နိုင်ငံတော်အစိုးရက ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အစိုးရက ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်


ရန်ကုန်၊ ဇူလိုင် ၁၁

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် ကြုံတွေ့ရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယူအေးအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မလင်းလင်းဇော်အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ် ရုံးအနေဖြင့် ယူအေအီးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့နှင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအကျိုးစီးပွားမြှင့်တင်ရေးဝန်ကြီးဌာနတို့မှ အာဏာပိုင်များနှင့် ညှိနှိုင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မလင်းလင်းဇော်သည် ဇူလိုင် ၁၀ ရက်က ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဒူဘိုင်း - ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ယမန်နေ့ည ၁၀ နာရီ မိနစ် ၅၀ တွင် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသူ မလင်းလင်းဇော်သည် ယူအေအီးနိုင်ငံ Ras AI Khaimah ပြည်နယ်တွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ချိန်များပြားပြီး အလုပ်ပင်ပန်းသည့်ဒဏ်ကို မခံနိုင်သဖြင့် အေဂျင်စီရုံးနှင့် မြန်မာနိုင်ငံမှ ၄င်းကိုပို့ဆောင်ခဲ့သူထံသို့ ဆက်သွယ်ခဲ့ရာ ပြန်လည်ထွက်ခွာလိုပါက လျော်ကြေးငွေကျပ် ၈၅ သိန်း ပေးလျော်ရမည်ဖြစ်ကြောင်းပြောကြားရာ မတတ်နိုင်သောကြောင့် အိမ်ရှင်ထံမှ ထွက်ပြေးခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ အကူအညီတောင်းခံခဲ့ရာ မြန်မာကောင်စစ် ဝန်ရုံးချုပ်အနေဖြင့် ပြန်လည်ထွက်ခွာနိုင်ရန် စာရွက်စာတမ်းများရရှိရေးတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ရာ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့ပြီး ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယူအေအီးနိုင်ငံ Ras AI Khaimah ပြည်နယ်တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုနှင့်စပ်လျဉ်း၍ မလင်းလင်းဇော်က“ကျွန်မက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ သျှားခဲကျေးရွာမှာနေပါတယ်။ ဟိုမှာ အိမ်ငါးအိမ်ပြောင်းပြီး အလုပ်လုပ်ခဲ့ရပါတယ်။ခြောက်လလုံးလုံး အဆင်မပြေခဲ့ပါဘူး။ အလုပ်ရှင်အိမ်တွေက ထမင်းမကျွေးဘူး။ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရတယ်။ သူတို့အစားအစာ နည်းနည်းပဲစားရတယ်။ အိမ်တိုင်းကြုံတွေ့ခဲ့ရတာပါ။ အေးဂျင့်ရုံးတွေက လုံးဝမကူညီပါဘူး။ နောက်ဆုံးထွက်ပြေးပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို အကူအညီတောင်းခံခဲ့တာကြောင့် စားဖို့၊ နေထိုင်ဖို့ စီစဉ်ပေးတဲ့အပြင် မြန်မာနိုင်ငံကိုပြန်နိုင်ဖို့ အစစအရာရာ ကူညီပေးကြပါတယ်။ ဒူဘိုင်းလေဆိပ်အထိ လိုက်ပါပို့ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးကြီးလှပါတယ်။ မိမိနိုင်ငံသားတစ်ဦး ဒုက္ခရောက်နေချိန်မှာ လိုလေသေးမရှိ ကူညီဆောင်ရွက်ပေးခဲ့တာကို ရင်ထဲပြောပြလို့မရအောင် အထူးကျေးဇူးတင်ပါတယ်။ ဒီလိုအခက်အခဲမျိုးဆိုတာ ကိုယ်တိုင်ခံစားရမှ ကူညီကယ်ဆယ်မှုရဲ့ အကျိုးကျေးဇူးကို ပိုပြီးသိလာရတာပါ။ အဲဒီမှာ အိမ်အကူလုပ်မယ်ဆိုရင် လုံးဝ မသွားသင့်တဲ့နေရာပါ။ ကျွန်မလို ဒုက္ခမျိုးစုံမကြုံစေချင်ပါဘူး။ နိုင်ငံတော်အစိုးရက တာဝန်ရှိသူများနဲ့ မြန်မာကောင်စစ် ဝန်ချုပ်ရုံးက ကူညီပေးခဲ့သူအားလုံးကို လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ပါတယ်ရှင်” ဟု ပြောကြားသည်။

ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထိုနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့် အဆင်မပြေမှုဖြစ်ပေါ်ပါက မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ဒူဘိုင်းအေဂျင်စီရုံးများနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ပွဲစားများက အေဂျင်စီရုံးအဆင့်ဆင့်ထံ လက်လွှဲအသုံးချခြင်းတို့ကို ကြုံတွေ့ကြရလျက်ရှိရာ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အရှေ့အလယ်ပိုင်းနိုင်ငံများကို နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင်အလုပ်လုပ်ကိုင်ရန် စေလွှတ်မှုမရှိကြောင်း၊ မြန်မာအမျိုးသမီးများအား အဆိုပါနိုင်ငံတွင် အိမ်အကူအလုပ်လုပ်ရန်အတွက် တရားမဝင်အလုပ်လုပ်ကိုင်ရှာဖွေရေးအေဂျင်စီများမှ လိမ်လည် ပို့ဆောင်လျက်ရှိကြောင်း၊ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း အရေးယူခံရမည့်အပြင် အခြားမမျှော်မှန်းနိုင်သော အန္တရာယ်များ၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း၊ ရေမြေခြား၊ ယဉ်ကျေးမှုမတူသည့် ပတ်ဝန်းကျင်တွင် မျက်နှာငယ်ရမည့်အပြင် မြန်မာနိုင်ငံသံရုံးမရှိသည့် နေရာများသို့ ရောက်ရှိနေပါက အကူအညီရရှိရန် အခက်အခဲရှိနိုင်ကြောင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်ကြ မည့်သူများအနေဖြင့် မိမိသွားမည့်ဒေသ၏အခြေအနေမှန်အား လေ့လာသိရှိထားရန် လိုအပ်ပါကြောင်း အကြံပြုအသိပေး ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလတွင် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးမှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလိုအမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)