစ်သစ်မူတွင် ပညာရပ် အားလုံးကို မြန်မာဘာသာဖြင့်သင်ကြားရေးသည် အခြေခံမူတစ်ရပ်ဖြစ်လာသည်။ ထို့ကြောင့် ဘာသာရပ် အားလုံးကို မြန်မာဘာသာဖြင့် ပြန်ဆိုထားသော ကျောင်းသုံးစာအုပ်များနှင့် ရည်ညွှန်းစာအုပ်များကို ၁၉၆၆ ခုနှစ်မှစတင်ထုတ်ရန် ကြိုးပမ်းကြသည်။)

တော်လှန်ရေးကောင်စီခေတ် မူလယ်ထက်နှင့်တက္ကသိုလ် သင်ရိုးပြုပြင်သူများသည်ဖဆပလ ခေတ်ပညာရှင်များပင်ဖြစ်ရာသင်ရိုးစာအုပ်များပိုမိုကောင်းလာပါသည်။ဤတွင် ၃.၄.၁၉၅၈ သတင်းစာရှင်းလင်းပွဲမှအမေးအဖြေ ၂ ခုကိုတင်ပြလိုပါသည်။

မေး။ ။ ကြေညာချက်ထဲမှာ နိုင်ငံခြားဘာသာမှအပ ဘာသာရပ်အားလုံးကို မြန်မာဘာသာဖြင့်သင်ရန် ဆုံးဖြတ်သည်လို့ ပါပြီးတဲ့နောက်- ဥပစာအပိုင်း(က) ကို ၁၉၆၀ ခုနှစ် ဇွန်လကစသင်မယ်ဆိုတဲ့ သင်မယ့်ရက်ချိန်းသတ်မှတ်ချက်တွေ အခိုင်အမာသတ်မှတ်ပြီးသား ဖြစ်နေတာတွေ့ရပါတယ်။ ဒါပေမယ့် ဒီကြေညာချက်မှာပဲ တက္ကသိုလ်တွင် အားလုံးသောဘာသာရပ်များကို မြန်မာစာနှင့် သင်ကြားရန် လုပ်သောအခါဆိုတဲ့ စကားကိုသုံးပြီး တက္ကသိုလ်မှာသင်ကြားမယ့် ဘာသာရပ်အားလုံးကို မြန်မာပြန်ဆိုရေးအခက်အခဲကြုံမယ့်အကြောင်းကို ဖော်ပြထားပြန်တော့ ရှေ့ပိုင်းက မြန်မာလိုချည်းသင်ရမယ်ဆိုတဲ့ အချိန်ပိုင်း ရက်ကန့်သတ်ချက်ဟာ ရက်ချိန်းအတိုင်း လုပ်နိုင်ပါ့မလားလို့ သံသယ မဖြစ်နိုင်ဘူးလား။

ဖြေ။ ။ တက္ကသိုလ်ကျောင်းသုံးစာအုပ်များ ဘာသာပြန်ရေးကိစ္စမှာ သူ့ဆိုင်ရာဆိုင်ရာကထိကနဲ့ ပါမောက္ခများကို သေသေချာချာမေးမြန်းပြီးတဲ့နောက်မှ ကျွန်တော်တို့က ခုလိုအချိန်ပိုင်းခြား ကန့်သတ်ခြင်းဖြစ်ပါတယ်။ သူတို့ကလည်း ပြီးနိုင်ပါတယ်လို့ အာမခံကြပါတယ်။

မေး။ ။ ခုအတိုင်းဆိုရင် ၁၉၆၀ ခုနှစ် ဇွန်လကစပြီး တက္ကသိုလ်အထိ မြန်မာဘာသာနဲ့ သင်ကြားပို့ချမှာ သေချာသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့်ကျွန်တော်တို့ တခုစိုးရိမ်တာက ဒီလိုဘာသာရပ်တိုင်းကို မြန်မာလိုသင်ကြားတဲ့ အခါမှာ ဥပမာ နိုင်ငံခြားအထိ ပညာဆက်သင်ရမယ့် ကျောင်းသားအတွက် အခက်အခဲမကြုံပေဘူးလား။

ဖြေ။ ။ မကြုံပါဘူး။ အင်္ဂလိပ်စာက တဖက်မှာတွဲသင်ကြားရတဲ့အပြင် မယူမနေရသင်ကြားရမယ့် ဘာသာအဖြစ် ထားရှိပါတယ်။

