မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဇူလိုင် ၆

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့က နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန် ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လူငယ် များကို နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း။

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် နှစ်စဉ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားနှင့် လူငယ်စုံညီပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားကြ စေလိုကြောင်း၊ လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တများ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရှိပြီး တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်လာစေရေးအတွက် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ယခင်နှစ်ထက် ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် လူငယ်ဖိုရမ် (Youth Forum)၊ လူငယ်လေ့လာရေး ခရီးစဉ်နှင့် လူမှုအကျိုးပြု လုပ်ငန်းအစီအစဉ်များကိုလည်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့် ဆက်စပ်အစီအစဉ်များ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်ဖြစ်သည့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အားလုံးဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။  

ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား၊ ဆက်စပ်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေး တက်ရောက်လာကြသူများက လူငယ်ရေးရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး အတည်ပြုဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)