ဒလမြို့နယ် မှော်စက်ရပ်ကွက် အချင်းဖြစ်မြေယာမှ နစ်နာသူများက ၁၇ကြိမ်မြောက် ဂရန်ချထားပေးရန် သနားခံတင်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ် မှော်စက်ရပ်ကွက် အချင်းဖြစ်မြေယာမှ နစ်နာသူများက ၁၇ကြိမ်မြောက် ဂရန်ချထားပေးရန် သနားခံတင်ပြ






ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ် ၂၂၉ တွင် နေထိုင်၍ စက်မှုလုပ်ငန်း (အသေးစား) လုပ်ကိုင်နေသူများက ဂရန်ချထားပေးနိုင်ရန် နိုင်ငံတော်အကြီးအကဲများထံ (၈-၇-၂၀၂၄) ရက်နေ့က ထပ်မံ၍ တင်ပြထားကြောင်း သိရသည်။

အဆိုပါ မြေနေရာနှင့် ပတ်သက်၍ ဒေါ်ခင်ခင်စိုး အား ပါမစ်ချထားပေးလိုက်သည့်အပေါ် စက်မှုလုပ်ငန်းလုပ်ကိုင်နေသူ မိသားစုဝင်တစ်ဦးက မြန်မာနေရှင်နယ်ပို့စ်သို့ အိတ်ဖွင့်ပေးစာရေးသားပေးပို့ခဲ့ဖူးသည်။ သူ၏ ပေးပို့စာတွင် "ဒေါ်ခင်ခင်စိုးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူဖြစ်ပါသည်။ ထိုအမျိုးသမီးသည် ယခုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒလမြို့နယ်အတွင်းရှိ ပြည်သူများနေထိုင်လျက်ရှိသော မြေနေရာများကို အတင်းအဓမ္မ ခြံစည်းရိုးများကာရံ၍ လုယူသိမ်းပိုက်လျက် ရှိပါသည်။ ထိုအမျိုးသမီးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဌာနမှူး၊ ဒုဌာနမှူးများအား လဘ်ပေးလဘ်ယူပြုလုပ်ကာ မြေချပါမစ်အတုများ ပြုလုပ်ခဲ့ပါသည်။ ဒေါ်ခင်ခင်စိုးသည် ပါမစ်အတုများကို ကိုင်ဆောင်၍ ရပ်ကွက်နေပြည်သူလူထုအား ဂရန်ရပြီးဟု လိမ်လည်ပြောဆိုကာ ကြိမ်းမောင်းနှင်ထုတ်ခြင်းများကို အကြိမ်ကြိမ် လာရောက်ပြုလုပ်ခဲ့ပါသည်။ ပြည်သူများမှာ သူတို့တို့ပေးသော မပြောပလောက်သော လမ်းခရီးစရိတ်သာ ရရှိပါသည်။ တစ်ခါတရံတွင် လူမိုက်အဖွဲ့များကို ငှား၍ အုပ်စုဖွဲ့ကာ ပြည်သူများအား အနိုင်ကျင့်မှုများပါ ပြုလုပ်လျက်ရှိသည်။ ဘိုးဘွားပိုင်မြ၊ အိုးအိမ်မြေ၊ လုပ်ငန်းလိုင်စင်ရှိသောသူများကိုပင် ခြံစည်းရိုးကာရန်ခြင်း၊ ကျူးကျော်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ရပ်ကွက်နေပြည်သူလူထုမှ ဌာနဆိုင်ရာများအား တိုင်ကြားသည့်အခါတွင်လည်း ဆောင်ရွက်မပေးသည့်အပြင် ခေါင်းရောင်းနေသည်ကို တွေ့ရှိရသည်။ ဌာနဆိုင်ရာများမှာလည်း ဒေါ်ခင်ခင်စိုးနှင့် ပတ်သက်နေသည်ဟု ယူဆရပါသည်။ ဒေါ်ခင်ခင်စိုး ဘာလုပ်လုပ် မျက်ကွယ်ပြုပေးထားကြပါသည်။ ဒေါ်ခင်ခင်စိုးမှ အိမ်၊ ခြံ၊ မြေအကျိုးတော်ဆောင် လောကတွင် မကြားဖူး၊ မမြင်ဖူးသော ၁.