၄.၄.၁၉၅၈ ဟံသာဝတီသတင်းစာ၏ ၃.၄.၁၉၅၈ သတင်းစာရှင်းလင်းပွဲ အမေး အဖြေ ၂ ခုကို လေ့လာခြင်းဖြင့် B.A,B.Sc မှပညာရပ်များကို ၁၉၆၀ ကတည်းက မြန်မာပြန်ပြောင်းလဲလာရာ ၁၉၆၆ မှစတင်ထုတ်ရန်ကြိုးပမ်းသည် ဆိုသည်မှာ STN ၏ လိမ်လည်ထွက်ဆိုမှုသာဖြစ်သည်။ ဖြစ်ခဲ့သည်က ၁၉၆၀ ခုနှစ် ဇွန်လ ကစပြီး တက္ကသိုလ်ကျောင်းများတွင် နိုင်ငံခြားဘာသာရပ်မှအပ ကျန်ဘာသာရပ်များကို တဆင့်ပြီးတဆင့်မြန်မာဘာသာရပ်ဖြင့်သာ ပြောင်းလဲသင်ကြားမည်ဟု ဖဆပလအစိုးရ ပညာရေးစုံစမ်းမှုကော်မတီ၏ ၄.၄.၁၉၅၈ ကြေညာချက်သည် ဗိုလ်ချုပ်ကြီး နေဝင်းခေါင်းဆောင် တော်လှန်ရေးကောင်စီ လက်ထက်ရောက်မှ အပြီးသတ်ခြင်းသာဖြစ်သည်။ STN က ပညာရေးသမိုင်းခြေရာမှားကို ချထားခြင်းဖြစ်ရာ မုသားကြီးကြီးမားမား ကျူးလွန်ခြင်းဖြစ်သည်။ ဖဆပလအစိုးရက မဟာဝိဇ္ဇာနှင့် သိပ္ပံတန်းတို့ကို အင်္ဂလိပ်လိုသင်ရန်ဆက်လက်ဆုံးဖြတ်ခဲ့သည်ကို ထိုသတင်းစာတွင်တွေ့ရပါသည်။ အပိုဒ် ၁၂ ဆက်ကြည့်ပါဦး။

(၁၂။တက္ကသိုလ်ဘာသာရပ်များကို အဘယ်ကြောင့် မြန်မာလိုသင်ရသနည်းဆိုသည့် အကြောင်းပြချက်တွင်

၁။ မြန်မာဘာသာဖြင့်သင်လျှင် ကျောင်းသားများ ပိုမိုနားလည်စေခြင်း

၂။ တပည့်များနားလည်စေရန် လှည့်ပတ်ပြောရာ၌ ဆရာများတွင်လည်း အခက်အခဲများရှိခြင်း

၃။ ပညာရပ်တစ်ခုသည် ထိရောက်မှုနှင့် ပြည့်ဝစွာအသုံးချနိုင်မှုရှိစေရန် နိုင်ငံအနှံ့ ပျံ့နှံ့နေရန်လိုသည်။ ထို့ကြောင့် နိုင်ငံခြား ဘာသာနှင့်ဆိုလျှင် ပျံ့နှံ့နိုင်စွမ်းအားနည်းသဖြင့် မြန်မာဘာသာဖြင့်သာ ဖြန့်ဖြူးရန် လိုအပ်ခြင်း

၄။ နိုင်ငံအတွင်းရှိ ပြည်သူတို့၏စိတ်ဓာတ်ကို မြန်မာစာဖြင့် မြှင့်တင်ပေးရန်လိုအပ်ခြင်း

၅။ နယ်ချဲ့တို့ကို အထင်ကြီး လေးစားစိတ်ပပျောက်စေရေး၊ မိမိကိုယ်ကို အထင်သေးစိတ်များ ပပျောက်စေရေး

၆။ကမ္ဘာ့ပညာရပ်များကို မြန်မာလိုလေ့လာနိုင်သည်ဟု သိလာပြီး၊ နိုင်ငံခြားအထင်ကြီးလေးစားစိတ်များ ပပျောက်သွားရေး

၇။ ခေတ်အဆက်ဆက် ပညာရေးစနစ်ဟောင်းများ၏ အံမဝင် ခွင်မကျမှုများကြောင့် မျက်မှောက်ခေတ် ကျောင်းသားများ အင်္ဂလိပ်လိုသင်ကြားခြင်းကို အပြည့်အဝ မခံယူနိုင်တော့ခြင်း

