ဘားအံမြို့၌ သံလွင်မြစ်ရေ စံချိန်တင်မြင့်တက်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လိုအပ်သည့်ကူညီထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ သံလွင်မြစ်ရေ စံချိန်တင်မြင့်တက်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လိုအပ်သည့်ကူညီထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ပေး



ဘားအံ၊ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယမန်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ  စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၅၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၀၁၈ ခုနှစ်တွင် အများဆုံးမြင့်တက်ခဲ့ သော ၉၃၈ စင်တီမီတာအထက်ကျော်လွန်၍ စံချိန်တင်မြင့်တက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ နန်းလုံးကြိုင်လမ်း၊ ဘားအံ-ထုံးအိုင်လမ်း၊ စောစံစီဖိုးလမ်း၊ ဘားအံမြို့ရှောင်လမ်း၊ ရေကျော်-လှိုင်းပုံ လမ်း အနိမ့်ပိုင်းနေရာများတွင် ရေကျော်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူးနှင့် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က လမ်းပိုင်းရေကျော်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံတွင် ဆေးရုံတက် ရောက်ကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ တိုင်းရင်းဆေးဝါး ကုသဆောင်ရွက်ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး ဆန်၊ ကြက်ဥ အစရှိ သော စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ကာ အဆိုပါတိုင်းရင်းဆေးရုံကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်း ရွှေ့နေထိုင်သော အိမ်ထောင်စု ၆၈ စု၊ လူဦးရေ ၂၄၉ ဦးတို့အား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေး၍ လိုအပ်သည် များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စုများအား နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီရွှေ့ပြောင်းပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး အဆိုပါအလယ်တန်းကျောင်း(ခွဲ)ရေဘေးကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၀၄ စု၊ လူဦးရေ ၄၈၂ ဦးတို့အတွက် ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလွင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် လူနေအိမ်များ အတွင်းရေများဝင်ရောက်ခဲ့သော်လည်း ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခြင်းမရှိဘဲ ၎င်းတို့၏နေအိမ် များတွင်သာ ဆက်လက်နေထိုင်သော အိမ်ထောင်စုများအား နေ့လည်စာထမင်းဗူးများကို လိုက်လံဝေငှပေးရာ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများတွင် ပြောင်းရွှေ့နေထိုင်ခြင်းမရှိသော အိမ်ထောင်စုလူဦးရေအလိုက် ထမင်းဘူးများနှင့် ရေသန့်ဘူးများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကိုယ်တိုင် လှေငယ်များဖြင့် အိမ်တိုင်ရာရောက် လိုက်လံဝေငှပေးခဲ့ကြသည်။

ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ မြစ်ရေချောင်းရေများ မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်းလူနေရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့ထိ ဘားအံမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ခု၊ အိမ်ထောင်စု ၁၅၈၉ စု၊ လူဦးရေ ၇၃၃၂ ဦး၊ လှိုင်းဘွဲမြို့နယ် တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခု၊ အိမ်ထောင်စု ၁၄၄၀ စု၊ လူဦးရေ ၃၅၆၆ ဦး၊ ကော့ကရိတ်မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခု၊ အိမ်ထောင်စု ၁၀၄ စု၊ လူဦးရေ ၄၂၇ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေဘေး ကယ်ဆယ်ရေးစခန်း(၃)ခု၊ အိမ်ထောင်စု ၂၂၄ စု၊ လူဦးရေ ၉၉၆ ဦး၊ မြဝတီမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေး စခန်း(၁၃)ခု၊ အိမ်ထောင်စု ၁၄၃၇ စု၊ လူဦးရေ ၅၃၄၆ ဦး၊ ကမမောင်းမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁)ခု၊ အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၈၅ ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ရပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)