အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအစည်းအဝေး (၂/၂၀၂၄) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအစည်းအဝေး (၂/၂၀၂၄) ကျင်းပ



နေပြည်တော်၊ ဇူလိုင် ၆

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပူးတွဲကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပူးတွဲကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက လုပ်ငန်းအဖွဲ့များက အကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် အကောက်ခွန်ဦးစီးဌာနက Measures ၂၄ ခု၊ ကုန်သွယ်ရေး ဦးစီးဌာနက Measures ခုနစ်ခုနှင့် စားသုံးသူရေးရာဦးစီးဌာနက Measures နှစ်ခုတို့ကို ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်ကြပါကြောင်း၊ လုပ်ငန်းတိုးတက်မှု အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နှင့် မတ်လအတွင်း Measures ငါးခု ထပ်မံအကောင်အထည်ဖော်ပြီးစီးခဲ့သည့်အတွက် WTO Website တွင် ဖော်ပြထားသော မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုရာခိုင်နှုန်း (Implementation Rate) သည် ၁၈ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၇ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူစာချုပ်ကို   လက်တွေ့ အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပူးပေါင်းပါဝင်အကောင်အထည် ဖော်ကြရန်၊ တိုးတက်မှုအခြေအနေများ၊ တွေ့ကြုံရသော အခက်အခဲများနှင့် အကြံပြုချက်များကို ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ကုန်သွယ်မှုလွယ်ကူလျင်မြန် ချောမွေ့စေရေးနှင့် စပ်လျဉ်း၍ WTO Website တွင် ဖော်ပြထား ချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ က ကျင်းပခဲ့သည့် (၁/၂၀၂၄) အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ပြီးမြောက် မှုရာခိုင်နှုန်းမှာ ၁၈ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ် ဇွန်လတွင် ၂၇ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးတက် လာခဲ့ပြီး LDCs ၏ အကောင်အထည်ဖော်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း၊ WTO ၏ Trade Facilitation Database Website တွင် ဖော်ပြထားချက်အရ ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော်ပြီးမြောက်မှုရာခိုင်နှုန်းမှာ ၇၆ ဒသမ ၉ ရာခိုင်နှုန်းသို့ ရောက်ရှိ လာမည်ဖြစ်ပြီး၊ LDCs ၏ အကောင်အထည်ဖော်မှုရာခိုင်နှုန်းမှာ ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိလာ မည်ဖြစ်၍ ယခင်ကထက် ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့များအနေဖြင့် လုပ်ငန်း ဆောင်ရွက်မှု တိုးတက်မှုများကို ဆန်းစစ်မှုများ အမြဲပြုလုပ်ရန်နှင့် လိုအပ်ချက်များနှင့် အားနည်းချက် များကို ဝိုင်းဝန်းညှိနှိုင်း ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီအစည်းအဝေးကို အစီအစဉ်အတိုင်း ကျင်းပရာ ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့လေးဖွဲ့မှ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို တင်ပြကြရာ ကော်မတီဝင်များ၏ ဆွေးနွေးမှုများအပေါ် ကော်မတီဥက္ကဋ္ဌနှင့် ပူးတွဲကော်မတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်းဆွေးနွေး ကြသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေးတွင် သဘောတူညီခဲ့ ကြသော လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များက ဆောင်ရွက်ရမည့် အစီအမံများ သတ်မှတ် Definitive Date အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းစဉ်တစ်လျှောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

ယင်းနောက် ကော်မတီပူးတွဲဥက္ကဋ္ဌက နည်းပညာအကူအညီရယူရန် လိုအပ်သော Category C အောက်ရှိ Measures များ အကောင်အထည်ဖော်နိုင်ရေးနှင့် စပ်လျဉ်း၍ အကူအညီများရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အစိုးရဌာနများအနေဖြင့်လည်း ခေတ်မီလုပ်ထုံး လုပ်နည်းများဖြင့် အခွန်ကောက်ခံနိုင်ကြမည်ဖြစ်သည့်အပြင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေ ရေးသဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုများ ပိုမိုလျင်မြန် တိုးတက်လာခြင်းနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးရာရောက်သဖြင့် နိုင်ငံ၏စီးပွားရေးကို များစွာ အကျိုးပြုစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)