၈။ ကျောင်းသားများ အင်္ဂလိပ်လိုရေးထားသည့် စာအုပ်စာတန်းများကို ကောင်းစွာ မဖတ်နိုင်၊ ကောင်းစွာ သဘောမပေါက်နိုင်သော အခြေအနေများဖြစ်လာခြင်းကြောင့် မြန်မာဘာသာဖြင့်သာ သင်ကြားပေးရန်မှ တပါး အခြားနည်းလမ်းမရှိတော့ခြင်း

အထက်ပါအကြောင်းပြချက်များဖြင့် ညံ့သည်ကို ကောင်းအောင်မလုပ်၊ ညံ့သည်ကို ဖြုတ်ချလိုက်ပြီး၊ ဖိနပ်နှင့် ခြေထောက် မတော်သည်ကို ခြေထောက်အားဖြတ်ခိုင်းလိုက်ခြင်းကြောင့် တက္ကသိုလ်ကျောင်းအဆင့်တွင် အင်္ဂလိပ်စာ ပိုပြီးညံ့ဖျင်းလာကြရသည်။)

    

STN တင်ပြထားသော မြန်မာလိုဘာ့ကြောင့်သင်ကြားရကြောင်း ထိုခေတ်ပညာရှင်များအကြောင်းပြချက် ၈ ခုက ယနေ့အခြေအနေရဆိုလျှင် ပိုမှန်နေ၍ထောက်ခံပါသည်။ ဆရာကြီးဇော်ဂျီအပါအဝင် ၁၉၅၇ ကပညာရှိသူတော်ကောင်း ပညာရှင်တို့သည် မြော်မြင်တတ်ကြသည်။ ဦးနုဦးဆောင် ဖဆပလအစိုးရကလည်း သူတော်ကောင်းပညာရှိ ပညာရှင်အစစ်ကို ရွေးချယ်တတ်ပါပေသည်ဟု ဆိုချင်ပါသည်။ အပိုဒ်၁၂ မှ (တက္ကသိုလ်ကျောင်းအဆင့်တွင် အင်္ဂလိပ်စာ ပိုပြီးညံ့ဖျင်းလာကြရသည်)ဟု STN သုံးသပ်ချက်မမှန်ကြောင်းကို ရှင်းလိုပါသည်။

    

(က)ကိုလိုနီခေတ် အင်္ဂလိပ်စာသင်ကြားရေးမဏ္ဍိုင်ခေတ်တွင်ပင် အင်္ဂလိပ်စာ မတော်ကြောင်းကို ကိုလိုနီခေတ်ကျောင်းသား=ပညာရေး A မျိုးဆက် ဒေါက်တာမောင်ဖြူးက သူ၏ ၁၉၇၆ ခုနှစ်ထုတ် စာပဒေသာတွင် မူဆင့်ကလေးများ အင်္ဂလိပ်စာမသင်သင့်ပုံကို ယခုလိုဖော်ပြထားပါသည်။ 'အင်္ဂလိပ်ခေတ်က အင်္ဂလိပ်စာကို ၁ တန်းက စသင်ရတယ်။ ၅တန်းရောက်တာနဲ့ ကျောင်းသင်ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုသင်တုန်းကတောင် ကျွန်တော်တို့တတွေ B.S အောင်စမှာ အင်္ဂလိပ်စာ ဘယ်လောက်ရေးတတ်တာမှတ်လို့' ဟုဆိုထားသည်။

(ခ) ဒုတိယအနေဖြင့် ပညာရေး A မျိုးဆက် အင်္ဂလိပ်စာ အကျော်အမော် ဆရာကြီးဦးခင်မောင်လတ်၏ 'တက္ကသိုလ်နှင့် အင်္ဂလိပ်စာပြဿနာ' တွင် ဖဆပလခေတ် တက္ကသိုလ်ကျောင်းသားများလည်း အင်္ဂလိပ်စာညံ့ကြောင်း ဖော်ပြထားပါသည်။ ဘာ့ကြောင့်ညံ့ရကြောင်း ဘယ်လိုတော်အောင်လုပ်ရမည်ဆိုသည့် နည်းလမ်းကို ဆရာကြီးဦးခင်မောင်လတ်က ညွှန်ပြထားပါသည်။ ဆရာကြီး ၂ ဦးစာကိုလေ့လာ၍ အင်္ဂလိပ်စာညံ့သည်မှာကိုလိုနီခေတ်မှာရော ဖဆပလခေတ်မှာပါ တွေ့နိုင်ရာ တော်လှန်ရေးကောင်စီခေတ်မှာသာ မဟုတ်ဆိုသည်ကိုမြင်နိုင်ပါသည်။

