ယုံစားလို့ ပုံမှားခဲ့ရတဲ့ အဖြစ်မျိုး (အပစ်ရပ်မလား အမြစ်ဖြတ်မလား) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယုံစားလို့ ပုံမှားခဲ့ရတဲ့ အဖြစ်မျိုး (အပစ်ရပ်မလား အမြစ်ဖြတ်မလား)




ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ MNDAA, TNLAအကြမ်းဖက်အဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အဖြစ် ရက်သတ္တပတ်ကျော်ကြာ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ အဓိကအားဖြင့် လားရှိုး၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများလည်း သေဆုံးခဲ့ရပါတယ်။

လားရှိုးမြို့မှာဆိုရင် မြို့ထဲကို MNDAA အကြမ်းဖက်အဖွဲ့တွေက ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀ ထက်မနည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။ အရပ်သးပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတာလည်း ရှိပါတယ်။

ဒီကနေ့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မိုးကုတ်မြို့မှာ TNLA အကြမ်းဖက်အဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး သံဃာတော် ၂ပါး ပျံလွန်တော် မူခဲ့ရပါတယ်။ အစောပိုင်းရက်ကလည်း ကိုရင်တစ်ပါး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရတဲ့ အဖြစ်မျိုး ကြုံခဲ့ရပါတယ်။

ယနေ့ (၁၄-၇-၂၀၂၄) ရက်နေ့ ညပိုင်းအထိ လားရှိုးမြို့ ပတ်ပတ်လည်မှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ ပြင်းထန်နေဆဲ အခြေအနေမှာ ရှိပါတယ်။ ပစ်ခတ်မှုတွေ ပြင်းထန်နေတဲ့ ကြားက MNDAA အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက် ထွက်လာခဲ့ပါတယ်။ တရုတ်စာတွေနဲ့ ရေးသားထုတ်ပြန်ထားတဲ့ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို မြန်မာမှု ပြုထားရာမှာတော့ တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကြောင့် လှုပ်ရှားတိုက်ခိုက်မှုတွေကို ရပ်တန့်ထားမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ပွဲဟာ မြန်မာ့တပ်မတော်က MNDAA, TNLA ကို နှိမ်နင်းရာကနေ ဖြစ်ပေါ်လာတဲ့ စစ်ပွဲမဟုတ်ပါဘူး။ MNDAA, TNLA ရဲ့ စတင်တိုက်ခိုက်မှုကို တန်ပြန်ခြေမှုန်းရတဲ့ စစ်ပွဲတွေ ဖြစ်ပါတယ်။ ၁၀၂၇ ပထမအကျော့အပြီးမှာလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြတာ ရှိပါတယ်။ အဲဒီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုကို တပ်မတော်ဘက်က ချိုးဖောက်တာလား၊ MNDAA, TNLA တို့က ချိုးဖောက်ခဲ့တာလား ဆိုတာကိုလည်း အထူးပြောဖို့ မလိုပါဘူး။

ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ ၁၀၂၇ စစ်ဆင်ရေးလို့ ကြေညာပြီး MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့တွေက တိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အချိန်မှာလည်း တရုတ်ရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးလိုတဲ့ သဘောသက်ရောက်တဲ့ ထုတ်ပြန်ချက်ကို ရေးသားထုတ်ပြန်ခဲ့ပါတယ်။ ယခုတခါမှာလည်း တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကြောင့် ဆိုတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်လာခဲ့ပြန်ပါပြီ။

