၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၁၂

၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်ဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ အထိမ်းအမှတ်အခမ်းအနားကျင်းပရေးဗဟိုကော်မတီနှင့် ဆပ်ကော်မတီများမှတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူဦးရေနေ့ ဖြစ်ပေါ်လာသည့် အကြောင်းရင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် မိသားစုစီမံကိန်း၊ ကျား/မ တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးနှင့် လူ့အခွင့်အရေးများ၏ အရေးပါမှုစသည့် လူဦးရေဆိုင်ရာပြဿနာရပ်များကို ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့ကို အစွဲပြုပြီး ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်ကျင်းပလျက်ရှိကြောင်း။

မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်ကစပြီး နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယနေ့ကျင်းပသည့် အခမ်းအနားသည် (၃၅) ကြိမ်မြောက် အခမ်းအနားပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယနေ့ကမ္ဘာ့လူဦးရေသည် သန်းပေါင်းရှစ် ထောင်ကျော်ရှိပြီဖြစ်ကြောင်း၊ ရှေးယခင်က ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ပြည့်ရန် နှစ်ပေါင်းရာကျော် ကြာမြင့်ခဲ့သော်လည်း ယနေ့ကာလတွင် ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ အဆင့်မြင့်နည်းပညာများနှင့် လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာသည့်အပြင် လူဦးရေဆိုင်ရာမွေးဖွားနှုန်း၊ သေဆုံးနှုန်းများ ပြောင်းလဲလာခြင်းကြောင့် လူဦးရေသန်းတစ်ထောင် တိုးရန် အချိန်သည် တဖြည်းဖြည်း တိုတောင်းလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

တစ်ဖက်တွင်လည်း ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ စားနပ်ရိက္ခာမပြည့်စုံခြင်းများ၊ သောက်သုံးရေရှားပါးပြတ်လပ်ခြင်းများ၊ ရာသီဥတုဖောက်ပြန်ခြင်းများ၊ ကူးစက်ကပ်ရောဂါ ပျံ့နှံ့ခြင်းများ၊ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များကို လူသားတို့ ယခင်ကထက် ပိုမိုရင်ဆိုင်ခံစားလာနေကြရကြောင်း၊ ထို့ပြင် တန်းတူညီမျှမှု မရှိခြင်းများ၊ ဆင်းရဲနွမ်းပါးမှုများပြားလာခြင်းများစသည့် လူနေမှုအဆင့်အတန်းများ ကွဲပြားပြီး လူတန်းစား ကွာဟမှုပြဿနာများနှင့်လည်း ရင်ဆိုင်လာကြရကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများတွင် အဆိုပါပြဿနာများ ပိုမိုဖြစ်ပွားလာသည် ကို မိမိတို့မျက်မြင်တွေ့ကြုံနေရသည်ကို  အားလုံးအသိပင်ဖြစ်ကြောင်း။

လူဦးရေဆိုင်ရာပြဿနာများနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုတွင် မွေးဖွားနှုန်း သိသိသာသာကျဆင်းလာခြင်းကြောင့် ကလေးဦးရေ နည်းပါးလာပြီး လုပ်သားအင်အား ရှားပါးခြင်းများ၊ သက်ကြီးရွယ်အိုများပြားလာခြင်းများနှင့် ရင်ဆိုင်နေကြရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအချို့နှင့် ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများတွင် မွေးဖွားနှုန်းမြင့်မားခြင်း၊ ပညာရေးအခြေအနေနိမ့်ကျခြင်း၊ အလုပ်လက်မဲ့များပြားခြင်း၊ ဆင်းရဲနွမ်းပါးသူများပြားခြင်းစသည့် ပြဿနာများနှင့်ရင်ဆိုင်နေကြရကြောင်း။

ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုမရှိခြင်းတို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals)ကို ချမှတ်ပြီး အဖွဲ့ဝင် နိုင်ငံများက ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင် ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း၊ အဆိုပါ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို အခြေခံပြီး နိုင်ငံတစ်နိုင်ငံချင်းစီက မိမိတို့နိုင်ငံအလိုက် ကြုံတွေနေရသည့်ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရန်၊ အချိန်မီကုစားရန် လိုအပ်မည်ဖြစ်ကြောင်း။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သုံးသပ်ပြီး ကဏ္ဍအလိုက် ဦးစားပေးအဆင့်သတ်မှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် မိမိတို့နိုင်ငံ၏ နယ်မြေဒေသအလိုက် အခြေခံကျသည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အခြေခံအချက်အလက်များရရှိရန် အထူးပင်လိုအပ်ကြောင်း၊ ထို့ကြောင့် နည်းပညာဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် အဆိုပါအချက်အလက်များရရှိရန် လူဦးရေသန်းခေါင်စာရင်းများကို ပုံမှန်ကောက်ယူနေ ကြခြင်းဖြစ်ကြောင်း။