ဆရာကြီးဦးခင်မောင်လတ်၏ စာ၊ ဆရာကြီးဘဝကြင်ဖော် ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ စာများတွင် အင်္ဂလိပ်စာတိုးတက်ရေး နည်းလမ်းကိုတွေ့နိုင်ပါသည်။

(၁၃။ ဆိုရှယ်လစ်ခေတ်မြန်မာနိုင်ငံ သမ္မတကြီး၏ သမီးဖြစ်သူ နိုင်ငံခြားသွားရောက် ပညာသင်ကြားရာတွင် အဆင့်မမီကြောင်း သတ်မှတ်ခြင်း ခံလိုက်ရမှ ထိတ်ထိတ်ပြာပြာဖြစ်လာသည်။ ကိုယ်ဖော်သည့်ဆေးကို ကိုယ်ပြန်စားလိုက်ရချိန်တွင် ခါးမှန်းသိလာသဖြင့် ၁၉၈၀ ပြည့်နှစ်တွင် သမ္မတကြီးဦးနေဝင်းက “အဲဒီတော့ ဒီမှာ ကျွန်တော်တို့ ဗမာစာကို ကောင်းကောင်းနိုင်တဲ့အပြင် နိုင်ငံခြားဘာသာတစ်ခုခုကိုတော့ တတ်ရမယ်။ အဲဒီ နိုင်ငံခြား ဘာသာတတ်ဖို့ဆိုတာမှာလည်းပဲ ကျွန်တော် မျက်နှာလိုက်ပြောတာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ အဆင်သင့်ရှိပြီးသား၊ အင်္ဂလိပ်စာဟာ နီးစပ်ပြီးသား။ နီးစပ်ပြီးသားအပြင် လောကဓာတ် ပညာ၊ ဝိဇ္ဇာပညာနဲ့ ပတ်သက်လို့ စာရွက်စာတန်း အချက်အလက်တွေဟာ အင်္ဂလိပ်လို ရေးပြီးသား ရာခိုင်နှုန်း အပြည့်နီးနီးရှိတယ်။ ကျန်တာဟာ နည်းနည်းပဲရှိမယ်။ အဲဒီတော့ အင်္ဂလိပ်စာ တတ်ခြင်းအားဖြင့် ကျွန်တော်တို့မှာ ရှုံးစရာ ဘာမှမရှိဘူး။ ဒါကို သေသေချာချာ ကျွန်တော်တို့ ပြန်ပြီး သင်ပေးမှ ဖြစ်မယ်။ အဲဒီတော့ သေသေချာ ပြန်သင်ပေးဆိုတော့ ပထမ ဘယ်လူက စလုပ်ရမလဲဆိုတော့ ဆရာက စကိုင်ရလိမ့်မယ်။ ဆရာက စသင်ရလိမ့်မယ်။ လွယ်တော့ မလွယ်ဘူးပေါ့ခင်ဗျား။ နို့ပေတဲ့လို့ ဒါပြဿနာသိနေရင် ကျွန်တော်တို့ လုပ်ရတော့မှာ ပေါ့”  ဟူ၍ ပြောကြားခဲ့ပါသည်။)

   

၁၅.၁၀.၁၉၇၉ ပညာရေးနှီးနှောဖလှယ်ပွဲ၌ ဦးနေဝင်းပြောကြားခဲ့သည့်စကားမှ STN ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။ ဦးနေဝင်းမိန့်ခွန်းထဲမှာ မူဆင့်ကတည်းက အင်္ဂလိပ်စာသင်ဖို့ လမ်းညွှန်ထားသည်။ ၎င်းကိုထောက်ခံပညာရှင်များတွင် ဒေါက်တာသာလှပါသည်။ ကန့်ကွက်သူများတွင် ဆရာကြီးတက်တိုးက  ၁၉၇၉အောက်တိုဘာ ပညာတန်ဆောင်တွင် မူဆင့်တွင်အင်္ဂလိပ်စာ မသင်သင့်ကြောင်း အကြောင်းပြချက်ခိုင်လုံစွာနှင့် ထောက်ပြသည်။ သို့သော်ဦးနေဝင်းကပ်နိုင်သော ပညာရေးပြုပြင်သူများဘက်မှ အနိုင်ရသွားရာ ၁၉၈၁ ဇွန်မှာမူဆင့်၌ အင်္ဂလိပ်စာစသင်သည်။ ၁၉၈၅တွင် အထက်တန်းသိပ္ပံဘာသာများနှင့် ဝိဇ္ဇာမှ ဘောဂ ကိုအင်္ဂလိပ်လိုသင်သည်။ ၁၉၉၅တွင် ဘောဂကိုမြန်မာလိုပြန်သင်သည်မှာ ယနေ့ထိ။

