မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံ အမြန်လမ်းအကောင်အထည်ဖော်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံ အမြန်လမ်းအကောင်အထည်ဖော်ရေး ဆွေးနွေး


နေပြည်တော်၊ ဇူလိုင် ၁၃

ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတက်ရောက်ရန် နယူးဒေလီမြို့သို့ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အစည်းအဝေး” သို့ ပါဝင်တက်ရောက်ခဲ့သည်။

“မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံအစည်းအဝေး” သို့ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ် ဆတ်ငီယမ်ဖုန်တို့ တက်ရောက်ခဲ့ကြသည်။

ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုပူးပေါင်းရေး“မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံအစည်းအဝေး” ၌ ဝန်ကြီးများသည် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအပါအဝင်ကဏ္ဍစုံ၌ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အလားတူ မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံ အမြန်လမ်းအကောင်အထည် ဖော်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအပါအဝင် ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ်အေးချမ်းရေး အတွက် မြန်မာ - အိန္ဒိယ - ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

အလားတူ တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရေး အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

“သုံးနိုင်ငံ အစည်းအဝေး” ၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော် ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သုံးနိုင်ငံအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)