၈၃၆ ဧက ရှိသော ပါမစ်အတုကြီးပင် ပိုင်ဆိုင်ထားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေအကျိုးတော်ဆောင်များခင်ဗျာ - ထို့ကဲ့သို့ (1.836) ဧက နီးပါးရှိသော မြေနေရာမျိုးကို အရောင်းအဝယ် ပြုလုပ်ဖူးပါသလား ခင်ဗျာ? အဲ့လောက်ကျယ်ဝန်းသော ပါမစ်မျိုးကိုရော ကြားဖူးပါရဲ့လား ခင်ဗျာ? ခင်ဗျားတို့ရဲ့တစ်သက်မှာရော  ဒီလိုမသမာမှုမျိုး ကြုံဖူးပါရဲ့လား။ ဒေါ်ခင်ခင်စိုးမှ လဘ်ပေးလဘ်ယူပြုလုပ်ကာ စည်ပင်သာယာရေးဝန်ထမ်းများမှ အဂတိလိုက်စား၍ ချထားပေးသော ထိုမြေနေရာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းနှင့် ဝိဓူရလမ်းကြားတွင်ဖြစ်ပါသည်။ ယခုအခါ ဒလမြို့နယ်စည်ပင်ရုံးမှ ထိုနေရာတွင် နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသော ပြည်သူလူထုအား ၎င်းတို့၏ လုပ်ငန်းလိုင်စင်များကိုပါ သက်တမ်းတိုးခွင့်မပြုဘဲ  ကန့်ကွက်ထားသည်မှာ အဂတိမှုများ ပေါ်လွင်ထင်ရှားလျက်ရှိသည်။ ပြည်သူများမှ  မိမိတို့နေထိုင်သောနေရာများကို ဂရန်ချထားပေးပါရန် ဘိုးဘွားပိုင်အထောက်အထားများ၊ လုပ်ငန်းလိုင်စင်များနှင့် သက်ဆိုင်ရာ ထောက်ခံချက်များဖြင့် သွားရောက်လျောက်ထားသည့်အခါ ချထားမပေးဘဲ ယခုကဲ့သို့ နိုင်‌ငံရေးမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒေါ်ခင်ခင်စိုးအား ပါမစ်ချပေးခြင်းမှာ ပြည်သူလူထူ၏ အိုးအိမ်စည်းစိမ်ကို ကိုယ်ပိုင်အဖြစ် သုံးစွဲမှု၊ အဂတိလိုက်စားမှုပင် ဖြစ်သည်။ ရပ်ကွက်နေပြည်သူလူထုမှ ဒေါ်ခင်ခင်စိုး၏ ခြံစည်းရိုးခတ်ခြင်း၊ ကျူးကျော်ခြင်းများကို လက်မခံကြောင်း၊ ကန့်ကွက်ခြင်းများကို အများပြည်သူလူထုမှ ဌာနဆိုင်ရာများထံ အကြိမ်ကြိမ် အသိ‌ပေးတိုင်ကြားထားပြီး ဖြစ်ပါသည်။ သော်လည်း ဒေါ်ခင်ခင်စိုးသည် 25.5.2024ရက်‌ (စနေ‌နေ့) တွင် ပြည်သူလူထုပိုင် အိုးအိမ်းများကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ကျူးကျော်၍ ခြံစည်းရိုးခတ်ခြင်းကို တတိယအကြိမ် ပြုလုပ်လာခဲ့ပါသည်။ အထက်ပါ အကြောင်းအရာကိစ္စများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးမှ  တာဝန်ရှိလူကြီးမင်များသိရှိပြီး တရားဥပဒေနှင့်အညီ တရားမျှတစွာ ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။ ပြည်သူများ နေထိုင်လုပ်ကိုင်လျက်ရှိသော်လည်း မသမာသော ဝန်ထမ်းများမှ ဒေါ်ခင်ခင်စိုးအား  ချထားပေးသော ပါမစ်အတုအား ဖော်ပြလိုက်ပါသည်။ တခြားပါမစ်အတုများလည်း ရှိနိုင်သည်။" ဟူသော ပေးပို့စာကို Myanmar National Post မှ ဖော်ပြပေးခဲ့သည့်အပေါ် ဒေါ်ခင်ခင်ခင်စိုး၏ ရှေ့နေများက မမှန်သတင်းဖော်ပြခြင်းဖြစ်ကြောင်းဖြင့် တရားစွဲဆိုမည်ဟု နိုင်ငံတော်ပိုင် သတင်းစာမှ ကြေညာခဲ့သည်။