အင်္ဂလိပ်လို ၁၀ နှစ်ကြာသင်ရာအရာ မထင်၍ မြန်မာလိုပြန်သင်ခြင်းဖြစ်သည်။ ဘောဂပါမောက္ခပညာရှင်တို့က မိမိအကျိုးမကြည့်၊ နိုင်ငံလူမျိုးအကျိုးကြည့်၍ အမှားကိုပြင်ရဲကြသည်။ သိုငြား'ဓာတု၊ သင်္ချာ၊ ရူပ၊ ဇီဝ' ပါမောက္ခဒေါက်တာများကား ကိုယ်လည်းပညာရပ်မပိုင် အင်္ဂလိပ်စာမနိုင်ပါဘဲလျှက်၊ ကျူရှင်ဘော်ဒါ၊ ကိုယ်ပိုင်းကျောင်းခွင်ကောင်းနေ၍ နိုင်ငံလူမျိုး ဆိုးကျိုးရင်ဆိုင်နေရသော်လည်း အင်္ဂလိပ်လိုပဲ သင်ရိုးတွေရေးဆွဲသင်ခိုင်းနေသည်။ ထိုဓာတု ပါမောက္ခတို့သည် ယနေ့အသက် ၈၀ ကျော်အရွယ် အင်္ဂလန်မှ ဒေါက်တာဘွဲ့ရလာသော ဆရာကြီးဒေါက်တာခင်မောင်ညို တပည့်များဖြစ်သော်လည်း မိမိတို့အမဲ လက်လွတ်ရမည်စိုး၍ ဆရာကြီးစကား နားမထောင်ကြတော့။ ၁၉၈၄ တွင် B.Ed ၌အင်္ဂလိပ်လိုစသင်သည်။ "ကျွန်တော်သည် ၁၉၈၅-၈၆ ရန်ကုန် B.Ed ဆင်းဖြစ်ရာ B.Ed သင်ရိုးအင်္ဂလိပ်လိုဖြစ်သွား၍ ပညာရေးထူးမတိုးတက်ပါ။ကျွန်တော် အထက်တန်းဘာသာများ သင်ပြနိုင်ခြင်းသည် B.Ed သင်ရိုးများကြောင့်မဟုတ်ပါ။ B.Sc ဘွဲ့အခြေခံကြောင့် အထက်တန်း ဓာ၊ ရူ၊ သခ တို့ကို သင်နိုင်ခြင်းဖြစ်ပါသည်။၂၀၀၁ခုနှစ်မှ ယနေ့ထိ ၅နှစ်သင် B.Ed များမှာ အင်္ဂလိပ်လိုဖြစ်သော်လည်း ပညာရပ်မပိုင် အင်္ဂလိပ်စာမပိုင်ကြပါ။ သည်သို့ ကျွန်တော်ပြောရဲခြင်းမှာ B.Ed/M.Ed များကို အထက်တန်း ဓာတု၊ သင်္ချာများ အခြေခံကစ ပြန်သင်ပေးရသောကြောင့် ဖြစ်ပါသည်။ M.Ed စာရေးဆရာထက်ပြတဦးကိုရော Ph.Dထက်ပြတဦးကိုပါ ဓာတုအခြေခံများမေးရာ မရကြပါ။" ၁၉၉၄ ၌ B.A,B.Sc များကို ၁၉၆၀ မတိုင်မီကလို အင်္ဂလိပ်လိုပြောင်းသင်သည်။ ဦးသန်းရွှေခိုင်းခြင်းမဟုတ်ပါ။ ၁၉၈၀ မှအဆင့်ဆင့်ပြုပြင်ဖို့ စီမံမှုအတိုင်းပြုပြင်ခြင်းဖြစ်သည်။ STN က အတိတ်သမိုင်းတွေသိလျက် ဦးနေဝင်းကြောင့် ပညာရေးပျက်စီးရသည်ဟု ပုံဖော်ချင်လွန်း၍ တကယ့်အရင်းခံ အကြောင်းရင်းတွေကိုမြှုပ်ကာ ၁၉၆၄ ခေတ်ဖြစ်လာသော ပညာရေးသမိုင်းကို စပြောခြင်းမှာရိုးသားစိတ် မရှိခြင်းကိုပြပါသည်။အပိုဒ်၁၄၊ ၁၅ ကြည့်ပါဦး။