သဘောကတော့ MNDAA, TNLA အကြမ်းဖက်အဖွဲ့များဟာ တရုတ်ကသာ လိုလားမယ်ဆိုရင် မြန်မာပြည်ကို မီးလောင်တိုက်သွင်းပြီး မြန်မာပြည်သူအားလုံးကို သေကြောင်းကြံမယ့် သဘောမျိုး ဖြစ်နေပါတယ်။ ဒီအဖွဲ့တွေရဲ့ မပိရိတဲ့ လုပ်ရပ်တွေကြောင့် တရုတ်အစိုးရအပေါ် မြန်မာပြည်သူတွေက ဘယ်လိုသဘောမျိုး ရှုမြင်လာမလဲ။ မြန်မာပြည်ရဲ့အိမ်နီးချင်းကောင်းလို့ မြင်မလား၊ မြန်မာပြည်သူများအပေါ် ရက်စက်ယုတ်မာသူလို့ မြင်လာမလား။ ဒါကိုလည်း ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုတည်ဆောက်နေတဲ့ တရုတ်အစိုးရအနေနဲ့ ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်လိမ့်မယ်လို့ မြင်ပါတယ်။

မြန်မာအစိုးရအနေနဲ့ကတော့ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များသည် စားပွဲဝိုင်းမှာ လက်ခံစကားမပြောသင့်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးမှာ ဒီအဖွဲ့အစည်းတွေကို လူရားသွင်း စဉ်းစားဖို့ မလိုတော့ဘူးဆိုတာ သတိချပ်ရမယ့် အနေအထားကို ရောက်ရှိသွားပါပြီ။ တပ်မတော်ဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပေးခဲ့တာ NLD အစိုးရလက်ထက်ကတည်းကစပြီး နစကအစိုးရသက်တမ်းတလျှောက်မှာလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို တစ်ဖက်သတ် ထပ်မံတိုးမြှင့်ကြေညာပေးခဲ့တာတွေ အထင်အရှားရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ စစ်ဘုရင်ဝါဒကို တည်ထောင်လိုတဲ့ အဖွဲ့အစည်းတွေကတော့ အခွင့်အရေးရတာနဲ့ တိုက်မယ်။ အခြေအနေမဟန်ပုံပေါ်ရင် တရုတ်အားကိုးနဲ့ အပစ်အခတ်ရပ်စဲမယ်ဆိုတာက သိပ်ကို ကလေးကုလားဆန်တဲ့ လုပ်ရပ်ပဲ။ သစ္စာမရှိ၊ ကတိမတည်တဲ့ အဖွဲ့အစည်းတွေကို လူရာသွင်းပြီး စားပွဲဝိုင်းမှာ လက်ခံစကားပြောခြင်းဟာ အစိုးရတစ်ရပ်အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့မှ မသင့်လျှော်ပါဘူး။ မအပ်စပ်ပါဘူး။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေကို စော်ကားရာရောက်သလို ပြည်သူလူထုကို ဒုက္ခပေးမယ့် ပြည်ဖျက်မိစ္ဆာတွေကို မွေးထားတဲ့သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အလေးထားပြီး ရဟန်းရှင်လူ ပြည်သူများရဲ့ တောင်းဆိုမှုအပေါ် MNDAA, TNLA, AA အစရှိသော အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာပြီး စဉ်ဆက်မပြတ် နှိမ်နင်းဆောင်ရွက်ရေးကိုသာ အလေးထားလုပ်ဆောင်သင့်တယ်လို့ ရှုမြင်သုံးသပ်မိပါတယ်။ 

MNDAA, TNLA အနေနဲ့ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်းအပါအဝင် မြန်မာနိုင်ငံသား ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက လက်မခံနိုင်တဲ့ ဘာသာရေးစော်ကားမှုတွေကိုပါ မျက်နှာပြောင်တိုက် လုပ်ဆောင်ခဲ့ကြတဲ့ လုပ်ရပ်တွေက ဘယ်လိုမှ သမိုင်းမှာ ဖျောက်ဖျက်လို့ မရနိုင်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ သစ္စာမရှိ၊ ကတိမတည်တဲ့ အဖွဲ့အစည်းတွေကို ယုံစားလို့ ပုံမှားရတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့ရပေါင်းများလှပါပြီ။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ကျော်လာရင်တော့ဖြင့် ရဟန်းရှင်လူပြည်သူများရဲ့ တောင်းဆိုမှုကို အလေးထား ဆောင်ရွက်ပေးသင့်ပြီဟု ရှုမြင်သုံးသပ်မိပါကြောင်း။  ။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)