တပ်မတော်နဲ့ ပြည်သူ တသားတည်းဖြစ်စေဖို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်နဲ့ ပြည်သူ တသားတည်းဖြစ်စေဖို့



နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားရတာ တပ်မတော်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများ စုပေါင်းဖွဲ့စည်းထားတဲ့ NLD ပါတီ က မဲလိမ်မဲခိုးပြီး တိုင်းပြည်ရဲ့ အာဏာရယူဖို့ ကြိုးစားလာခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း တိုင်းသိ ပြည်သိ ကမ္ဘာသိ ကြေညာပြီး တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူး။ ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိအောင် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး လုပ်ဆောင်နေတာကိုလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

အာဏာလက်မဲ့ဖြစ်ပြီး လမ်းဘေးရောက်ခဲ့ရတဲ့ NLD အစွန်းရောက် အကြမ်းဖက်အုပ်စုနဲ့ ပြည်ဖျက်မီဒီယာများ ခေါင်းစဉ်တပ်လိုက်တာက အာဏာသိမ်းစစ်ကောင်စီတဲ့။ ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများအပေါ် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံတချို့ကပါ မြန်မာနိုင်ငံအပေါ် ထိုးနှက်လိုတာမျိုးကို တွေ့မြင်လာရပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများကပါ နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ကြံဖန်တီးပြောဆိုမှုတွေကို အခြေခံပြီး မြန်မာနိုင်ငံအပေါ် မဟုတ်မမှန် စွပ်စွဲပြောဆိုမှုတွေ အစဉ်တစိုက် လုပ်ဆောင်နေတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အစဉ်သဖြင့် တုန့်ပြန်ဖြေရှင်းနေရတာကို တွေ့မြင်ကြရပါလိမ့်မယ်။

နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေရဲ့ နောက်ကနေ နိုင်ငံတချို့က သိသိသာသာ ကူညီပံ့ပိုးပေးနေမှုနဲ့အတူ အကြမ်းဖက်လှုပ်ရှားမှုက အရှိန်မြင့်တက်လာပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုက နောက်ကွယ်က ကူညီပံ့ပိုးမှုတွေနဲ့ အားကောင်းမောင်းသန် ဖြစ်လာတဲ့ အခြေအနေမှာလည်း အစိုးရယန္တရားအတွင်းမှာက အကြမ်းဖက်ဘေးအန္တရာယ် တားဆီးကာကွယ်ရေးကို ဆောင်ရွက်မှုအပိုင်းမှာ အားနည်းချက်တွေ၊ ပေါ့လျှော့မှုတွေ ရှိနေခြင်းကြောင့် လုံခြုံရေးတာဝန်ရှိသူများကိုပါ အကြမ်းဖက်သမားများက ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့သလို ပြည်သူလူထုကို ကာကွယ်ပေးမှုအပိုင်းမှာလည်း အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ အစိုးရယန္တရားအတွင်းမှာက NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာ ကိုယ်ကျိုးရှာခွင့်၊ မလိမ့်တပတ်လုပ်ခွင့်ရခဲ့တဲ့ အခြေအနေတွေကြောင့်လည်း နစကအပြောင်းအလဲ ဖြစ်လာချိန်မှာ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အများပြည်သူ ကောင်းကျိုးဖြစ်စေဖို့အတွက် မရည်ရွယ်ဘဲ ကိုယ်ကျိုးရှာလိုသူတွေကြောင့် ပြည်သူတွေမှာ ညည်းတွားသံတွေ ဆူညံလာပါတယ်။

အကြမ်းဖက်နှိမ်နင်းရေးကိုလည်းအလေးမထား၊ ဥပဒေစိုးမိုးရေးကိုလည်းအလေးမထားတဲ့ အစိုးရယန္တရားမျိုး ဖြစ်လာသည်အထိ ပျက်ယွင်းလာတဲ့သဘောတွေကို ရွံမုန်းလာကြတဲ့ သဘောဖြစ်ပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ် ရှိတဲ့ ဒေသမှာ အစိုးရယန္တရားကောင်းစွာ မလည်ပတ်နိုင်ဘူး။ အကြမ်းဖက်သမားမရှိတဲ့ မြို့ရွာတွေမှာကြတော့လည်း ပြည်သူများရဲ့ နေ့စဉ်လူမှုစီးပွားဘဝ ပြဿနာတွေကို ဥပဒေနဲ့အညီ အလေးထား ဖြေရှင်းပေးတာမျိုး မရှိဘဲ တာဝန်ရှိသူတွေရဲ့ မလိမ့်တပတ် လုပ်ဆောင်မှုတွေက အစိုးရအပေါ် ပြည်သူလူထုက လေးစားမှု ကျဆင်းစေတဲ့ လုပ်ရပ်များပဲ ဖြစ်ပါတယ်။