(၁၄။နှစ်ပေါင်း ၂၀ နီးပါး ဆိုရှယ်လစ်ရောဂါနှင့် အမျိုးသားရေး အဆိပ်တက်ပြီး အင်္ဂလိပ်စာကို ချိုးနှိမ်ထားခဲ့ခြင်းမှာ ပညာရေးထက် နိုင်ငံရေးဖိအားသည် လွန်ကဲနေခြင်းကြောင့်ဟု သုံးသပ်နိုင်ပါသည်။ အင်္ဂလိပ် စာသင်ကြားရေးကို တောက်လျှောက် ချိုးနှိမ်ခဲ့ရာတွင် ရန်ကုန်၊ မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၌ပင် အင်္ဂလိပ်စာ မေဂျာကို မထားတော့ဘဲ ၁၉၇၀-၇၁ ခုနှစ်ကစတင်ပြီး ပညာရေးတက္ကသိုလ်လက်အောက်သို့ အင်္ဂလိပ်စာမေဂျာကို ပို့ထားလိုက်ခြင်းက ပိုပြီးထင်ရှားစေခဲ့သည်။ ထိုအချိန်ကစတင်ပြီး ပညာရေးတက္ကသိုလ်ကလည်း တစ်နှစ်မှ လူ ၇၀ ခန့်သာ မွေးထုတ်နိုင်ခဲ့သည်။ ဦးနေဝင်း အိပ်ယာကလန့်နိုးချိန် ၁၉၈၀-၈၁ ခုနှစ်မှ အင်္ဂလိပ်စာသင်တန်းများကို ရန်ကုန်၊ မန္တလေးတက္ကသိုလ်များတွင် ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့သည် ဆိုသော်လည်း မျိုးဆက်နှစ်ဆက်ခန့်ပြတ်သွားပြီး လူကောင်းလည်း မမွေးထုတ်နိုင်၊ လူတော်တွေလည်း တိမ်းပါးကာ ကွက်လပ်ကြီးတစ်ခုပမာ ဖြစ်သွားခဲ့ရပါတော့သည်။

၁၅။ အင်္ဂလိပ်စာသင်ကြားခြင်းသည် အင်္ဂလိပ်ကိုချစ်ခြင်းကြောင့်မဟုတ်။ ကမ္ဘာကို ကမ္ဘာ့အမြင် ဂလိုဘယ်လိုက်ဇေးရှင်းဖြင့် ကြည့်မြင်ခြင်း မပြုနိုင်ခဲ့သူများကြောင့် နောက်ကောက်ကျခဲ့ရသည်။ ပိုဆိုးသည်က ကြည့်တော့ကြည့်သည် အမျိုးသားရေး အမြင်ဆိုသည့် မျက်မှန်စိမ်းကြီးကိုပါ မချွတ်တမ်းတပ်ပြီး ကြည့်လိုက်သည့်အခါ အားလုံးအမှောင်ကျခဲ့ရပါတော့သည်။ (တင်ညွန့်၊၂၇.၅.၂၀၂၄)

    

STN က အင်္ဂလိပ်လိုသင်ကြားလာမှု အဆက်ပြတ်၍ ပညာရေးနိမ့်ကျရသည်၊ ၎င်းမှာဦးနေဝင်းကြောင့်ဖြစ်သည် ဟုကောက်ချက်ဆွဲထားသည်ကို မြင်နိုင်ပါသည်။ ပညာရေးသမိုင်းကြောင်း မသိလျှင် သူ့အမြင်ကိုအမှန်ထင်သူများပါသည်။ သမိုင်းမှန်ကို ဖုံးကွယ်ထားသည်ကိုသိလျှင် သူ့မရိုးသားစိတ်ကိုတွေ့ရပါမည်။ 