ကုလသမဂ္ဂကလည်း လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင် ကိုးကားဆောင်ရွက်ရန် နိယာမများနှင့် အကြံပြုချက်များ (Principles and Recommendations) များကိုလည်း ထုတ်ပြန်ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အသေးငယ်ဆုံး အုပ်ချုပ်မှုနယ်မြေအဆင့်အထိ နယ်မြေဒေသအလိုက်လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များကို လူဦးရေသန်းခေါင်စာရင်းများကသာ ရရှိနိုင်မည်ဖြစ်သည့်အတွက် လူဦးရေသန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရန်လိုအပ်ကြောင်း။

မိမိတို့နိုင်ငံတွင် မကြာမီ ကောက်ယူတော့မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအကြောင်းကို အနည်းငယ်ပြောကြားလိုကြောင်း၊ သန်းခေါင်စာရင်း၏ ထူးခြားသည့် ဝိသေသလက္ခဏာတစ်ခုမှာ ရပ်ကွက်၊ ကျေးရွာအုပ်စုကဲ့သို့ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်ထိ အချက်အလက်များ ပံ့ပိုးပေးနိုင်ခြင်းပင်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သည့်မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများရေးဆွဲနိုင်ရန် လိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။

ထို့ပြင် သယံဇာတအရင်းအမြစ်များ ခွဲဝေသတ်မှတ်ခြင်း၊ ဘဏ္ဍာငွေခွဲဝေချ ထားခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်း၊ တံတားများစသည့် အခြေခံအဆောက်အဦများ တည်ဆောက်ပေးခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းစသည်များကို ထိထိရောက်ရောက် စီမံခန့်ခွဲရန် မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်အလက်များပင် ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှုသမိုင်းကြောင်းကို ပြန်လည်လေ့ လာသုံးသပ်ကြည့်မည်ဆိုပါက လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ် တို့တွင် ၁၀ နှစ်ခြား တစ်ကြိမ်စီဖြင့် (၈) ကြိမ်ကောက်ယူခဲ့သည်ကို တွေ့ရပါကြောင်း၊ အဆိုပါသန်းခေါင်စာရင်း အချက်အလက်တစ်ချို့ကို ယနေ့အထိ ကိုးကားအသုံးပြုနေရဆဲဖြစ်ကြောင်း။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်းတွင် နိုင်ငံတော်အတွက် လိုအပ်နေသည့် စာရင်းအင်းဆိုင်ရာ အချက်အလက်အတော်များများကို နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရေးဆွဲသည့်နေရာတွင် အသုံးပြုခဲ့ပြီး နှစ်စဉ် နိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းကိုလည်း အနီးစပ်ဆုံး ခန့်မှန်းတွက်ချက် ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း မကောက်ယူမီအချိန်တွင် ကြားကာလ ပြောင်းလဲလာသည့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များကိုသိရှိရန်၊ နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်နိုင်ရန်စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူထုတ်ပြန်ပေးခဲ့ရာ ယခုအချိန်အထိ အသုံးဝင်နေဆဲဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်းကို (၁၀) နှစ်တစ်ကြိမ် ကောက်ယူ လေ့ရှိခြင်းကြောင့်လည်းကောင်း၊ နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းများ ခိုင်မာမှုရှိစေရန်အတွက်လည်းကောင်း၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် သုတေသနလုပ်ငန်းများအတွက် မှန်ကန်သည့် အခြေခံအချက်အလက်များ ရရှိစေရန်လည်းကောင်း ရည်ရွယ်ပြီး မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ  ၁၅ ရက်အထိ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒတွေချမှတ်ရန် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်သည့် မဲစာရင်းမှန်ကန်စေရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။