ထိုသို့ လုပ်ဆောင်လာခြင်းနှင့် ပတ်သက်၍ အချင်းဖြစ်မြေယာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မည်သို့ စီမံဆောင်ရွက်ထားသည်ကို ဖြေကြားပေးနိုင်ပါရန် သတင်းမှန် ပြန်ကြားရေးမှတဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများထံ Myanmar National Post က မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

အချင်းဖြစ်မြေနေရာတွင် ဘိုးဘွားများလက်ထက်မှ စက်မှုလုပ်ငန်း လုပ်ကိုင်၍ နေထိုင်ခဲ့ပြီး တရားဝင် ပိုင်ဆိုင်မှု အထောက်အထားရရှိရန် အကြိမ်ကြိမ်တင်ပြဆောင်ရွက်ခဲ့သော ဦးရဲမင်းသူ က ဒလမြို့ စည်ပင်သာယာဌာနသို့ သွားရောက်စုံစမ်းမေးမြန်းမှုများ ဆောင်ရွက်ခဲ့ရာ ဒေါ်ခင်ခင်စိုးသည် ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးခတ်ထားသည်ကို ပြန်ဖျက်ခိုင်းထားကြောင်း၊ ပထမအကြိမ် သတ်မှတ်ကာလအတွင်း ခြံစည်းရိုးလာဖျက်ခြင်း မရှိခဲ့ကြောင်း၊ ဒုတိယအကြိမ် ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၀) ရက်နေ့က ပြန်လည်ဖျက်သိမ်းရန်ကိစ္စ အကြောင်းကြားစာကို ဦးရဲမင်းသူ အပါအဝင် တင်ပြတိုင်ကြားထားသူများကို မိတ္တူပေးအပ်ခဲ့သည်။

အချင်းဖြစ်မြေနေရာနှင့် ဦးရဲမင်းသူ အပါအဝင် နစ်နာသူများက (၁၇)ကြိမ်မြောက် ဂရန်ချထားပေးရန် နိုင်ငံတော်အကြီးအကဲထံ အသနားခံတင်ပြထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့လည်း တရားဝင်ပိုင်ဆိုင်ခွင့် ချထားပေးရန် ဘိုးဘွားမိဘ အစဉ်အဆက် လျှောက်ထားခဲ့သည့် မှတ်တမ်းများနှင့်တကွ တင်ပြထားကြောင်း Myanmar National Post သို့ ဆက်သွယ်ပေးပို့ထားသည်။


(Myanmar National Post အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေရန် တင်ပြခဲ့ခြင်းမျိုး မရှိဘဲ တာဝန်ရှိသူများ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနိုင်ရေးကိုသာ အလေးထား၍ တင်ပြခဲ့ခြင်းဖြစ်ပါသည်။ Myanmar National Post သတင်းအေဂျင်စီအား မမှန်သတင်းဖော်ပြသည်ဟု နိုင်ငံတော်ပိုင်သတင်းစာတွင် ထည့်သွင်းကြေညာခဲ့သည့် သူများ သတိပြုနိုင်ပါရန်။)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)