ဦနေဝင်းအလွဲမှာ တက္ကသိုလ်ဝင်ခွင့်ကို အမှတ်စနစ်ကျင့်သုံးခြင်း၊ ထူးချွန်ကျောင်းသားကို လူရည်ချွန်စနစ်ရွေးချယ်ခြင်းဖြစ်ပြီး ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ယခု နစက အထိ အမှတ်စနစ်ဖြင့်ပင်တက္ကသိုလ်ဝင်ခွင့် ကျင့်သုံးသည်။ လူရည်ချွန်စနစ်ကို၁၉၆၄ က ဒေါက်တာညီညီနှင့် ဦးသန်းဦး=ဒေါက်တာသန်းဦးတို့စခဲ့ရာ ဦးသန်းရွှေခေတ်မှာမရှိ။ ၂၀၁၂တွင် ဒေါက်တာသန်းဦးက ပြန်အသက်သွင်းသည်။ ၂၀၁၆ တွင် ဘက်စုံထူးချွန်လူရည်ချွန်အမည်ပြောင်းကာ ငွေရှင်၊ အာဏာရှင်၊ ပညာရှင် ရင်သွေးကောင်းစားရေးစနစ်ကို နစက အစိုးရထိ ဆက်လက်အကောင်အထည်ဖော် ထားသည်။ ဦးနေဝင်းခေတ် ၁၉၆၄ မှ ၁၉၈၅ထိ မူလယ်ထက် သင်ရိုးကော B.Sc ရူပအပါဝင် သိပ္ပံပညာရပ်များပါ မြန်မာလိုပြုပြင်ချက် အဆင့်မီကောင်းမွန်၍  ယခု အမေရိကန်ထိပ်သီး တက္ကသိုလ်စမုခ်၌ ဗိုလ်လုပ်နေသူ ဒေါက်တာပဒေသာတင် (၁၉၇၄ B.Sc ရန်ကုန်) ဒေါက်တာစောဝေလှ(၁၉၈၅B.Sc ရန်ကုန်) ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တကယ်တော့ ပညာရေးဖျက်ဆီးသူအစစ်မှာ ပညာရေးစီမံသူတွေသာဖြစ်သည်။ ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ မဟုတ်။ တာဝန်တော့ရှိသည်။ ၁၉၉၅မှ ၂၀၂၄ ဒေါက်တာသန်းဦး ဦးဆောင်သော CAPS, CCA စနစ်၊ သင်ရိုးပြုပြင်မှုအထွေထွေတို့သည် ကောင်းနေသည်တို့ကို မကောင်းအောင်၊ ဆိုးသွားအောင်တမင်လုပ်ကြံခဲ့ကြခြင်းဖြစ်သည်။ ယနေ့ မိခင်မြန်မာစာပေ ကျဆင်းသွားစေသည်မှာလည်း သူတို့ပင်ဖြစ်သည်။ သေချာစဉ်းစားပါ။  ပညာရေးမကောင်းအောင် လုပ်ခဲ့တာလည်းသူတို့၊ ကောင်းအောင်မလုပ်တာလည်း သူတို့ တနည်းဆိုရလျှင် ပညာရေးပျက်အောင် လုပ်တာလည်းသူတို့၊ ပညာရေးဖျက်နေတာလည်း သူတို့ ဖြစ်သည်။ STN သည် ပညာရေးအဖြစ်သနစ်အမှန်ကို ဖုံးကွယ်၍ သူကိုယ်တိုင်မျက်မှန်စိမ်း တပ်ကြည့်သူဖြစ်သည်။ သည်မျက်မှန်စိမ်းတပ်ကြည့်ခြင်း စကားသည်ပင် ဦးနေဝင်းသုံးခဲ့ဖူးသည်။ STN က သူသာ မျက်မှန်စမ်းတပ်ကြည့်ရုံသာမက အနာဂတ်လူငယ်တို့ကိုပါ သူ့မျက်မှန်စိမ်းကိုပေးခဲ့ရာ သူ၏မျက်မှန်စိမ်းကြောင့် အနာဂတ်လူငယ်တို့ အမှောင်ကျမည်စိုး၍ သူ၏ မရိုးသားသောသဘောကို မြင်နိုင်ရန်တင်ပြလိုက်ပါကြောင်း။

                                                             

ကိုဌေး(နတ်မောက်)

(26-6-2024/4:00 pm)

Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)