ယခုနှစ် ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ကို “ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ”၊ “Helping vulnerable populations in emergencies”ဟု သတ်မှတ်ထားကြောင်း၊ အဆိုပါဆောင်ပုဒ်ချမှတ်ရခြင်းသည် ယနေ့ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များ၊ စားနပ်ရိက္ခာရှားပါးမှုများ စသည့် ဘေးဒုက္ခအန္တရာယ်အမျိုးမျိုးကြောင့် အရေးပေါ်အခြေအနေများကို လူသားများ ကြုံတွေ့ခံစားနေကြရကြောင်း။

အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးငယ်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် ဆင်းရဲနွမ်းပါးသူများက ပိုမိုထိခိုက်ခံစားကြရကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်များ၊ ပဋိပက္ခများဖြစ်ပေါ်ချိန်များတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ခုခံနိုင်စွမ်းနည်းသည့်အပြင် သူတို့၏ သီးသန့်လိုအပ်ချက်များသည်လည်း လျစ်လျူရှုခြင်းခံရလေ့ရှိကြောင်း၊ သူတို့၏ ဘဝလုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် ကျန်းမာရေးများကို ဆောင်ရွက်ပေးခြင်းသည် မိသားစုနှင့် လူမှုအသိုင်းအဝိုင်း၏ ကောင်းကျိုးကို ဖြည့်ဆည်းပေးခြင်းလည်း ဖြစ်ကြောင်း။

နိုင်ငံတကာသတင်းအချက်အလက်များအရ ဘေးဥပါဒ်ကျရောက်နေသူများထဲတွင် လူငယ်များစွာ ပါဝင်နေသည်ဟု သိရကြောင်း၊ နိုင်ငံတချို့တွင် ဘေးဥပါဒ်ကျရောက်နေသူများ၏ သုံးပုံနှစ်ပုံခန့်သည် အသက် (၂၅) နှစ်အောက် လူငယ်များဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း ကျောင်းမနေသည့် လူငယ်တစ်ဝက်ခန့်တွင် ပဋိပက္ခဖြစ်နေသည့်နိုင်ငံများ၊ ပဋိပက္ခကြုံတွေ့ခဲ့ရသည့်နိုင်ငံများက ဖြစ်နေသည်ကို တွေ့ရပါကြောင်း။

လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်၊ နိုင်ငံ၏အင်အားများ ဖြစ်ခြင်းကြောင့် ကလေးများ၊ အမျိုးသမီးငယ်များ ကျောင်းပညာသင်ကြားခွင့်မရခဲ့ပါက သို့မဟုတ် သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်ပါက ၎င်းတို့ တစ်ဦးချင်းအတွက်သာမက ၎င်းတို့ ပတ်ဝန်းကျင်နှင့် နိုင်ငံ့၏ အနာဂတ်သည်လည်း အားနည်းချက်များ၊ လိုအပ်ချက်များ ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိခိုက်လွယ်သူများကို အားလုံးက ကူညီဖေးမစောင့်ရှောက်ပေးရန် လိုအပ်သကဲ့သို့ ဒေသန္တရအစိုးရအဖွဲ့အစည်းများကလည်း အရေးပေါ်စီမံခန့်ခွဲမှုအစီအမံများ ပြင်ဆင်ထားရန်လိုအပ်ကြောင်း။

ထို့ကြောင့် အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန်၊ ထိခိုက်လွယ်သူများကို ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ကိန်းဂဏန်းအချက်အလက်များနှင့် ဒေသအလိုက် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိရန် အရေးကြီးသကဲ့သို့ နောက်ဆုံးအခြေအနေနှင့်အညီ Update ဖြစ်နေရန်လည်း လိုအပ်ကြောင်း၊ ယခုလို လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များကို နိုင်ငံတစ်ဝန်းရရှိရန်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရန် လိုအပ်ကြောင်း။

ယနေ့ ကမ္ဘာ့လူဦးရေနေ့အခမ်းအနားကို တက်ရောက်လာကြသူများအနေဖြင့် မြန်မာနိုင်ငံ၏ မှတ်တိုင်တစ်ခုဖြစ်လာမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူအားလုံးပါဝင်လို့၊ သန်းခေါင် စာရင်းကောက်ကြစို့” “A nation-wide census, let us all participate” ဟု တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က  မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူဦးရေ၏အခန်းကဏ္ဍနှင့်စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ဖြစ်သည့် “ ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ” Video Clip ကို ပြသသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)