အစိုးရဆိုတာ တည်မြဲတဲအမျိုးအဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်အရ ရွေးကောက်တင်မြှောက်တဲ့ အစိုးရလည်း မတည်မြဲပါဘူး။ တပ်မတော်သည်လည်း ထာဝရအာဏာရယူထားမယ်လို့ ကြေညာခဲ့တာ မဟုတ်ပါဘူး။ ပြည်သူများ လိုလားတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးပြီး ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့အစိုးရကို အာဏာလွှဲအပ်သွားမယ်ဆိုတာက စတင်တာဝန်ယူစဉ်ကတည်းက အတိအလင်း ကြေညာပြီးသားပါ။ 

ဒီကာလမှာ နိုင်ငံတော်တာဝန်ကို ရယူထားသည့်အလျှောက် ပြည်သူများရဲ့ နစ်နာမှုများနဲ့ ပတ်သက်လို့ တင်ပြတိုင်ကြားမှုတွေ ရှိတဲ့အပေါ်မျာ ဥပဒေနဲ့အညီ တာဝန်ရှိသူများက ဆောင်ရွက်ကြဖို့ ပြန်လည်လမ်းညွှန်ချက် ပေးတာမျိုးတွေ ရှိပါတယ်။ အဲဒီလို နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်တွေကို အုပ်ချုပ်ရေးပိုင်းမှာ မြို့နယ်/ ခရိုင်အဆင့် တာဝန်ရှိသူတချို့က အလေးထား လုပ်ဆောင်ခြင်းမရှိပါဘူး။ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေက အလေးမထားတာလဲလို့ မေးရင်လည်း တိတိကျကျ ပြောနိုင်ပါတယ်။ မြေယာပြဿနာအရှုပ်တော်ပုံများတဲ့ မြို့နယ်တွေမှာ မြေယာပြဿနာများမှာ ပါဝင်လှုပ်ရှားပြီး ကိုယ်ကျိုးရှာထားသူများဟာ နိုင်ငံတော်အကြီးအကဲများရဲ့ ဖြစ်တည်မှုကိုပင် မထေမဲ့မြင်ပြောပြီး လမ်းညွှန်ချက်တွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ခြင်း မရှိဘဲ ကြန့်ကြာအောင် လုပ်ခြင်းအားဖြင့် တပ်မတော်အစိုးရအပေါ် ပြည်သူလူထုက ရွံမုန်းလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြတဲ့ အသားထဲက လောက်ထွက်တဲ့သူတွေ ဖြစ်ပါတယ်။

အကြမ်းဖက်ဘေးအန္တရာယ်များနဲ့ ရင်ဆိုင်နေရတဲ့ ဒေသများမှာ အကြမ်းဖက်နှိမ်နင်းရေးကို ပူးပေါင်းဆောင်ရွက်နေကြရသလို တစ်ဖက်မှာ တပ်မတော်အပေါ် အများပြည်သူက ယုံကြည်လေးစားလာအောင် အများပြည်သူရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဥပဒေနဲ့အညီ ကုစားပေးခြင်းအားဖြင့် တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု မြင့်တက်လာအောင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်စွမ်း ရှိပါတယ်။ ယုတ်မာ ကောက်ကျစ်သော ပညာရှိများဟာ တပ်မတော်အပေါ် အများပြည်သူ ယုံကြည်လေးစားလာမှာမျိုးကို မလိုလားတဲ့အတွက် ဥပဒေလက်တစ်လုံးခြား ကောက်ကျစ်ယုတ်မာပြီး ကိုယ်ကျိုးရှာတဲ့အပေါ်မှာ သာယာနေကြခြင်းပဲ ဖြစ်ပါတယ်။

