ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို စာသင်ကြားရာတွင် စေတနာအပြည့်ဖြင့် သင်ကြားပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို စာသင်ကြားရာတွင် စေတနာအပြည့်ဖြင့် သင်ကြားပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မှာကြား


ရန်ကုန်၊ ဇူလိုင် ၁‌၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပုသိမ်တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များ၏ စာကြည့်တိုက်များနှင့် ဘာသာရပ်ဆိုင်ရာ ဌာနများအတွက် အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများရရှိစေမည့် စာအုပ်စာတမ်းများနှင့် ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို နှစ်စဉ်ပိုမိုဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ သင်‌ထောက်ကူပစ္စည်းများ၊ သုတေသနသုံးပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးချကြစေလိုကြောင်း၊ တက္ကသိုလ်များ၏ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်ကောင်းဖြစ်ရန် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားရာတွင် မိမိတို့၏ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသာမက ဆက်စပ်ဘာသာရပ်များကိုပါ ကျွမ်းကျင်မှုရှိ‌စေရန်အတွက် စာအုပ်စာပေများကို အမြဲမပြတ်ဖတ်ရှုလေ့လာနေကြရန် လိုအပ်ကြောင်း၊ စာသင်ကြားရာတွင် စေတနာအပြည့်ဖြင့် သင်ကြားပေးစေလိုကြောင်း၊ ထို့ပြင် မိမိတို့၏ ကျောင်းသား ကျောင်းသူများကို လိမ္မာယဉ်ကျေးပြီး နိုင်ငံ‌တော်ကို ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိစေရေး၊ ယဉ်ကျေးမှုဓလေ့ များကို တန်ဖိုးထားတတ်‌စေရေး၊ ဂါရဝတရား၊ နိဝါတ တရားရှိပြီး စိတ်ကောင်းရှိ‌စေရေးနှင့် ကိုယ်ချင်းစာစိတ်များ ရှိလာ‌စေ‌ရေးတို့ကို အလေးအနက်ထား သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာယဉ်ကျေးမှုဓလေ့များကို မပျောက်ပျက်စေရန် ထိန်းသိမ်းတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိအောင် သင်ကြားပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းကုန်း မြို့နယ် ဂုန်မင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကြိုးကြာကွင်းကျေးရွာ အ‌ခြေခံပညာမူလတန်းကျောင်း၊ မာလာကွင်းကျေးရွာ အခြေခံပညာအလယ်တန်း‌ကျောင်း၊ ရေကြည်မြို့နယ် အသုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အနောက်ဘက်ကမ်း အခြေခံပညာမူလတန်းကျောင်း၊ သပြေကွင်းကျေးရွာ အခြေခံပညာမူလတန်း‌‌ကျောင်း၊ ဝက်ရုပ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တို့သို့ သွားရောက်ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြည် မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး၍ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်‌တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းများ၌ စာသင်ဆောင်များ လုံလောက်မှုရှိ‌စေရေး၊ ရေသန့် စက်နှင့် ရေလုံလောက်မှုရှိစေရေး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် သန့်စင်ခန်း များ လုံလောက်မှုရှိ‌စေရေး၊ ကျောင်းပတ်ဝန်းကျင် လုံခြုံ‌စေရန် ခြံစည်းရိုးများ စနစ်တကျ ကာရံ‌ရေးတို့ကို မှာကြားပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ KG တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုး လွယ်အိတ်များ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးသိုင်းချောင်းမြို့ အခြေခံပညာမူလတန်း‌ကျောင်း (ရေတံခွန်) ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး KG တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်များ ပေးအပ်သည်။

ထို့နောက် ကျုံပျော်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ကျောင်းကုန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများ နှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာသင်ခန်းအတွင်း အေးချမ်းစွာ ပညာသင်‌ယူနေကြသည့် ကျောင်းသား‌ ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)