လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်းများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်းများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ


နေပြည်တော်၊ ဇူလိုင် ၁၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ ထူးချွန်ဆုရ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးသည် ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီအတွက် ဘဝရည်မှန်းချက်ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်သည့် လိုအပ်ချက်ဖြစ်ပါကြောင်း၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ် ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် လူသားအရင်း အမြစ်သည် အဓိကဖြစ်သဖြင့် ပညာရေးကို တိုးတက်အောင် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ထက်မြက်စွာ အောင်မြင်ကြသည့် ကျောင်းသား ကျောင်းသူ များအနေနှင့် ပညာရည်မြင့်မားတိုးတက်ပြီး အနာဂတ်မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ကြ ပါစေကြောင်းနှင့် ထူးချွန်ဝန်ထမ်းများအနေဖြင့်လည်း ကျရာတာဝန်ကျေပွန်ပြီး လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားသော ဝန်ထမ်းကောင်းအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများကိုလည်း ကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ဇနီးက ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများကိုလည်းကောင်း၊ ဌာနအကြီးအကဲများက လေးဘာသာဂုဏ်ထူး၊ သုံးဘာသာဂုဏ်ထူး၊ နှစ်ဘာသာဂုဏ်ထူးနှင့် တစ်ဘာသာဂုဏ်ထူးတို့ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ထူးရကျောင်းသား ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ခြောက်ဘာသာဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ လေးဘာသာဂုဏ်ထူးရှင် လေးဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ရှစ်ဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် ၁၅ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၁၃ ဦး စုစုပေါင်း ၁၅၄ ဦးနှင့် ထူးချွန်ဝန်ထမ်း ၁၈ ဦးတို့ကို ဝန်ကြီး ဌာနမှ ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)