တိုင်းပြည်တွင်းမှာ များပြားလှစွာသော အကြမ်းဖက်လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေတယ်။ ဒါတွေကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်များ အသိဆုံးပဲ ဖြစ်ပါတယ်။ သို့ပေသော် အကြမ်းဖက်နှိမ်နင်းရေးကို အလေးမထားဘူး။ သတင်းတွေကို လိမ်ညာဖုံးကွယ်ပြီး မိမိတာဝန်ယူထားတဲ့ မြို့နယ်အတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုမရှိ အေးချမ်းသယောင် မျက်နှာကောင်းလုပ်လိုကြပါတယ်။ အကြမ်းဖက်သမားတွေက အပြစ်မဲ့ ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ မဖုံးနိုင်မဖိနိုင် ဖြစ်လာတော့မှ မျက်ကလဲဆန်ပြာ ဖြစ်ရတာမျိုးပါ။ တာဝန်နဲ့ လုပ်ပိုင်ခွင့်အပေါ် ဘယ်လောက်အထိ အလေးထားမှု လျှော့ပါးသလဲဆိုရင် အကြမ်းဖက်သမားက သံဃာတော်ကို သတ်ဖြတ်သွားလို့လည်း အချိန်နှင့်တပြေးညီ မနှိမ်နင်းနိုင်ဘူး။ အကြမ်းဖက်သမားများက ဆရာ/ ဆရာမများကို ဖမ်းဆီးခေါ်ဆောင်သွားလို့လည်း ကယ်တင်နိုင်တာမျိုး မရှိခဲ့ဘူး။ ဆိုတော့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ သူတွေရဲ့ လုပ်ရပ်တွေကြောင့် အစိုးရအပေါ် ပြည်သူလူထုက ပိုပြီး ဒေါသထွက်လာကြပါတယ်။

တကယ်တော့ အပြစ်မဲ့ ပြည်သူများ အတိဒုက္ခရောက်အောင် လုပ်ဆောင်နေတာကတော့ CRPH, NUG, PDF နဲ့အတူ အကြမ်းဖက်လှုပ်ရှားမှုမှာ ပူးပေါင်းဆောင်ရွက်နေကြတာက များပြားလှစွာသော တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့တွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများမှာ အတိဒုက္ခရောက်နေရပါတယ်ဆိုတဲ့ အချိန်မှာ အကြမ်းဖက်နှိမ်နင်းရေးအတွက် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက လုပ်တော့မှာလိုလို၊ လုပ်ချင်မှ လုပ်မှာ လိုလိုနဲ့ မြို့ရွာတွေ ပျက်စီးပြီး ဒေသခံပြည်သူတွေ အတိဒုက္ခရောက်ခဲ့ကြရတယ်။ 

ဒေသခံပြည်သူများ အတိဒုက္ခရောက်အောင်လုပ်တာတော့ အကြမ်းဖက်အဖွဲ့တွေဖြစ်ကြောင်း ပြည်သူက သိပါတယ်။ ကာကွယ်တားဆီးနှိမ်နင်းမှုအပိုင်းမှာ လစ်ဟာမှုတွေ၊ အားနည်းချက်တွေ၊ အလေးထားမှုမရှိတာတွေကတော့ လက်ရှိတပ်မတော်ဦးဆောင်တဲ့ နစကအစိုးရအပေါ် ပြည်သူများက ပြစ်တင်ပြောဆိုမှုတွေ လုပ်ဆောင်လာကြခြင်းဖြစ်ပါတယ်။

၂၆-၇-၂၀၂၄ ရက်နေ့ က အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဒီနေ့ဒီအချိန်အခါမှာ အခြေအနေ၊ အချိန်အခါတွေအရ ဓားပြသာသာစစ်ဘုရင်ဝါဒဟာ ဖုံးကွယ်မှုအမျိုးမျိုး၊ ဝါဒဖြန့်မှုအမျိုးမျိုး၊ လူမျိုးရေးမှိုင်းအမျိုးမျိုးနဲ့ ခေါင်းထောင်ထလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံ၊ ဒီပြည်သူလူထုအပေါ်မှာ အဖျက်စိတ်ဓာတ်ရှိတဲ့၊ သစ္စာမဲ့တဲ့ လောက်ကောင်များနဲ့ အဖွဲ့အစည်းများရဲ့ ယုတ်မာသောပူးပေါင်းကြံစည်မှု၊ ဓားပြသာသာ စစ်ဘုရင်ဝါဒကိုပံ့ပိုးနေမှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ အဆုံးသတ်ခါနီး၊ ငြိမ်းခါနီးမီးလိုဖြစ်နေပါပြီ။ ငြိမ်းခါနီးမီးထတောက်အောင် မဟုတ်မမှန်ဝါဒဖြန့် ဆောင်ရွက်နေ တာ၊ ပြည်သူလူထုအပေါ်မှာဖိနှိပ်ပြီး စစ်သားစုဆောင်းတိုက်ပွဲဝင်ခိုင်းနေတာတွေ တွေ့ရမှာဖြစ် ပါတယ်။ ဒါတွေကို ကျွန်တော်တို့ သတိရှိဖို့လိုအပ်ပါတယ်။ အားလုံးကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ မြို့ရွာတွေထဲကို အရပ်သားအယောင်ဆောင်ပြီး စိမ့်ဝင်လာတဲ့ အကြမ်းဖက်တွေ၊ လောက်ကောင်တွေကို တိုင်းရင်းသားပြည်သူလူထု၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်တွဲညီညီသုတ်သင်ရှင်းလင်းရမှာဖြစ်ပါတယ်။ နိုင်ငံ တဝန်း စွန့်စွန့်စားစားတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ တိုင်းရင်းသားပြည်သူထုများကို နိုင်ငံ တော်နဲ့ ပြည်သူလူထုက အလေးထား၊ တန်ဖိုးထားဂုဏ်ယူလျက်ရှိကြောင်း ဂုဏ်ယူစွာပြောကြား လိုပါတယ်။ တိုင်းရင်းသားပြည်သူလူထုကိုကာကွယ်သော ကာကွယ်စစ်သည် မုချအောင်မြင် ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိနေသရွေ့ တပ်မတော်ရှိပါမယ်။ တပ်မတော်ရှိနေသရွေ့ မြန်မာနိုင်ငံ တည်တံ့ ခိုင်မြဲရပါမယ်။ ပြည်သူလူထုရဲ့ပိုင်ဆိုင်မှု၊ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုစီးပွားဘဝလုံခြုံစေ ရပါမယ်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပြီး လက်တွဲညီညီဆောင်ရွက် ရင်း  “ အမိမြေသာယာစေဖို့ ငါတို့မြေကို ငါတို့ကာကွယ်ကြပါစို့ ” လို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

ဗိုလ်ချုပ်ရဲ့ ရှင်းလင်းပြောကြားချက်များမှာ တပ်မတော်နဲ့ ပြည်သူတသားတည်း ဖြစ်နေစေဖို့ ဦးတည်ပြောဆိုခဲ့တာပဲ ရှိပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုရှိမှသာ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်ဆိုတာကို အလေးထား ပြောကြားလေ့ ရှိပါတယ်။ ဗိုလ်ချုပ် က အဲဒီလို လမ်းညွှန်ပြောကြားနေပေမယ့် ဒေသအာဏာပိုင်တချို့က ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မလိုလားဘူး။ ပူးပေါင်းဆောင်ရွက်တဲ့ ပြည်သူ့စစ်တွေရဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေကို တာဝန်ယူ၊ တာဝန်ခံပြီး ဖြည့်ဆည်းပေးရကောင်းမှန်း မသိဘူး။ ပြည်သူလူထုနဲ့ တသားတည်း ရှိနေရမယ့်အချိန်မှာ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်နေသူ နီပိန်းတွေ၊ ငွေရှင်ကြေးရှင်တွေရဲ့ ဧည့်ခံမှုနဲ့ ကလပ်တို့၊ KTV တို့မှ အချိန်ကုန်ရင်းက အကြမ်းဖက်သမားလက်ချက်နဲ့ သေဆုံးခဲ့ရတာမျိုးတွေအထိ ရှိခဲ့ပါတယ်။

တပ်မတော်သည် ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်သည့်တိုင်အောင် ပြည်သူလူထုရဲ့ ပူပေါင်းပါဝင် ဆောင်ရွက်မှု လိုအပ်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ ပြန်ကြားရေး ဒုဝန်ကြီးရဲ့ ထုတ်ပြန်ပြောကြားချက်များမှာ အမြဲတမ်း ထည့်သွင်ေးပြာဆိုပါတယ်။ ဒီအပေါ်မှာ ဒေသဆိုင်ရာ အာဏာပိုင်များက အလေးထားပြီးဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုစိတ်တွေ ပြင်းပြနေတာကြောင့်လည်း ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မလိုလားဘဲ ငွေရှင်၊ ကြေးရှင်များနဲ့သာ ပူးပေါင်းပြီး မလုပ်သင့်တာတွေ လုပ်နေကြခြင်းကြောင့် အကြမ်းဖက်နှိမ်နင်းရေးအပိုင်းမှာ လစ်ဟင်းမှုတွေ ဖြစ်ပေါ်လာပါတယ်။

ဒီနေ့ ဒီအချိန်မှာ တပ်မတော်အနေနဲ့ ပြည်သူထုရဲ့ ထောက်ခံအားပေးမှုကို အပြည့်အဝ ရဖို့ဆိုရင်တော့ -

(၁) အကြမ်းဖက်နှိမ်နင်းရေးကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်ရမယ်။ အရေးအကြီးဆုံးအချက်ပါပဲ။

(၂) တပ်မတော်ကို ချစ်မြတ်နိုးလို့ ပူးပေါင်းဆောင်ရွက်တဲ့ ပြည်သူများအပေါ် မထေမဲ့မြင်ပြု စော်ကားပြောဆိုမှုတွေ လုပ်ဆောင်နေတဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေးပိုင်းက လောက်ကောင်တွေကို ရှင်းလင်းဆောင်ရွက်ပေးရမယ်။

(တပ်မတော်နဲ့ ပြည်သူကြားမှာ ခလောက်ဆန်နေသူများ ဖြစ်ပါတယ်။)

(၃) တပ်မတော်အကြီးအကဲများရဲ့ တာဝန်ယူဆောင်ရွက်နေမှုကို မထေမဲ့မြင်ပြုပြီး ညွှန်ကြားချက်၊ လမ်းညွှန်ချက်တွေကို သွေဖည်လုပ်ဆောင်နေတဲ့ ဝိသမလောဘသား ပညာရှိလူယုတ်မာများကိုလည်း တိကျပြတ်သားစွာ အရေးယူဆောင်ရွက်ပေးရမယ်။

(၄) အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေးမှာ အသက်နဲ့ခန္ဓာကို တိုင်းပြည်အတွက် ပေးအပ်ထားတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရဲ့ လက်နက်ခဲယမ်းလိုအပ်ချက်များကို မသိကျိုးကျွန်ပြုနေတာမျိုး မဟုတ်ဘဲ လိုအပ်သည်ထက် လုံလောက်အောင် ဖြည့်တင်းဆောင်ရွက်ပေးရမယ်။

(ပြည်သူ့စစ်သာ ဖွဲ့စည်းထားပြီး လက်နက်ချထားပေးခြင်း မရှိသောကြောင့် အကြမ်းဖက်သမားများရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ဖြစ်စဉ်များကို ထောက်ရှုဆင်ခြင်)

(၅) မြေကျန်ရင် ရပြီလို့ တောင်းဆိုနေတဲ့ ဒေသခံပြည်သူများရဲ့ တောင်းဆိုမှုကို အလေးထားပြီး လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် မှာရှိတဲ့ MNDAA, TNLA, AA, PDF အကြမ်းဖက်အဖွဲ့များကို ရက်ပိုင်းအတွင်း ရှင်းလင်းဆောင်ရွက်။

(အကြမ်းဖက်အဖွဲ့များကို ညှာတာခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု နည်းပါးတာမျိုး မရှိဘဲ ဒေသခံပြည်သူလူထု ပိုမိုအတိဒုက္ခရောက်ရသလို ပျက်ဆီးဆုံးရှုံးမှု များပြားရတယ်။)


ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ဖြစ်ပါလိမ့်မယ်။ နိုင်ငံတော်အကြီးအကဲများက ပြည်သူနဲ့တသားတည်း ဖြစ်စေဖို့ လမ်းညွှန်နေသည့်တိုင်အောင် ဒေသဆိုင်ရာ အာဏာပိုင်များက အလေးထားမှု မရှိသည့်အပြင် မထေမဲ့မြင်ပြုတာမျိုးတွေပါ ရှိနေမယ်ဆိုရင်တော့ ပြည်သူများရဲ့ ဘဝဟာ ကျွဲနှစ်ကောက်ခတ်တဲ့ ကြားက မြေစာပင်လို မွစာကြေသွားမှာပဲ ဖြစ်ပါတယ်။ ဒါကတော့ တပ်မတော်နဲ့ ပြည်သူ တသားတည်းဖြစ်စေဖို့ ဆောင်ရွက်သင့်သည့်အချက်များလို့ ရှုမြင်သုံးသပ် တင်ပြလိုက်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)